တရုတ်နိုင်ငံဘက်မှ ကိုဗစ် စည်းမျဉ်းများနှင့် ကုန်တင်ကားများကို ကိုဗစ်ရောဂါ စစ်ဆေးမှုအတွက် နှုန်းထား တိုးမြှင့်ကောက်ခံမှုကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် မြန်မာကုန်ကားတစီးကို ကိုဗစ်ရောဂါ စစ်ဆေးမှုအတွက် တရုတ်ယွမ်ငွေ ၂၁၀၀ ( မြန်မာကျပ် ၄ သိန်းခွဲကျော်) သို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် အများ ဆုံး တင်ပို့နေသည့် ကုန်စည်ဖြစ်သော သစ်သီးများကို ကုန်သည်များက တွက်ချေ မကိုက်တော့သည့် အခြေအနေများကြောင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှု ရပ်ဆိုင်းထားလျက် ရှိကြောင်း မူဆယ်နယ် စပ်မှ သစ်သီးကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။
ယခင်က ကုန်ကားတစီးကို တရုတ်ယွမ် ၁၈၀၀ သာ သတ်မှတ်ထားပြီး ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်မှ စပြီး ယွမ်၂၁၀၀ သို့ တိုးမြှင့်ကောက်ခံလိုက်ခြင်း ဖြစ်သည်။
“ဖရဲသီးက အထဲမှာ ဈေးဘယ်လောက်ရမလဲ မသိသေးဘူး။ ကားတစီး တရုတ်နိုင်ငံထဲရောက်ဖို့က ကုန်ကျစရိတ်က ယွမ် ၃၅၀၀-၄၀၀၀ ( မြန်မာငွေ ၈ သိန်း မှ ၉ သိန်းဝန်းကျင်) လောက်ဆို တော့ ဘယ်လိုမှ မကိုက်တော့ဘူးလေ” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိအချိန်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် အနည်း ငယ်သာ အရောင်းအဝယ် လုပ်ဆောင်နိုင်လျက်ရှိပြီး ယခင် တရက်လျှင် ကုန်ကား ၁၀၀ မှ ၁၅၀ ခန့် တရုတ်နိုင်ငံဘက်သို့ ဝင်သော်လည်း ယခုတွင် အစီးရေ ၃၀ မှ ၄၀ ခန့်သာ ဝင်နိုင်တော့ကြောင်း မူဆယ်မှ မိန်မိန်း သစ်သီးပွဲရုံ၏ တာဝန်ရှိတဦးက ပြောသည်။
“ဖရဲသီးတွေ သခွားမွှေးတွေကတော့ ရပ်သလောက်နီးပါးတော့ ဖြစ်တယ်။ တချို့ကကျ စရိတ်က အရမ်းထောင်းရော ပြီးတော့ လမ်းမှာလည်း ရက်က ကြာတော့ အသီးတွေ ပုပ်တာတွေ ဘာတွေလည်း ရှိတော့ ပြည်တွင်းမှာပဲ ပြန်ရောင်းဖို့ ပြန်ဆင်းကြတယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးအပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုပြန်လည် မြင့်တက် လာခြင်းကြောင့် တရုတ်နိုင်ငံက အသွားအလာ ကန့်သတ်ခြင်းများကြောင့် မြန်မာ အလုပ်သမား အများ စုလည်း မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်လည် ဝင်ရောက်လာမှုလည်း အများအပြား ရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင် တွေ့ရှိခဲ့သော ပြီးခဲ့သည့် ၂၀၂၀ မတ်လကုန်ပိုင်းကစတင်ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးသည် တရုတ်နိုင်ငံဘက်က ချမှတ်သော စည်းမျဉ်းစည်းကမ်းများနှင့်သာ ကုန်သွယ်ရေးကို အကန့်အသတ်ဖြင့် လုပ်ကိုင်နေခဲ့ရသည်။
You may also like these stories:
နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်
ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်