ဆောင်းပါး

စစ်အာဏာသိမ်းအပြီး ဂျပန်-မြန်မာ ဆက်ဆံရေး ဘာလဲ ဘယ်လဲ

မြန်မာနိုင်ငံ၏ နိုင်ငံရေး မငြိမ်မသက်မှု မြင့်လာသည်နှင့် အမျှ ဂျပန်နှင့် G7 အဖွဲ့ဝင် နိုင်ငံများ နှင့်အတူ အာဏာသိမ်းမှုကို အလျှင်အမြန် ရှုတ်ချခဲ့ပြီး တိုင်းပြည်က ဒီမိုကရေစီ နည်းဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ပြန်လည်ဖော်ဆောင် ရန်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့ကြသည်။

သို့သော်လည်း ဝါရှင်တန်နှင့် မတူသည်မှာ တိုကျိုက စစ်ခေါင်းဆောင်များနှင့် ဆယ်စုနှစ်များစွာ တည်ဆောက်ထားခဲ့သော ဆက်ဆံရေး ထိခိုက်ပျက်စီးစေခြင်းမှ ရှောင်ရှားရန်နှင့် ပြင်းထန်သော ဒဏ်ခတ်မှုများက မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သွားအောင် တွန်းပို့သလို ဖြစ်မည်ကို စိုးရိမ်သည့်အတွက် မြန်မာစစ်အစိုးရ အပေါ် ချမှတ်သည့် အရေးယူဒဏ်ခတ်မှုများကို အကောင်အထည်ဖော်ရေးတွင် သတိထား ဆောင်ရွက်ခဲ့သည်။

ဝေဖန်မှုများကို ကာကွယ်ရန် ဂျပန်နိုင်ငံက မြန်မာ့တပ်မတော်နှင့် ၎င်း၏ သံတမန်ရေးရာ လမ်းကြောင်းကို မတည်ငြိမ်သော အခြေအနေများအား ပြောင်းလဲပစ်ရန်နှင့် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းပေါ်သို့ ပြန်ရောက်စေရန် အလားအလာကောင်းအဖြစ် အမွှမ်းတင်ခဲ့သည်။

ဂျပန်နိုင်ငံက မြန်မာ့တပ်မတော်နှင့် အငြင်းပွားဖွယ်မရှိ ခိုင်မာသော ဆက်နွယ်မှုများရှိ နေပြီး ကြီးမားသော စီးပွားရေး အကူအညီများမှတဆင့် အခြေတကျ ပျိုးထောင်ထားပြီး ဖြစ်သော်လည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာပြည်တွင်းမှ အခြေအနေများနှင့် အကျွမ်းတဝင်ရှိသည့် အရာရှိများသာမက ဂျပန်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူများက တိုကျို၏ ကြိုးပမ်းမှု ထိရောက်မှုအပေါ် ကွဲပြားသော အကဲဖြတ်မှုများ ပေးခဲ့ကြသည်။

အကယ်၍ ဂျပန်သံတမန်များအနေဖြင့် ၎င်းတို့၏ ဆက်သွယ်မှုများက မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်စေရန် အသုံးချနိုင်သည်ဟု ကမာ္ဘ့ခေါင်းဆောင်များအား စည်းရုံးသိမ်းသွင်းခြင်း ကျရှုံးခဲ့ပါက မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဟန့်အတား ဖြစ်စေသော စီးပွားရေးအကူအညီများ ဆိုင်းငံ့ခြင်းကဲ့သို့ ပြင်းထန်သည့် အပြစ်ပေးအရေးယူမှုများ အနောက်နိုင်ငံများနှင့် ပူးပေါင်း ပြုလုပ်ရန် ဖိအားပေးခြင်း ခံရနိုင်ပါသည်။

တိုကျို၏ လမ်းကြောင်း

မြန်မာ့တပ်မတော်က နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်များကို ထင်ဟပ်သော လွှတ်တော် အစည်းအဝေး စတင်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုင်းပြည်၏ အရပ်သား အစိုးရကို ဖယ်ရှားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း တပ်မတော် လိုလားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက်ပင် ကိုယ်စားလှယ်နေရာ ပိုမိုနည်းပါးစွာ ရရှိခဲ့ခြင်းက ထိပ်တန်းဗိုလ်ချုပ်များကြား မကျေနပ်မှုများ ဖြစ်ပေါ်စေ ခဲ့သည်။

