ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ပြည်နယ်ပညာရေးမှူးက ပညာရေး ဝန်ထမ်းများကို မေလ ၃ ရက်နေ့တွင် မိမိတို့ တာဝန်ကျရာ ကျောင်းများသို့ လာရောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
တနိုင်ငံလုံးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမများ အပါအဝင် ပ ညာရေး ဝန်ထမ်းများသည် ပြည်သူ့အာဏာ ဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပူးပေါင်းပါဝင်လျက်ရှိပြီး စစ်ကျွန်ပညာ ရေးစနစ်အောက်တွင် အလုပ်မလုပ်ရန် စည်းရုံးဆော်သြမှုများ ရှိနေချိန်လည်း ဖြစ်သည်။
ရခိုင် ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက“ကျောင်းတွေကို ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမတွေ၊ ရုံးဝန်ထမ်းတွေ ကို လာမယ့် မေလ ၃ ရက်နေ့ ကျောင်းတွေကို အရောက်လာဖို့ ပြောထားတယ်။ ရုံးချုပ်ကလည်း စာထွက်ထားတာ ရှိ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေခြင်းမှာ ရခိုင်ပြည်နယ်တခုတည်း မဟုတ်ဘဲ တ နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းဖွင့်လှစ်နိုင်ရန် နေပြည်တော်က စာထုတ်ထားခြင်း ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ရှင်းပြသည်။
ယင်းသို့ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများကို ခေါ်ယူထားသော်လည်း ကျောင်းသူ၊ ကျောင်းသားများကို စတင်လက်ခံမည့် နေ့ကိုမူ တိတိကျကျ ညွန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။
“ကျောင်းသားတွေကို ဘယ်နေ့စပြီး ကျောင်းလက်ခံမယ်ဆိုတာတော့ စာမထွက်သေးဘူး။ ဆရာ၊ ဆရာမတွေကိုလည်း ခေါ်ထားတာပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်မယ်ပေါ့” ဟု ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
မြေပုံမြို့နယ်အတွင်းက မူလတန်းပြ ဆရာမတဦးက လာမည့် မေလ ၃ ရက်နေ့တွင် ကျောင်းသို့ လာရောက်ရန် အကြောင်း ကြားလာသည့်အတွက် ၎င်းတာဝန်ကျရာ ကျောင်းသို့ သွားရောက်မည် ဖြစ်ကြောင်း ပြောသည်။
၎င်းက“မေလ ၃ ရက်နေ့ ကျောင်းကို အရောက်လာဖို့ အကြောင်းကြားလာတယ်။ ကျမတို့ကတော့ ခေါ်ရင်တော့ သွားရ မယ်ပေါ့။ ကျောင်းသားမိဘတွေကတော့ ကျောင်းဖွင့်မယ်ဆိုတာလည်း မသိကြဘူး။ စုံစမ်း မေးမြန်းတာလည်း မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော် ဒေသခံ ကျောင်းသားမိဘတဦးက” ကျာင်းဖွင့်ရင်တော့ ကလေးတွေကိုကျောင်းအပ်ရမှာပေါ့။ ဘာကြောင့် လဲဆိုရင် ပညာရေးက အရေးကြီးတယ်လေ၊ အခုကလေးတွေကျောင်းမတက်ရတာ ၂ နှစ်ရှိပြီ။ အသက်တွေလည်း ကြီး လာကြပြီ”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်က တိုက်ပွဲများကြောင့် ကျောင်းသား၊ ကျောင်းသူများ အပြည့်အဝ စာသင်ကြားနိုင်ခြင်း မရှိသလို ၂၀၂၀ ခုနှစ်တွင်လည်း ကိုဗစ်ကြောင့် ကျောင်များဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် စာ သင်နှစ် ၂ နှစ်အထိ အခြေခံပညာကျောင်းများ ရပ်နားထားခဲ့ရသည်။
တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အပါအဝင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်သူ အားလုံး သတ်မှတ်ရက်အတိုင်း မပျက်မကွက် ရုံးတက်ကြရန် အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးမှုများကို နေရာတိုင်းတွင် ပြုလုပ်လျက်ရှိသည်။
You may also like these stories:
မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