အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သဘာပတိ ဦးဝင်းထိန်ကို ယမန်နေ့ည သန်းခေါင်ယံတွင် ၎င်းနေထိုင်ရာ မြောက် ဥက္ကလာပ နေအိမ်မှ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဦးဝင်းထိန်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းတွင် ထွက် ခွာလာခဲ့ပြီးနောက် ရန်ကုန်သို့ ညနေ ၅ နာရီခွဲလောက် ရောက်ရှိကြောင်း၊ ၎င်းနေထိုင်ရာ ရန်ကုန် မြောက်ဥက္ကလာပ နေအိမ်တွင် ည ၁၂ နာရီခွဲ၌ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်၏ သားဖြစ်သူ ကိုအောင်ခန့်ဝင်းထိန် (ခ) ကိုငယ်က ဧရာဝတီသို့ ပြောသည်။
ကိုအောင်ခန့်ဝင်းထိန်က “ကျနော်တို့ အခု ရှေ့နေတွေနဲ့ အဆက်အသွယ် ရတာကတော့ အဖေက ကျန်းမာရေး မကောင်း လို့ အကျယ်ချုပ် တောင်းဆို သွားမယ်လို့ သိရတယ်။ အသက်ကလည်း ၈၀ ရှိပြီ။ အခု ကျနော်တို့က အဖေ့အတွက် နေ ပြည်တော်ကို အောက်ဆီဂျင်စက်တွေ၊ ဆေးတွေ သွားပေးနေတယ်” ဟု ပြောသည်။
ဦးဝင်းထိန်အား ပုဒ်မ ၁၂၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ နေပြည်တော် ဥတ္တရသီရိခရိုင် ရဲစခန်းတွင် ရှိနေပြီး ချုပ်ရက်ရမန် ယူကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ “ကျမတို့ အန်ကယ်နဲ့ တွေ့ခွင့်မရသေးပါဘူး။ ဘယ်မှာ ထားလည်းလဲ မသိဘူး။ ဘယ်လို အနေအထား ရှိတယ်ဆိုတာလည်း မသိသေးပါဘူး” ဟု ဦးဝင်းထိန်၏ ရှေ့နေထံမှ သိရ သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ဦးဝင်းထိန်သည် သတင်းထောက်များနှင့် တွေ့ဆုံမေး မြန်းမှုတခု ပြုလုပ်ပြီး အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကိုသာ ဦးစားပေးသူ ဖြစ်ကြောင်း၊ တရားဝင်အစိုးရ၊ ပြည်သူလူထုက အခွင့်အာဏာ ပေးထား၊ ရွေးချယ်ထား သည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ခြင်းသည် မထူးဇာတ်ခင်းသွားခြင်း ဖြစ်ကြောင်း၊ ကိုဗစ် ကြောင့် တနိုင်ငံလုံး ဒုက္ခရောက်ပြီး စီးပွားရေးကျချိန် မထောက်မညှာ အာဏာသိမ်းခြင်းသည် အမြော်အမြင်နည်းပြီး အမြင် ကျဉ်းမြောင်းခြင်း ဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ပြောဆိုခဲ့သည်။
NLD ပါတီ၏ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တပ်မတော်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပို့/သွင်းကုန် ဥပဒေပုဒ်မ ၈၊ သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်အထိ ချုပ်ရက်ရမန် ယူထားသည်။
နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်လည်း အဖမ်းခံရကြောင်း ယနေ့ နံနက်ပိုင်းတွင် သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း အတည်ပြု စုံစမ်း၍ မရသေးပါ။
You may also like these stories:
ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော
သမ္မတပုံ မဖြုတ်ထား၍ တပ်အရာရှိက ရဲနှင့် ဌာနဝန်ထမ်းများအား ရိုက်နှက်ခဲ့