အာဏာသိမ်းပြီး များမကြာမီတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အဆင့်မြင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခဲ့သည်။ ရက်သတ္တပတ် အနည်းငယ် ကြာလာသည့် အချိန်တွင် ဆန္ဒပြသူများနှင့် တပ်မတော်ကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်မှုများ ပိုတိုးလာခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အာဏာသိမ်းမှုနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည့် ထုတ်ပြန်ချက်များကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေးကို တောင်းဆိုခဲ့သည်။ အာဏာသိမ်းမှုကို ပုန်ကန်မှုအဖြစ် ပြစ်တင်ရှုတ်ချထားသည့် G7 နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင်လည်း သူက ပါဝင်ခဲ့သည်။

Toshimitsu Motegi ၏ ရပ်တည်ချက်က ထိုသို့ရှိသော်လည်း ဂျပန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်း သို့မဟုတ် အကူအညီများ ရုပ်သိမ်းခြင်းကို နောက်တွန့်နေသည်။ အနည်းဆုံးအနေဖြင့် လက်ရှိအချိန်တွင် ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) စီမံကိန်းအသစ်များ ရပ်ဆိုင်းရန် စဉ်းစားနေသည်ဟု ဆိုသော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုကို “ ဒဏ်ခတ် အရေးယူမှု” တခုဟု ဖော်ပြလိမ့်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် Asahi Shimboun နေ့စဉ်သတင်းစာက ဆိုသည်။

ဘဏ္ဍာရေး အကူအညီ ကိန်းဂဏန်းများကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ အကူအညီ အမြောက်အမြား ပေးအပ်ထားသည်ဟု လူသိများသော တရုတ်နိုင်ငံမှလွဲလျှင် ဂျပန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး အကူအညီ အရင်းအမြစ် ဖြစ်သည်။ ဆိုလိုသည်မှာ အကူအညီ ရပ်ဆိုင်းသွားမှု မှန်သမျှသည် မြန်မာစစ်တပ်အတွက် ကြီးကျယ်သော ထိုးနှက်ချက် ဖြစ်လာလိမ့်မည်။

ဂျပန် အစိုးရဝန်ကြီးအဖွဲ့ အတွင်းရေးမှူး Katsunobu Kato က ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် Asahi ၏ သတင်းနှင့် ပတ်သက်၍ ငြင်းခဲ့သည်။

၎င်းတို့က စောင့်ကြည့်ချဉ်းကပ်သည့် နည်းလမ်းတခုကို ကိုင်စွဲထားသည် ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ အာဏာသိမ်းပြီးနောက် အခြေအနေကို တည်ငြိမ်စေရန် မြန်မာစစ်တပ်နှင့် ဂျပန်၏ သံတမန်ရေး လမ်းကြောင်းများ အကြောင်းကို နိုင်ငံခြားရေး တာဝန်ရှိသူများက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။

“ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တခုကို အားစိုက်ခွန်စိုက် ထောက်ခံခဲ့ပြီး ဒီလို ဖြစ်ပေါ်တိုးတက်မှုတွေကို ထောက်ပံ့ဖို့ အကူအညီတွေ ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပြောင်းပြန်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ကျနော်တို့ အလွန် ဝမ်းနည်းရပါတယ်။ ဂျပန်နိုင်ငံဟာ တပ်မတော် အပါအဝင် မြန်မာနိုင်ငံနဲ့ ဆက်သွယ်မှုလမ်းကြောင်း အမျိုးမျိုးရှိတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းထဲက နိုင်ငံတခု ဖြစ်ပါတယ်။ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် တခုကို တတ်နိုင်သမျှ အမြန်ဆုံးပေးဖို့ ကျနော်တို့က တပ်မတော်ကို တိုက်တွန်းသွားပါမယ်”ဟု နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Tomoyuki Yoshida က စစ်ဘက်ဆိုင်ရာ အပါအဝင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တိုကျိုက စတင် ဆက်သွယ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကိုယ်တိုင်လည်း အာဏာသိမ်းမှု ကြိုးကိုင်သူဟု ဆိုရမည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာက တိုကျိုတွင် တွေ့ဆုံပြီး ပြီးခဲ့သည့် နှစ် သြဂုတ်လက နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဂျပန်က တပ်မတော်နှင့် ၎င်း၏ ကြားမှ ဆက်ဆံရေးကို ခိုင်မာအောင် ပြုလုပ်ခဲ့ပြီး G7 နိုင်ငံများထဲတွင် အားအကောင်းဆုံး ဖြစ်ဖွယ်ရာရှိကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်သံတမန်ရေးရာ ကျွမ်းကျင်သူများက သဘောတူကြသည်။ သို့သော်လည်း ဂျပန်၏ သံတမန်ရေးကြိုးပမ်းမှုများက တပ်မတော်ကို ၎င်း၏ လမ်းကြောင်းမှ ပြောင်းလဲ သွားစေရန် လှုံ့ဆော်ပေးနိုင်သည့် အရိပ် လက္ခဏာ မတွေ့ရပါ။

