ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ် အစိုးရအနေဖြင့် ကူညီပေးရန် ဇန်နဝါရီလ ၁၂ ရက်က ကျင်းပသော ပြည်နယ် လွှတ် တော် အစည်းအဝေးတွင် အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုကို ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးဦးသန်းနိုင်က “ဒီအဆိုကို တင်လိုက်ခြင်းအားဖြင့် လာမယ့် မိုးရာသီမှာ ဒီလူတွေ လယ်ယာ ကိုင်းကျွန်းတွေကို စိုက်ပျိုး နိုင်ရေး အဆင်အသင့်ဖြစ်စေဖို့ အတွက် အခုကတည်းက ကြိုတင်ပြီးလုပ်ထားရမယ်။ ဒီလိုမလုပ်နိုင်ခဲ့ရင် အစိုးရအတွက် လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ်။ ဒါကြောင့်မို့ အခုကတည်းက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးထား ဖို့၊ နေအိမ် မီးလောင်သွားတဲ့သူတွေကို ပြန်လည် တည်ဆောက်ပေးဖို့ အစိုးရက လုပ်ပေးထားသင့်တယ်လို့ မြင်တဲ့အတွက် အဆို တင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆို၏ အပြည့်အစုံမှာ ရခိုင်ပြည်နယ်မြို့နယ် အသီးသီးသို့ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးဒုက္ခ သည်များ ကိုယ့်ဒေသ (ကိုယ့်ရပ်ရွာ) သို့ လုံခြုံ အေးချမ်းစွာဖြင့် ပြန်လည် သွားရောက် နေထိုင်နိုင်ရေးအတွက် ပိုမိုထိ ရောက်သော အကူအညီများ ပေးသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ဟူ၍ ဖြစ်သည်။
ကျောက်တော် စစ်ရှောင်စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ မုန့်သန်းပြင် ကျေးရွာသား ဦးကျော်စိန်ကလည်း နေရပ်ပြန်ချင် သော်လည်း မိုင်းအန္တရာယ်နှင့် ကျေးရွာအနီး တပ်စွဲ နေထိုင်ခြင်းများ ရှိနေသည့်အတွက် ရွာမ ပြန်ရဲကြောင်း ပြောသည်။
ဦးကျော်စိန်က “ကျနော်တို့ ရွာမ ပြန်ချင်တာ မဟုတ်ဘူး။ ရွာမပြန်ရဲတာ။ ရွာနားမှာ အခုထိ အစိုးရတပ်မတော်က တပ်စွဲနေ ထိုင်ကြတာ ရှိတယ်။ ပြီးတော့ ကျနော်တို့မှာ အိမ်တွေလည်း မရှိတော့ဘူး။ မီးလောင်ကုန်ပြီ။ လုပ်ကိုင်စားသောက်ဖို့က လည်း မိုင်းတွေကို ကျနော်တို့ ကြောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက်ပေါင်း ၄၀ ကျော်အထိ ကြာမြင့်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့၏ ဖြစ်ပွားခဲ့သော မီးဝဗျူဟာကုန်း တိုက်ပွဲအတွင်း မုန့်သန်းပြင် ကျေးရွာ အပါအဝင် ကုလားတန် မြစ်ကမ်းဘေးရှိ ကျေးရွာ၂၀ ကျော်မှာလည်း စစ်ပွဲကာလ အတွင်း မီးလောင်သွားခဲ့သည်။
စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ မင်းပြားမြို့ခံ ကိုအမ်းသားကြီးကလည်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် အတွက် မိုင်းအန္တရာယ်ကို ရှင်းလင်းပေးရန် လိုအပ်သလို ကျေးရွာအနီး စစ်ကြောင်းများ တပ်စွဲနေထိုင်မှုများကိုလည်း ပြန်လည် ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း ပြောသည်။
ကိုအမ်းသားကြီးက “စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ် ဆိုရင်တော့ အဓိက မိုင်းအန္တရာယ်ကို ရှင်းလင်းပေးဖို့ လိုအပ် တယ်။ ပြီးတော့ မီးလောင်ပျက်စီးသွားတဲ့သူတို့ အိမ်တွေကိုလည်း ပြန်လည် တည်ဆောက်ပေးဖို့ လိုတယ်။ အထူးသဖြင့် တော့ ရွာအနီးအနားတွေမှာ တပ်စွဲနေထိုင်တာတွေ ရှိတာကို ပြန်လည် ရုပ်သိမ်းပေးဖို့ လိုအပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
နေရပ်ပြန် စစ်ရှောင်ပြည်သူများ ဘဝ ရပ်တည်ရေးအတွက် လယ်ယာကိုင်းကျွန်းများ၌ စစ်ပွဲအတွင်း ကျန်နေခဲ့သော မြေမြှုပ်ဗုံးများသည်လည်း ဒေသခံပြည်သူများအတွက် အန္တရာယ် ရှိနေသောကြောင့် မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိကြောင်း ဦးဦးသန်းနိုင်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
