မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံကို ထိန်းချုပ်ထားသော အဖွဲ့အစည်းနှင့် ဆက်သွယ်ရန် လိုအပ်ချက်အရ စစ်တပ်က ခန့်ထားသော အရာရှိတဦးကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် သုံးနှုန်းခြင်းသည် မြန်မာစစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမဟုတ်ကြောင်း ဂျပန်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ဂျပန် ပါလီမန် အစည်းအဝေးတွင် ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် စစ်တပ်က ခန့်ထားသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရားဝင် မဝင်ကို သူ အဆုံးအဖြတ်မပေးကြောင်း ပြောသည်။
မိုတီဂီက စစ်ကောင်စီကို တရားဝင် အသိအမှတ်မပြုဘဲ “မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အစိုးရသစ် ပေါ်ပေါက်လာတယ်လို့ ကျနော်တို့ မယူဆဘူး” ဟုလည်း ပြောသည်။
ယခုအပတ်အစောပိုင်းက ဂျပန်နိုင်ငံသည် ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေး ဝန်ကြီးဟု သုံးစွဲဖေါ်ပြသောကြောင်း မြန်မာပြည်သူများက လူမှုကွန်ရက်တွင် ဝေဖန်ကြသည်။
စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးခြင်းက ဗိုလ်ချုပ်များက အရပ်သားများကို အကြမ်းဖက်မှုရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ အလျင်အမြန် ပြန်လည်ထိန်းသိမ်းရေး တိုက်တွန်းရန် အရေးပါကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် ကက်စုနိုဘူ ကာတိုကပြောသည်။
” မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးဖို့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ကျနော်တို့က (ဦး) ဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရည်ညွှန်းသုံးနှုန်းရပါတယ်။ ဒါပေမယ့် ဒီလိုသုံးနှုန်းတာဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီက ဆန္ဒပြသူတွေကို အကြမ်းဖက်တာကို ထောက်ခံတာ မဟုတ်ဘူး” ဟု ကာတိုက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
တနင်္လာနေ့ညက ဖေ့ဘွတ်တွင် တင်သည့် ဖေါ်ပြချက်တွင် ရန်ကုန်ရှိ ဂျပန်သံရုံးက သံအမတ် အီချီရို မာရူယာမသည် ထိုနေ့အစောပိုင်းက နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲအတွင်း စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် တိုကျို၏ သဘောထားကို နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သို့ပြောကြားခဲ့သည် ဟု ဖေါ်ပြခဲ့သည်။
မိုတီဂီကလည်း အင်္ဂါနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ဂျပန်သံအမတ်အကြောင်း ရှင်းလင်းတင်ပြရာတွင် ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သုံးနှုန်းသည်။
ဂျပန်သံရုံး၏ ထုတ်ပြန်ကြေညာချက်သည် ဖေ့ဘွတ်တွင် ဝေဖန်ရေးသားမှု ၇၉၀၀ ကျော်ရရှိခဲ့သည်။ “ဝဏ္ဏမောင်လွင်က ကျနော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးမဟုတ်ဘူး” ဟု ဖေ့ဘွတ်အသုံးပြုသူတဦးက ရေးသားပြီး အခြားသူတဦးကလည်း “သူ့ကိုဘယ်သူမှ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်အသိအမှတ်မပြုဘူး” ဟု ရေးသားသည်။
ကိုးကား။ ။ Kyodo
You may also like these stories:
အကြမ်းဖက်မှုရပ်ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ရန် စစ်ကောင်စီကို ဂျပန် တိုက်တွန်း
စစ်အာဏာသိမ်းအပြီး ဂျပန်-မြန်မာ ဆက်ဆံရေး ဘာလဲ ဘယ်လဲ