တိုကျိုမြို့ရှိ Sophia တက္ကသိုလ်မှ ခေတ်သစ် မြန်မာသမိုင်းကို အထူးပြု လေ့လာသည့် ပါမောက္ခ တဦးဖြစ်သော Kei Nemoto က “တကယ်လို့ ဂျပန်က ဒီကြေညာချက်ရဲ့ သတင်းစကားကို ပေးပို့ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ရင်တောင်မှ မြန်မာဘက်က အရေးထားမှာ မဟုတ်ဘူး။ တကယ်လို့ ဂျပန်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းဖို့ ၊ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲရလဒ်တွေကို လေးစားလိုက်နာဖို့ သတင်းစကားနဲ့ အတူ သူတို့ရဲ့ ကိုယ်ပိုင်အနေအထားကို ရှင်းလင်းအောင် လုပ်တယ် ဆိုရင်တောင်မှ တပ်မတော်က အဲဒါတွေကို တခုမှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

သံတမန်နည်းလမ်း အရဆိုလျှင် မြင်သာသော ရလဒ်များကို ချက်ချင်း ရရှိရန်မှာ “ခက်ခဲလိမ့်မည်” ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တဦးက ဝန်ခံခဲ့သည်။

သို့သော်လည်း အပေါင်းလက္ခဏာ ဆောင်သော ရလဒ်များရရှိစေရန် ဂျပန်နိုင်ငံက ၎င်း၏ ဆက်ဆံရေးကို အသုံးချနိုင်မည်ဟု အခြားနိုင်ငံများက မျှော်လင့်နေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။ Toshimitsu Motegi နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken တို့က နိုင်ငံရေး ပြဿနာတွင် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြုလုပ်သော တယ်လီကွန်ဖရင့်၌ သဘောတူညီခဲ့ကြသည်။

ဝါရှင်တန်က မြန်မာတပ်မတော်နှင့် ခိုင်မာသော ဆက်ဆံရေး မရှိသောကြောင့် ဂျပန်နိုင်ငံအနေဖြင့် ယင်း၏ဆက်နွယ်မှုများကို တွန်းအားအဖြစ် အသုံးပြုရန် အမေရိကန်က တိုက်တွန်းခဲ့သည်။ ပြဿနာ ဖြေရှင်းရေးတွင် သူတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍ အသီးသီးကိုလည်း ပိုင်းခြား သတ်မှတ်နိုင်ခဲ့ကြောင်း အဆိုပါ ကွန်ဖရင့်နှင့် ပတ်သက်၍ သိရှိထားသည့် အခြား တာဝန်ရှိသူတဦးက ပြောသည်။

“တပ်မတော် ရဲ့ ရန်လိုမှုတွေ နည်းနည်းလောက် ဖြစ်ဖြစ် လျော့ကျစေဖို့ ဂျပန်နိုင်ငံက သူ့မှာ ရှိတဲ့ သြဇာလွှမ်းမိုးမှုတွေကို အသုံးချဖို့ မျှော်လင့်ချက်တချို့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်အရာရှိတွေက တပ်မတော် အရာရှိတွေနဲ့ အလျင်အမြန် တွေ့ဆုံနိုင်ခဲ့တယ် ဆိုရင်တောင် တပ်မတော်က တောင်းဆိုချက်တွေကို လက်ခံလိမ့်မယ် မဟုတ်ဘူး ဆိုတာ အမေရိကန်က နားလည်ပါတယ်။ အမေရိကန်က သူ့ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ဆက်လက်ပြီး တဖြည်းဖြည်းတိုးမြှင့် သွားလိမ့်မယ်” ဟု ပါမောက္ခ Kei Nemoto က ပြောသည်။

