သတင်း

မြန်မာ့အရေး တရုတ်က အချက် ၃ ချက် အဆိုပြု တင်ပြ

မြန်မာနိုင်ငံတွင် တင်းမာမှုလျှော့ချရေးအတွက် အချက် ၃ ချက်ပါသော အဆိုပြုချက် တခုကို တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္ဂနွေနေ့တွင် တင်ပြသည်။

ပထမအချက်မှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အုပ်စုအားလုံးအနေဖြင့် တည်တည်ငြိမ်ငြိမ် ချုပ်တည်းကာ ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်းမှ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ကိုင်ရန်ဖြစ်သည်။

လတ်တလောဦးစားပေးမှာ နောက်ထပ်သွေးထွက်သံယိုဖြစ်မှုများနှင့် ပဋိပက္ခများကို တားဆီးပြီး အခြေအနေကို အမြန်ဆုံး ပြေလျှော့အောင် လုပ်ဆောင်ရေးဖြစ်ကြောင်း တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်ညီလာခံ၏ သီးခြား သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒုတိယအချက်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် အားလုံးသဘောတူသော ဆုံးဖြတ်ချက်ချမှတ်ရေးမူကို ဆုပ်ကိုင်ပြီး ASEAN နည်းလမ်းဖြင့် ကြားဝင်စေ့စပ်ကာ ဘုံသဘောတူညီနိုင်သည့်အချက် ရှာဖွေခြင်းကို တရုတ်က ထောက်ခံသည် ဆိုသည့် အချက်ဖြစ်သည်။

မြန်မာနိုင်ငံ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ဆန္ဒကို လေးစားသည့်အခြေခံတွင် တရုတ်နိုင်ငံသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ထိတွေ့ဆက်ဆံ ဆက်သွယ်ရန်နှင့် မြန်မာနိုင်ငံတွင် တင်းမာမှုများ လျှော့ကျရေးအတွက် အပြုသဘောပါဝင်ရန် အဆင်သင့်ရှိသည်ဆိုသည့် အချက်ဖြစ်ကြောင်း ဝမ်ယိ ပြောသည်။

တတိယအချက်မှာ တရုတ်နှင့် မြန်မာသည် အေးအတူပူအမျှ အနာဂတ်ကို ခွဲဝေပိုင်ဆိုင်သည့် လူမှုအသိုက်အဝန်းတခုဖြစ်သောကြောင့် တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေး တိုးတက်စေရန် ကတိကဝတ်ကို တုံ့ဆိုင်းနေမည်မဟုတ်ဘဲ မြန်မာနိုင်ငံအခြေအနေ မည်သို့ဖြစ်စေကာမူ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် လမ်းကြောင်းမှ ပြောင်းလဲမည်မဟုတ်ကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူအားလုံးအတွက်ဖြစ်ကြောင်း သူပြောသည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာန်ိုင်ငံက နိုင်ငံရေးပါတီ အများအပြားနဲ့ ကျနော်တို့ နှစ်ပေါင်းများစွာ အပြန်အလှန်ဆက်ဆံခဲ့တယ်” ဟု ပြောပြီး တရုတ်န်ိုင်ငံနှစ် ချစ်ကြည်ရေးတည်ဆောက်ခြင်းသည် မြန်မာနိုင်ငံမှ ကဏ္ဍအားလုံးက သဘောတူထားသောအချက်ဖြစ်ကြောင်း ဝမ်ယိသည်။

တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်ကို နေပြည်တော်ရှိ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးများ မည်သို့တုန့်ပြန်မည်မှာ မရှင်းလင်းလှပေ။

ယခု ဝမ်ယိ၏ ကမ်းလှမ်းချက်မှာ မြန်မာ စစ်ဗိုလ်ချုပ်များသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်ချင်ကာ တရုတ်နှင့် ခပ်ခွာခွာနေလိုကြောင်း မြန်မာစစ်ကောင်စီက ငှားရမ်းထားသော အစ္စရေး-ကနေဒီယန်ကပြား လော်ဘီသမားက ပြောကြားလိုက်ချိန်နှင့် တိုက်ဆိုင်စွာ ပေါ်ထွက်လာခြင်းဖြစ်သည်။

You may also like these stories:

တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

ကုလသမဂ္ဂအထူးသံတမန်က အရေးယူရန်တောင်းဆိုသော်လည်း ဆန္ဒပြပွဲများကို ဆက်လက်ဖြိုခွဲ

Loading