သတင်း

ရခိုင်မှလာသည့် အထောက်အထားမဲ့ ၆ ဦး သင်္ဃန်းကျွန်းတွင် ထပ်မံ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၆ ဦးကို ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမကြီးပေါ်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်အတွင်း မသင်္ကာဖွယ် အမျိုးသားတဦးအား တွေ့ရှိ၍ စစ်ဆေး ရာမှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လာရောက်သည့် အထောက်အထားမဲ့ ရောက်ရှိနေသူ ၉၉ ဦးအား ဖမ်းမိခဲ့ပြီး ရက် ပိုင်းအတွင်း ယခုလို ထပ်မံ ဖမ်းဆီးရမိခြင်းလည်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်းက လေးထောင့်ကန်လမ်းမကြီး မေခအိမ်ရာ အရှေ့၌ ယောင်လည်လည် ဖြစ်နေ သည့် အဆိုပါ ၆ ဦးအား မသင်္ကာသဖြင့် အနီးနားမှ လုံခြုံရေးနှင့် ပြည်သူများက မေးမြန်းပြီး သတင်း ပေးပို့ခဲ့ရာမှ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ ကျော်စွာဦးက ပြောသည်။

၎င်းက “ကျောက်တော်ဘက်ကနေ လာတာ။ မလေးရှား သွားမယ်ပေါ့။ သူတို့ကို ငွေ ၁၀ သိန်းနဲ့ ပို့ပေးမယ်ဆိုပြီး ခေါ်လာတာပေါ့။ သူတို့အခေါ် ဘုတ်ပေါ့နော်။ စက်လှေကို ပြောတာ ထင်တယ်။ ဘုတ်နဲ့ လာတယ်။ နောက် အလုံပိတ်ကားနဲ့ ခေါ်လာတယ်။ အဲဒီ ကားသမားက ထားခဲ့တယ်ပေါ့။ သူတို့ကလည်း ပြန်အကူညီတောင်းတယ်။ သူတို့ကို စခန်းပို့ပေးပါတဲ့။ ထမင်းလည်း မစားရသေးဘူးပေါ့နော်” ဟု ရှင်းပြသည်။

အဆိုပါ ၆ ဦးမှာ အမျိုးသားများချည်း ဖြစ်ပြီး အသက်အရွယ်အားဖြင့် လူငယ်၊ လူလတ်ပိုင်းများ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးပြီးနောက် ၎င်းတို့ ၆ ဦးအား သင်္ဃန်းကျွန်းမြို့နယ် ပညာရေး ကောလိပ်ရှိ Quarantine စင်တာသို့ ပို့ထားကြောင်း သိရသည်။

ဒေါက်တာ ကျော်စွာဦးက “ကိုဗစ်ကာလမှာ ဒေသဖြတ်ကျော်မှုတွေ တင်းကျပ်နေတဲ့ကြားက ဒီလိုဘာလို့ လွတ်ထွက်လာ လဲဆိုတာ ကျနော်တို့လည်း စဉ်းစားစရာ ဖြစ်တယ်။ နယ်စပ်လုံခြုံရေး စသဖြင့် ဝင်ပေါက် ထွက်ပေါက်တွေကို ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ်နဲ့ တရားဥပဒေ စိုးမိုးမှုအပိုင်းကို ပိုလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ထောက်ပြ အကြံပြုသည်။

ယနေ့နံနက် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၏ ပြောပြချက်အရ အဆိုပါ ၆ ဦး၏ ကိုဗစ်-၁၉ စစ်ဆေးချက် အဖြေမှာ အားလုံး Negative ဖြစ်ကြောင်း၊ ၎င်းတို့အား ရွှေပြည်သာတွင် တွေ့ရှိခဲ့သူများနှင့် အတူထားရန် နေရာရွှေ့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဧရာဝတီက ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်အား ဆက်သွယ်မေးမြန်းရာ “ဒါ ချိတ်ဆက်မှု ရှိခြင်း မရှိခြင်းက ရဲနဲ့လဝက စစ်ဆေး ဆောင်ရွက်မှုတွေအပေါ်မှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကျမတို့ကတော့ တနေရာတည်းမှာ ပေါင်းစည်းထားနိုင်ရေး စီ စဉ်ထားတယ်။ နှစ်ခု သုံးခုခွဲပြီး လုံခြုံရေးပေးရတာ အခက်အခဲရှိတယ်။ ဒါကြောင့် ဒီ ၆ ဦးကိုလည်း ရွှေပြည်သာမြို့နယ်က ကွန်ပျူတာ တက္ကသိုလ်မှာပဲ ပေါင်းပြီး ထားပါမယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ရွှေပြည်သာတွင် ဖမ်းမိမှုနှင့် ပတ်သက်၍ ခေါ်ဆောင်လာသူ ပွဲစား ၄ ဦးအား အမှုဖွင့်ထားကြောင်း၊ ကျန်ဖမ်းဆီးရမိသူများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး Positive ဖြစ်ပါက ကိုဗစ်ကုသရေး စင်တာတွင် ထားရှိပြီး ကျန်သူများကို ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် လုံခြုံရေး အစောင့်အကြပ်များဖြင့် ထိန်းသိမ်းစောင့် ရှောက်ထားကြောင်း ပြောဆိုသည်။

ဒေါ်မိုးမိုးစုကြည်က “လဝက အက်ဥပဒေအရ လဝကက သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ နေရပ်ပြန်ပို့ရေးကို ဆောင်ရွက်ပါမယ်။ ကျန်တဲ့ တရားရေးအရ ဆက်လက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ရဲဘက်ကနေ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

ရဲနှင့် လဝကတို့၏ စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့လာခဲ့သည့် အရပ်ဒေသတွင် နေထိုင်စားသောက်ရေး ခက်ခဲမှုကြောင့် ပြည်ပထွက်ပြီး အမျိုးသမီးများက အိမ်အကူလုပ်ရန်၊ အမျိုးသားများက စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်ရန် ထွက်လာကြခြင်းဖြစ် သည်ဟု အများစုက ထွက်ဆိုကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ယခုလအတွင်း ဖမ်းဆီးရမိသည့် ရခိုင်ပြည်မှ အထောက်အထားမဲ့ ဝင်လာသူ ၁၀၅ ဦး ရှိပြီ ဖြစ်ပြီး ၅ ဦး၌ ကိုဗစ်ရောဂါပိုး (Positive) တွေ့ရှိရကြောင်း သိရသည်။

ယခုလ ၄ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့် အကွာတွင် တပ်မတော်(ရေ)စစ်ရေယာဉ် လုံခြုံရေးတပ်ဖွဲ့များက မသင်္ကာဖွယ် စက်လှေတစင်း ဝင်ရောက်ကြောင်း သတင်း ရ၍ နယ်မြေအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး သွားရောက်စစ်ဆေးခဲ့ရာ လှေလုပ်သား ၄ ဦးနှင့်အတူ အထောက် အထားမဲ့ ၇ ဦးအား ဖမ်းဆီးရမိခဲ့သေးသည်။

You may also like these stories:

မြဝတီ ကာစီနို၌ အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများထံမှ ကိုဗစ်ပိုးတွေ့

ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး

Did you find apk for android? You can find new Free Android Games and apps.
Loading