၎င်းက “ရွာအနီးနားတွေမှာ မိုင်းတွေ ရှိတဲ့ဟာကို အစိုးရဘက်က လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ အခုက တိုက်ပွဲက ရပ်နေတာ၂ လကျော် လောက်ပဲ ရှိပြီ။ ဒါကြောင့် လက်ကျန်မိုင်းတွေကို ကချင်တို့မှာလို အစိုးရ BE တပ်တွေက ရှင်းလင်း ပေးသလိုမျိုး ရခိုင်မှာလည်း ရှင်းလင်းပေးစေချင်တယ်။ အခု ကျေးရွာတွေမှာ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုဖြစ်ပြီး တော့ အသေအပျောက်တွေ၊ ဒဏ်ရာရသူတွေ ရှိတယ်။ အဲဒီလို မဖြစ်ရအောင် အမြန် ရှင်းလင်းပေးစေချင်တယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress) ၏ ကောက်ခံထားသော စာရင်းအရ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန် လက်နက်ခဲယမ်းများ ပေါက်ကွဲ မှုကြောင့် သေဆုံးသူ ၃၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၆၇ ဦး ရှိကြောင်း သိရသည်။
ယခုလ ဇန်နဝါရီလ ၁၀ ရက်ကလည်း မင်းပြားမြို့နယ် စပါးထား ကျေးရွာတွင်း ကောက်ရသည့် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှု ဖြစ်၍ အမျိုးသမီး ၁ ဦး သေဆုံးကာ ရွာသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုနှင့် ပတ်သက်ပြီး မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံဆွေးနွေးခဲ့ ပြီး လွှတ်တော်တွင် ဆွေးနွေးသင့်၊ မသင့်ကို လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူ မရှိသည့်အတွက် လာ မည့် လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး ဧရာဝတီမှ အစိုးရအဖွဲ့၏ သဘောထားကို သိရှိနိုင်ရန် ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိ သူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
သုံးနှစ်နီးပါး အလွန် တိုက်ပွဲ ပြင်းထန်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) အဖွဲ့တို့ကြားတွင် ဂျပန်အစိုးရ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်သွားခဲ့ရာ ပြည်တွင်း ပြည်ပ စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကပင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
တပ်မတော်နှင့် စစ်ရေး အလွန် ပြင်းထန်ကာ သဘောထား တင်းမာခဲ့ကြသည့် AA သည် နိုင်ဝင်ဘာလ ၁၂ ရက်က ရခိုင် ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် အစိုးရနှင့် တပ်မတော်တို့အပေါ် မေတ္တာရပ်ခံ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ သည်။
AA ကြေညာချက် ထုတ်ပြီးသည့်နှင့် တပြိုင်နက် တပ်မတော်ကလည်း ချက်ချင်းဆိုသလို ထို ထုတ်ပြန်ချက်အပါ် ကြိုဆို လက်ခံကြောင်း သဘောထား ကြေညာချက် အပြန်အလှန် ထုတ်ပြန်ခဲ့ကြသည်။
ထို ထုတ်ပြန်ချက်များ အပြန်အလှန် ထုတ်ပြန်သည့်နေ့က စပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် သေနတ်သံများ ရပ်စဲသွားပြီး တိုက်ပွဲများလည်း ငြိမ်သက်သွားခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း စစ်ရှောင်၂ သိန်းကျော်အထိ ရှိခဲ့ရာ လက်ရှိအချိန်တွင် တိုက် ပွဲများ ရပ်စဲသွားသည့်အတွက် စစ်ရှောင် ၈ သောင်းခန့်မှာလည်း နေရပ်ပြန်သွားပြီ ဖြစ်ကြောင်း ရခိုင်အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။
You may also like these stories:
AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန် ANP အဆိုတင်
ရခိုင်စစ်ပွဲကြား မိုင်းထိသွားသော အပြစ်မဲ့ ပြည်သူများ
ရခိုင် ရွေးကောက်ပွဲ ပြန်ကျင်းပရန် လုံခြုံရေး အာမခံချက် မရှိသေး ဟု သမ္မတရုံး ပြော