သတင်း

အာဏာသိမ်း စစ်ကောင်စီ ဖိနှိပ်မှုကြောင့် မုံရွာဂေဇက် သတင်းဌာန ရပ်နား

စစ်ကိုင်းတိုင်း အခြေစိုက် မုံရွာဂေဇက် (The Monywa Gazette) သတင်းဌာနကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဧပြီ ၂၁ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် ဝင်ရောက် စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

မျက်မြင်များ၏ ပြောကြားချက်အရ မုံရွာမြို့ ကျောက္ကာလမ်းမကြီး နန္ဒဝန်ရပ်ကွက်ရှိ မုံရွာဂေဇက် သတင်းတိုက်ကိုသာမက ယင်းသတင်းတိုက်၏ စီးအီးအိုအိမ်ကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရကြောင်း သတင်းထောက်တဦးက ဧရာဝတီသို ပြောသည်။

၎င်းက “အစကတည်းက ရှောင်တာတော့ ရှောင်ပါတယ်။ ခုတော့ပိုပြီး သတိထားရတာပေါ့။ ဖေဖော်ဝါရီလကတည်းက ရုံးမတက်ကြတော့ဘဲ ရုံးပိတ်ထားပြီးတော့ပဲ အလုပ်လုပ်နေကြတာ။ အလုပ်လုပ်တယ်ဆိုတော့ သူတို့က ရုံးကို လာတာနေမှာပေါ့။ ရုံးက ပိတ်ထား၊ စီးအီးအိုအိမ်ကလည်း ပိတ်ထားတာ။ အစကတည်းက ရှောင်နေပြီးသားဖြစ်တော့ အဲဒီလို ဝင်ရှာတော့ မရှိဘူးပေါ့” ဟု ဆိုသည်။

ထိုကဲ့သို့ ဖြစ်စဉ်များ အပြီးတွင် မုံရွာဂေဇက် မီဒီယာလုပ်ငန်းများကို ရပ်နားကြောင်း ဧပြီ ၂၁ ရက်စွဲဖြင့် ၎င်းတို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် စာဖတ်ပရိသတ်များအား အသိပေး ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း အခြေစိုက် မုံရွာဂေဇက် ဂျာနယ်ထုတ်ဝေမှုကို ဖေဖော်ဝါရီလကုန်မှ စတင်ရပ်နားခဲ့ပြီး အွန်လိုင်းသတင်း တင်ဆက်မှုကိုပါ ဧပြီ ၂၁ ရက်မှစ၍ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အယ်ဒီတာအဖွဲ့၊ သတင်းထောက်၊ နယ်သတင်းထောက်များ၊ ရုံးအဖွဲ့များအားလုံး လုပ်ငန်းတာဝန်မှ ရပ်နားပြီး ဖြစ်သည်ဟုလည်း ကြေညာထားသည်။

ယင်းသတင်းဌာန၏ အယ်ဒီတာ ကိုသစ္စာက “တချိန်ချိန်ကတော့ ကျနော်တို့လည်း ဒီတိုင်းဖြစ်လာမယ်လို့ ထင်ပြီးသားပါ။ အဲဒီအတွက် လည်း ကြိုပြီးပြင်ထားတာပေါ့။ ကျနော်တို့ကတော့ မီဒီယာ ကျင့်ဝတ်အတိုင်း လုပ်စရာရှိတာ ဆက်လုပ်နေတာပေါ့။ ကျနော်တို့တယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလေ။ ဘုတ်အဖွဲ့၊ ပိုင်ရှင် ဆုံးဖြတ်ချက်အတိုင်းသွားရမှာပါ။ လတ်တလောတော့ အားလုံးနားသွားပြီ” ဟု ပြောသည်။

၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မုံရွာဂေဇက် သတင်းဌာနသည် ၂၀၂၁၊ ဧပြီ ၂၁ မတိုင်ခင်အထိ ဒေသတွင်း ဖြစ်ပျက်နေသည့် သတင်းများကို အချိန်နှင့်တပြေးညီ စဉ်ဆက် မပြတ် ရေးသားဖော်ပြနေသည့် သတင်းဌာန တခု ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ၂၁ ရက်အထိ လိုင်စင် ပိတ်သိမ်းခံရသည့် မီဒီယာ ၅ ခု၊ တရားစွဲခံထားရသည့် မီဒီယာ ၁ ခုရှိပြီး ဂျာနယ်လစ်ပေါင်း ၆၉ ဦးမှာလည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

အဆိုပါ ၆၉ ဦးအနက် ပြန်လွတ်လာသူ ၃၀ ဦး၊ ထိန်းသိမ်းခံထားရသူ ၃၉ ဦး၊ တရားစွဲခံထားရသူ ၄၀ ဦးနှင့် ဖမ်းဝရမ်းထုတ်ခံထားရသူ၂၁ ဦး (တရားစွဲခံထားရသူများမှ) ရှိကြောင်း သိရသည်။

မုံရွာမြို့မှာ မြို့ပေါ် ရပ်ကွက်များတွင်သာမက ကျေးရွာများအသီးသီးကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နေ့စဉ်မပျက် ဆန္ဒပြနေကြလျက်ရှိကြသည်မှာ ရက်ပေါင်း ၇၀ ကျော်ပြီ ဖြစ်သည်။

မုံရွာ သပိတ်စစ်ကြောင်းများကို ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူများပါ ရှိနေသည့်အပြင် မုံရွာလူထုသပိတ်တိုက်ပွဲ ခေါင်းဆောင် တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ဆိုင်ကယ်ဖြင့် တိုက်၍ ဖမ်းဆီးခဲ့သော်လည်း မုံရွာလူထု၏ စစ်အာဏာရှင် တော်လှန်ရေး အရှိန်မှာ လျော့မသွားဘဲ ယနေ့ထိ နေ့သပိတ်၊ ညသပိတ်စစ်ကြောင်းများစွာ ထွက်ရှိပြီး ဆက်လက် ဆန္ဒပြ ချီတက်နေကြလျက်ရှိသည်။

You may also like these stories:

မြောင်းမြမြို့က အလွတ်တန်း သတင်းထောက်တဦး ဖမ်းဆီးခံရ

ISP -Myanmar မှ ဝန်ထမ်းတဦး ဖမ်းဆီးခံရ

Loading