၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ယနေ့ ကြိုတင်မဲ စတင် ပေး ရာ လူစုလူဝေး ဖြစ်ပေါ်မှုနှင့် အခြားအခက်အခဲများကြောင့် မဲမပေးရဘဲ လှည့်ပြန်ကြသူများ ရှိနေကြောင်း မြန်မာသံရုံး အနီး ရှိနေသည့် ကိုညီညီထွန်းက ပြောသည်။
“ လောလောဆယ် ဒီနေ့တန်းစီတဲ့နေရာက လက်မခံတော့ဘူးကြားတယ်။ လူက ၂ ထောင်ကျော်လောက်ရှိမယ် ထင် တယ်။ ကျနော်တို့ကတော့ မပေးတော့ဘူး၊ ပြန်တော့မှာ။ ဆူဝမ်မြို့ကနေ လာတာ။ ၂ နာရီလောက်တော့ လာရတယ်။ ဘွတ်ကင်ယူဖို့ သွားမေးတော့လည်း ဒီနေ့တခါတည်း ယူဖို့အဆင်မပြေ၊ နောက်နေ့ သက်သက် လာယူရမယ်။ အဲဒီတော့ ၂ ခေါက်၊ ၃ ခေါက်တွေ ဖြစ်ကုန်ပြီ၊ ကိုယ်ကမဲပေးချင်တဲ့အတွက်တော့ လာရမှာပေါ့” ဟု ကိုညီညီထွန်းက ပြောသည်။

ယနေ့တွင် လူအများအပြားက ကြိုတင်မဲပေးရန် လာရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် မနက်ဖြန် အောက်တိုဘာ ၃ ရက်နေ့မှစတင်၍ အမှတ်စဉ်ကြိုတင်နံပါတ်အား တရက်ကြို ရယူစေပြီးမှသာ မဲပေးစေမည့် အစီအစဉ် ပြုလုပ်ရန် ပြောင်းလဲလိုက်ကြောင်း သံရုံးက ထုတ်ပြန်လိုက်သည်။
ယင်းအစီအစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဖြစ်သည့်အတွက် ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များ အနှောင့်အယှက် မဖြစ်ပေါ်စေရေး ကိုရီးယားနိုင်ငံ နယ်မြေခံရဲများ၏ လမ်းညွှန်ချက်အရ မနက်ဖြန်မှ စတင်၍ တနေ့လျှင် လူဦးရေ ၈၀၀ သာ လက်ခံပြီး ဆန္ဒမဲပေးစေမည်ဖြစ်ကြောင်းလည်း သံရုံးက ကြေညာ သည်။

ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ မဲရုံးဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှ ပြည်ပကြိုတင်မဲအဖြစ် ပုံစံ-၁၅ လျှောက်ထားသူ ၁၀,၁၆၉ ဦးရှိခဲ့သည့်အနက် ရွေးကောက်ပွဲ ကော်မရှင် က စိစစ်ပြီး ကြိုတင်မဲပေးခွင့်ရသူမှာ ၉၈၁၀ ဦးရှိခဲ့သည်။
ယင်းအတွက် မဲပေးခွင့်ရသူစာရင်းတွင် မပါဝင်သည့် ပုံစံ-၁၅ လျှောက်ထားခဲ့သူ ဦးရေ ၃၅၀ ကျော်အနေဖြင့် တင်ပြ မေးမြန်းထားမှုများအား သံရုံးသို့ အောက်တိုဘာ ၄ ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်ပို့နိုင်ပြီး ယင်းတင်ပြလွှာ များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ စုစည်းတင်ပြပေးမည်ဖြစ်ကြောင်းလည်း သံရုံးက ထုတ်ပြန် ထားသည်။
ယမန်နေ့က စင်ကာပူနိုင်ငံရောက် မြန်မာနိုင်သားများ ကြိုတင်မဲ စတင်ပေးရာ စနစ်တကျဖြင့် အဆင်ပြေ ချောမွေ့ကြောင်း သိရသည်။
You may also like these stories:
စနစ်တကျ မဲပေးခွင့်ရလာတဲ့ စင်ကာပူရောက် မြန်မာတွေရဲ့ ကြိုတင်မဲ