ရှုပ်ထွေးသောသမိုင်း

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ခဲ့ရပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားမှ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ်နှင့် ယှဉ်တွဲနေခဲ့ရသည်။

မည်သို့ပင် ဖြစ်စေ ဂျပန်က ဒေသတွင်းတွင် ၎င်း၏ တည်ရှိမှုကို တိုးမြှင့်နိုင်ရန် တပ်မတော်နှင့် သာမက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ နိုင်ငံရေးအရရော စီးပွားရေးအရပါ တက်တက်ကြွကြွ ထိတွေ့ ပတ်သက်ခဲ့သည်။

အရှေ့တောင် အာရှမှ မြန်မာနိုင်ငံနှင့် ဂျပန် နိုင်ငံတို့၏ ပတ်သက်မှုက ဒုတိယကမာ္ဘစစ်မတိုင်မီ ကထဲက ဖြစ်ပြီး နိုင်ငံက ဗြိတိန် လက်အောက်မှ လွတ်လပ်ရေးကို ကြေငြာရန် တိုက်ပွဲဝင်နေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဂျပန်စစ်တပ်၏ လျှို့ဝှက် ထောက်ပံ့မှု နှင့် စစ်ရေးလေ့ကျင့်မှု ရရှိခဲ့သည်။

သို့သော်လည်း ၂ နိုင်ငံလုံးတွင် ထိုအချိန်ကာလနှင့် ပတ်သက်၍ ကွဲပြားခြားနားသော သမိုင်းဆိုင်ရာ အဓိပ္ပာယ် ကောက်ယူမှုများ ရှိနေသည်။ ယနေ့ခေတ် တပ်မတော်၏ ရှေ့ပြေးဖြစ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) ကို ထိုစဉ်က ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသို့ ဂျပန်က စစ်ပညာလေ့ကျင့်ပေးခြင်းနှင့် လက်နက်များထောက်ပံ့ခြင်းအားဖြင့် ဗြိတိန်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကူညီခဲ့သော အခန်းကဏ္ဍကို ဂုဏ်တင်ခဲ့သည်။

တဘက်တွင်မူ မြန်မာက ဂျပန်ကို စစ်အတွင်းက ကျူးကျော်သိမ်းပိုက်သူတဦး အဖြစ် ရှုမြင်ခဲ့ပြီး ၎င်း၏ သမိုင်းတွင် ဒုတိယကမာ္ဘစစ် ပြီးဆုံးရေးသို့ ဦးတည်၍ ဂျပန်ကို တော်လှန်ခဲ့ကြောင်း ကိုယ့်ကိုယ်ကို အမွှမ်းတင်ခဲ့သည်။ ယခုအခါတွင် တပ်မတော်တွင်း၌ နက်ရှိုင်းစွာ အရိုးစွဲနေသည့် ဇာတ်ကြောင်းတခု ဖြစ်သော မြန်မာနိုင်ငံသည် အင်္ဂလိပ်နှင့် ဂျပန် နယ်ချဲ့ ၂ မျိုးလုံးကို အာခံခဲ့သည် ဆိုသည့် ဇာတ်ကြောင်းတခုကို ထူထောင်ခဲ့သည်။

မတူကွဲပြားသည့် ဇာတ်လမ်းများကို ၂ နိုင်ငံလုံးက သတိပြုမိသော်လည်း မြန်မာနိုင်ငံ အတွက် စီးပွားရေး အကူအညီနှင့် ဂျပန်နိုင်ငံ အတွက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ တခု ရရှိစေသည့် ၂ နိုင်ငံ ဆက်ဆံရေးအတွက် ထိုကိစ္စကို တမင်တကာ လျစ်လျူရှုထားခဲ့ကြောင်း ပါမောက္ခ Kei Nemoto က ပြောသည်။

