သတင်း

၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲများ စပေး

Want create site? Find Free WordPress Themes and plugins.

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်မဲ ပေးခွင့်ရှိသူများ က မဲများ စတင်ပေးနေပြီ ဖြစ်သည်။

ယနေ့၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ အခြေအနေများကြောင့် မိမိတို၏ သက်ဆိုင်ရာ နယ်မြေများသို့ သွားရောက် မဲပေး နိုင် ခြင်း မရှိသူများအတွက် ပုံစံ ၁၅ ဖြင့် မဲပေးမည့်သူများ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော နိုင်ငံ့ဝန်ထမ်း များ၊ သက်ကြီးရွယ်အိုများ၊ ဆေးရုံတွင် ဆေးဝါးကုသနေသူများ၊ အကျဉ်းစခန်းများတွင် အချုပ်ကျခံနေရသူများ အပါအဝင် ကြိုတင်မဲ ပေးခွင့်သူများ အားလုံံး မဲစတင်ပေးနိုင်မည် ဖြစ်သည်။

ထို့ပြင် မဲရုံသို့ ကိုယ်တိုင် လာရောက် မဲမပေးနိုင်သော အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကိုဗစ်ကြောင့် Quarantine စင်တာများတွင် ရောက်ရှိနေသူများအတွက်မူ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများက အိမ်တိုင်ရာရောက် သွား၍ ကြိုတင်မဲ ရယူပေးလျက် ရှိသည်။

သင်္ယန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က “ဒီနေ့ကတော့ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို မဲဆန္ဒ ရှင်တွေကို ကြိုတင်မဲကောက်တာတွေ အဓိက ဆောင်ရွက်တာပေါ့။ ကျနော်တို့မြို့နယ်က Stay at Home ဆိုတော့ ကျန်း မာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆောက်ရွက်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

– ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ ကြိုတင်မဲ လာပေးကြသော အသက် ၆၀ ကျော်အရွယ် အဘိုး၊ အဖွားများ (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ယနေ့တွင် မဲရုံများသို့ ကိုယ်တိုင် ဆန္ဒမဲ လာပေးရန် အခက်အခဲ ရှိသော သက်ကြီးရွယ်အိုများကို ၎င်းတို့ အိမ်တိုင်ရာ ရောက် သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက် မဲရုံတာဝန်ရှိသူများ ပါဝင်သောအဖွဲ့များဖြင့် ဆန္ဒမဲ လိုက်လံကောက်ခံခဲ့သလို သက်ဆိုင်ရာ မဲရုံများသို့ ကိုယ်တိုင် ဆန္ဒမဲ လာပေးသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၂ တောင်ရပ်ကွက်နေ အသက် ၇၉ နှစ်အရွယ် ဦးသိန်းညွန့်က “အခု ကိုယ့်ရင်ထဲက ခံစားနေရတာ ဆိုရင် အဘ သေတောင် သေပျော်ပြီ။ မဲမထည့်ရသေးခင်တုန်း က စိတ်ကပူနေတယ် ငါဒီကြားထဲ သေသွားရင်တော့ ဒုက္ခပဲဆိုပြီး” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “နိုင်ငံသား တယောက် မဲပေး ဖို့ဆိုတာက အင်မတန်အရေးကြီးတဲ့ ကိစ္စ၊ သားစဉ်မြေးဆက်အတွက် တန်ဖိုးရှိတဲ့ မဲပါ။ အဘ တို့က ခေတ် ၃ ခေတ်က ကြုံတွေ့ခဲ့ရတာ။ ဟိုးအရင် ရွေးကောက်ပွဲတွေတုန်းကတော့ သူ့အခြေအနေနဲ့ အချိန်အခါကြည့်ပြီး မဲပေးခဲ့ရဖူးတယ်။ အခုကတော့ ကိုယ်ရင်ထဲက ရှိတဲ့အတိုင်း အရသာရှိရှိ ထည့်ခဲ့ရတာပေါ့” ဟု ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း Stay At Home သတ်မှတ်ထားသော တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒရှင် များအတွက် ကြိုတင်မဲ သွားရောက်ပေးနိုင်ရန် ခြွင်းချက်အနေဖြင့် သွားလာခွင့် ပြုထားသည်။

– ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ ကြိုတင်မဲ လာပေးကြသော အသက် ၆၀ ကျော်အရွယ် အဘိုး၊ အဖွားများ (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရခိုင်ပြည်နယ် တခုလုံး၊ ရန်ကုန်တိုင်းက ၄၄ မြို့နယ်၊ မွန်ပြည်နယ်၊ မန္တ လေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်တချို့ အပါအဝင် စုစုပေါင်း ၇၄ မြို့နယ်တို့ကို Stay At Home နေထိုင်ရေး အစီအစဉ် သတ်မှတ်ထားသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည် တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံး၌ ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် မဲဆန္ဒနယ်ပြင်ပကနေ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၁၅ နှင့် တင်ပြ လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်မှာ ရန်ကုန်တိုင်း၊ တာမွေ မဲဆန္ဒနယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်တိုင်း ဗဟန်း မဲဆန္ဒနယ်တို့အတွက် ကြိုတင် ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။

ကြိုတင်မဲပေးခွင့် ရှိသူများသည် ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ မဲပေးနိုင်မည် ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်မှာ ၁၀ ရက်သာ လိုတော့သည်။

You may also like these stories:

မဲစာအိတ်ပွင့်နေသည့် တပ်ကြိုတင်မဲ ထည့်မရေရန် မြို့နယ် ရွေး/ကော်ဆုံးဖြတ်

တပ်မဲများသည့် နေရာများကိုသာ ပြန်ဖွင့်ပေးသည်ဟုဆိုကာ UEC ထပ်မံ ဝေဖန်ခံနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading