ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကစလို့ နည်းပညာတွေလည်း အရမ်း မြင့်မားလာတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်း လိုက်နာမှု၊ စည်းစနစ် ကျမှုနဲ့ ကြိုးစားမှုတွေကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။
တကမ္ဘာလုံးက လူတွေကတော့ ဂျပန်နိုင်ငံကို ကမ္ဘာဂြိုလ်မှာရှိတဲ့ နိုင်ငံတခုနဲ့တောင် မတူဘူးလို့ ချီးမွမ်းပြောဆိုကြပါတယ်။ ဘာတွေကများ တခြားနိုင်ငံထက်သာပြီး ဘာတွေထူးဆန်းနေသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ဓာတ်လှေကားအစောင့်
တခါက ဂျပန်နိုင်ငံ၊ ဆာပိုယိုမြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုမှာ ဓာတ်လှေကားပျက်သွားပါတယ်။ ဓာတ်လှေကား အစောင့် တယောက်ကို ထားရှိပြီး ဓာတ်လှေကားပျက်နေကြောင်း၊ ပြင်ဆင်ဖို့အတွက် ကြိုးစားနေကြောင်းနဲ့ အခုလို ဓာတ်လှေကား ပျက်နေရတဲ့အတွက် မိမိတို့စင်တာက တောင်းပန်ပါကြောင်း ပြောဖို့ ထားပေးထားပါတယ်။ ဂျပန်နိုင်ငံသား တွေရဲ့ တာဝန်ယူမှုကတော့ အံ့သြစရာကောင်းလောက်ပါတယ်။
(၂) တန်းစီခြင်း
ဈေးဝယ်ပြီး ငွေရှင်းဖို့ တန်းစီတာတွေထက်တောင် ပိုပါသေးတယ်။ ဂျပန်နိုင်ငံသားတွေဟာ ရထားစီးဖို့တောင်မှ တန်းစီပြီးစောင့်ကြပါတယ်။ ဒီလိုတန်းစီတဲ့အခါမှာလည်း အမှိုက်ဖွခြင်း အော်ကြီးဟစ်ကျယ်စကားပြောခြင်းတွေ မလုပ်ကြဘူးလို့ သိရပါတယ်။
(၃) ပြသခြင်းနဲ့ ရောင်းချခြင်း
နိုင်ငံတော်တော်များများက စားသောက်ဆိုင်တွေမှာ မီနူးထဲက ပုံနဲ့ လာချပေးတဲ့ စားစရာ အရွယ်အစား၊ ပုံစံတွေ မတူလို့ စားသုံးသူတွေ မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်လေ့ရှိပါတယ်။ ဒီလို စိတ်အနှောင့်အယှက်တွေဟာ ဂျပန်နိုင်ငံမှာ ဖြစ်စရာမလိုပါဘူး။ သူတို့ဟာ ဘယ်လို စားသောက်စရာပဲ ဖြစ်နေပါ။ ပြသထားတဲ့ ပုံနဲ့ တူအောင် ပြုလုပ်ရောင်းချ လေ့ရှိပါတယ်။
(၄) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း
ဂျပန်လူမျိုးတွေဟာ ရာသီအလိုက်ပွင့်တဲ့ ပန်းတွေကို ဘယ်တော့မှ ခူးခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ သင်္ကြန်မတိုင် ခင်ပွင့်တဲ့ ပိတောက်ပန်းတွေကိုသူ့ထက်ငါ ဦးအောင် ခူးပြီးပန်တတ်ကြပေမယ့် ဂျပန်တွေကတော့ သူတို့ဆီမှာ ပွင့်တဲ့ပန်းတွေကို မခူးဘဲ အပင်ပေါ်မှာ လှပစွာပွင့်နေတာကို ဂုဏ်ယူစရာတခုအဖြစ် သတ်မှတ်ထားကြပါတယ်။
Ref; Brightside.com