“လွတ်လပ်ရေး ရပြီးတဲ့နောက် မြန်မာစစ်အရာရှိတွေက ”ဂျပန် ကြောင့် ငါတို့ လွတ်လပ်ရေး ရနိုင်ခဲ့တယ်” ဆိုတာလိုမျိုး လောကဝတ် စကားတွေ တိုကျိုကို ပြောခဲ့ကြတယ်။ အဲဒါဘာကြောင့်လဲ ဆိုတော့ မြန်မာဘက်က ဂျပန်ကို မြှောက်ပင့် ခြင်းအားဖြင့် စစ်လျော်ကြေးတွေနဲ့ ODA (စီမံကိန်းများ) ပိုပြီး လိုချင်လို့ ဖြစ်ပါတယ်။ ဂျပန်က (ချီးမွမ်းစကားတွေကို) အပြောသက်သက်ပဲဆိုတာကို သတိမပြုမိဘဲ ဒီနိုင်ငံက ဂျပန်ကို လိုလားသူလို့ ယုံကြည်ခဲ့တယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ စစ်ပြီးခေတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလျှင်ပင် တိုကျိုက ဂျပန် တည်ထောင်ပေးခဲ့သည့် ဘီအိုင်အေ (BIA) ၏ အစောဆုံး အဖွဲ့ ဝင်များထဲတွင် ပါဝင်သူ တဦးဖြစ်သော ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော အစိုးရက ဂျပန်ကို လိုလားလိမ့်မည်ဟု ယုံကြည် ခဲ့သည်။

၁၉၈၈ ခုနှစ်အထိ အာဏာကို ထိန်းသိမ်းထားခဲ့သော ဦးနေဝင်း၏ စစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အနောက်နိုင်ငံများ၏ ဝေဖန်မှုများ ခံခဲ့ရသည်။ သို့သော်လည်း ဂျပန်က စီးပွားရေးနှင့် နိုင်ငံရေးအကျိုးစီးပွားများကြောင့် ဆက်ဆံရေးကို ပျက်စီးစေမည့် စွန့်စားမှုများအတွက် ဆန္ဒ မရှိခဲ့ပါ။

၈၈၈၈ အရေးအခင်းကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အာဏာလွှဲပြောင်းယူခဲ့သော စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်။ ပြည်ပမှ ပြင်းထန်သော ဖိအားပေးမှုများ အောက်တွင် ဂျပန်သည် ၎င်း၏ အသံတိတ်ချဉ်းကပ်မှုကို ပြန်လည်ချိန်ညှိရန်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အလေးထားရင်း အနောက်တိုင်းနှင့် မြန်မာကြားမှ ကြားခံ ဆက်သွယ်ပေးသူ ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် စစ်အစိုးရက အရပ်သားတပိုင်း စစ်သားတပိုင်း အစိုးရ ထူထောင်ရန် ၂၀၀၈ ခုနှစ်တွင် ဆန္ဒခံယူ ပွဲကျင်းပခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးခဲ့သည်။ ထိုအရွေ့သည် ဒီမိုကရေစီသို့ ဦးတည်သည့် အပြုသဘော ဆောင်သော ခြေလှမ်းအဖြစ် ရှုမြင်ခဲ့သော ဂျပန်က မြန်မာနိုင်ငံသို့ ဘီလီယံနှင့် ချီသော ယန်းငွေများ အကူအညီ ပေးခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးနောက် ဝန်ကြီးချုပ် Shinzo Abe နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများက ၂ ဖက်လုံးနှင့် ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းရန် တပ်မတော် အကြီးအကဲနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့ကြသည်။ အမျိုးသား ကာကွယ်ရေး အကယ်ဒမီနှင့် ပြုလုပ်သည့် အစီအစဉ်မှ တဆင့် မြန်မာ လူငယ် တပ်မတော်အရာရှိများ ဂျပန်၌ ပညာသင်ကြားခဲ့ကြသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ကြွေးမြီများကို ပယ်ဖျက်ရန် သဘောတူရုံ သာမက ချေးငွေ အသစ်များကိုလည်း ကမ်းလှမ်းခဲ့သည်။ တချိန်တည်းမှာပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို မြင်တွေ့သည့် ဂျပန်စီးပွားရေး လုပ်ငန်း များက မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံက ၂၀၂၁ ခုနှစ်အထိ အကျုံးဝင်သည့် ယန်းငွေ ဘီလီယံ ၈၀၀ တန် အစိုးရ-ပုဂ္ဂလိက ODA နှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ကြေငြာခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန က ၂၀၁၉ ဘဏ္ဍာရေးနှစ် တခုတည်း အတွက် ODA အဖြစ် ယန်း ၁၈၉.၃ ဘီလီယံ သတ်မှတ်ပေး ခဲ့သည်။

ထို့ကြောင့် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် အဓိကကျသည်ဟု ယူဆရသော ဂျပန်နိုင်ငံ၏ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှုများအတွက် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော အရှက်တကွဲ ဖြစ်စေသော ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်။

တရုတ်ကို ဆက်လက် ထိန်းညှိခြင်းလား

လူ့အခွင့်အရေးသည် သမ္မတ Joe Biden အစိုးရ၏ အဓိက အရေးကိစ္စ ဖြစ်ကြောင်း အလေးအနက် ပြောရင်း အမေရိကန် ဘဏ္ဍာရေးဌာနက ယခုလအစောပိုင်းတွင် အာဏာသိမ်းမှုအတွက် တာဝန်ရှိသည်ဟု ယူဆရသည့် တပ်မတော် နှင့်ဆက်စပ်နေသော လူပုဂ္ဂိုလ် ၁၀ ဦး နှင့် အဖွဲ့အစည်း ၃ ခုကို အရေးယူပိတ်ဆို့မှု စတင်ခဲ့သည်။

အခြေအနေကို အာဏာသိမ်းမှုအဖြစ် ဖော်ပြခြင်းအားဖြင့် အမေရိကန်အတွက် အမာနည်းကို သုံးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါ။ အမေရိကန်၏ နိုင်ငံရပ်ခြား အကူအညီ ပေးရေး ဥပဒေတွင် စစ်တပ်မှ ဖြုတ်ချခံရသော မည်သည့် အစိုးရသို့မဆို ဝါရှင်တန်က အကူအညီများကို ရပ်တန့်ရန် ပြဌာန်းထားသောကြောင့် ဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ ထိုကဲ့သို့သော ဥပဒေများ မရှိပါ။

သို့သော်လည်း ပိတ်ဆို့အရေးယူမှု သက်သက်သာ ပါဝင်သည့် ချဉ်းကပ်မှုက မတည်ငြိမ်သော တိုင်းပြည်ကို စောင့်ဆိုင်းနေသော တရုတ်၏ လက်ထဲသို့ ရောက်ရှိ သွားစေဆွဲနိုင်ပါသည်။ တရုတ်နိုင်ငံက ဒေသတွင်း၌ ၎င်း၏ သြဇာကို တိုးချဲ့ရန် စိတ်အားထက်သန်နေသည်။

ODA ကို ချက်ချင်းဖြတ်တောက်ရမည်ကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စိုးရိမ်ရသည့် အကြောင်းရင်းတခုမှာ တရုတ်နိုင်ငံက ထိုကွက်လပ်ကို ဖြည့်ဆည်းရန်နှင့် စီးပွားရေး အကူအညီများမှ တဆင့် ၎င်း၏ အင်အားကို ပြရန် အားထုတ်လာနိုင်ချေ ရှိသည်။ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်ကို လုံးလုံးလျားလျား ယုံကြည်ကိုးစားရန် မဖြစ်နိုင်သော်လည်း ရှင်သန်ရပ်တည်ရေး အတွက် ကွန်မြူနစ်နိုင်ငံကြီးကို ဖက်တွယ်နိုင်ပါသည်။

၂၀၀၃ ခုနှစ်က ၎င်း၏ မြန်မာနိုင်ငံသို့ ပေးသော ODA အထောက်အပံ့ကို လျှော့ချခဲ့သည့် အချိန်တွင်မူ ဂျပန်နိုင်ငံက ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ မရှိခဲ့ပါ။ သို့သော်လည်း တရုတ်၏အင်အားက “ ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ် အတွင်း သိသိသာသာ ကြီးထွား လာခဲ့ပါတယ်” ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“အရာရာတိုင်း က ဒီလောက်မလွယ်ဘူးဆိုတာ အမေရိကန်က သတိထားမိ ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦး က ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ပြောသည်။ “အာရှနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ပထဝီ နိုင်ငံရေးအရ အခြေအနေသစ်တွေ ပေါ်ပေါက်လာနေတာကို အမေရိကန်က ကောင်းကောင်း သတိပြုမိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက တရုတ်နိုင်ငံကို သွယ်ဝိုက် ရည်ညွှန်း၍ ပြောသည်။

(Japan Times သတင်းဌာနမှ Japan’s ties with Myanmar put to the test after military coupကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အကြမ်းဖက်မှုရပ်ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ရန် စစ်ကောင်စီကို ဂျပန် တိုက်တွန်း

မြန်မာ့အရေး တရုတ်က အချက် ၃ ချက် အဆိုပြု တင်ပြ

တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော

Loading