စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ လက်အောက်သို့ ကျရောက်သွားသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ထဲရှိ ဒေသခံ ပြည် သူများ၏ အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း မင်းတပ်မြို့ အနီးရှိ တောထဲသို့ ရောက်ရှိနေသူများက ပြော သည်။
မင်းတပ်မြို့တွင် လူဦးရေ နှစ်သောင်းကျော်ရှိရာ လူလတ်ပိုင်း၊ လူငယ်ပိုင်း အမျိုးသားများမှာ မြို့ထဲတွင် မရှိတော့ဘဲ သက် ကြီးရွယ်အို၊ မသန်စွမ်းနှင့် ကလေးသူငယ် အများစုမှာ မြို့ထဲတွင် ဆက်လက် ကျန်ရှိနေကြောင်း၊ ၎င်းတို့သည် တိုက်ပွဲ မဖြစ် မီက သိုလှောင်ထားသည့် ရိက္ခာခြောက်တချို့ ဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီ၏ လက် နက်ကိုင်တပ်များက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF)မှာ နောက်ဆုတ်ပေး ခဲ့ရသည်။
ယင်းအခြေအနေတွင် မင်းတပ် ဒေသခံအိမ်တချို့ကို ချိုးဖျက်ဝင်ရောက်ခြင်း၊ အမျိုးသမီးငယ်တချို့ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်း၊ နေအိမ်တချို့ကို ပစ်ခတ်ခြင်းစသည့် ကိစ္စရပ်များကို စစ်ကောင်စီတပ်များက ကျူးလွန်နေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် စိုးရိမ်မိကြောင်း မြို့ ပြင်ရောက် ဒေသခံများက ပြောသည်။
“မြို့ထဲမှာ ကျန်နေတဲ့ အမျိုးသမီးတွေရော သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်းစွမ်းသူတွေကို စစ်ကောင်စီ ဘက်က မတရားပြုကျင့်တာပဲ ဖြစ်ဖြစ်၊ မတရားသဖြင့် လုပ်ဆောင်မှာကို တအားစိုးရိမ်တယ်။ ဒါမျိုး မလိုချင်ဘူး။ မြို့ ထဲမှာ ကျန်ခဲ့တဲ့သူတွေကို မနှိပ်ကွပ်စေချင်ဘူး”ဟု မြို့ ပြင်ရောက် မင်းတပ်ဒေသခံတဦးက ပြောသည်။
ထို့ကြောင့် မင်းတပ်မြို့ထဲတွင် ပိတ်မိနေသူများ လုံခြုံရေးကို တာဝန်ယူကြောင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ နေ အိမ်များကို ဖျက်စီးခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ပါဟု ဆိုသည့် စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်မျိုး ကြေညာပေး ရန် ဒေသခံများက လိုလားလျက်ရှိသည်။
မင်းတပ်ဒေသခံတဦးက“သူတို့ဘက်က မကူညီနိုင်ရင်တောင်မှ ကြီးလေးတဲ့ အပြစ်တခု ကျူးလွန်ထားတဲ့သူတွေလိုမျိုး မ ဆက်ဆံစေချင်ဘူး။ ဒါလေးပဲ စိုးရိမ်တယ်။ သူတို့အတွက်ပဲ စိုးရိမ်တယ်။ ပြီးတော့ မြို့ ထဲ ပြန်ဝင်ချင်တဲ့ ဒုက္ခသည်တွေကို မြို့ထဲပြန်ဝင်ချင်ရင်လည်း ခွင့်ပြုပေးစေချင်တယ်”ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က မင်းတပ်မြို့ထဲတွင် မြို့မနှစ်ခြင်း ဘုရားကျောင်းနှင့် ရိုမန်ကစ်သလစ်ကျောင်းတို့တွင် စစ် ရှောင်စခန်းနှစ်ခု ဖွင့်လှစ်ပေးထားသော်လည်း သွားရောက်ခိုလှုံသူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
စစ်တပ်ကမူ ၎င်းတို့၏ စစ်ရှောင်စခန်းများသို့ လာရောက် အကူအညီ ယူနိုင်ကြောင်း၊ လုံခြုံရေး၊ နေထိုင်စားသောက်ရေး တာဝန်ယူကြောင်း ပြောဆိုသော်လည်း ဒေသခံများက ယုံကြည်မှု မရှိပေ။
စစ်ကောင်စီဘက်က ဖွင့်လှစ်သည့် စစ်ရှောင်စခန်းများသို့ သွားရောက်ခြင်း မရှိဘဲ ဝက်မသွတ်ကျေးရွာရှိ တိုက်နယ်ဆေးရုံ တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်း၊ လုံရှဲကျေးရွာရှိ စစ်ရှောင်စခန်းများသို့ သွားရောက်ကြသလို တချို့မှာ တောထဲတွင် ရှိနေသည့် စစ်ရှောင်စခန်းများသို့လည်း တိမ်းရှောင်နေကြကြောင်း ဒေသခံ ကူညီပေးရေး အဖွဲ့များထံမှ သိရသည်။
မင်းတပ်မြို့ထဲတွင် ရှိနေသည့် ဒေသခံ အမျိုးသမီးတဦးက “စစ်တပ်ဘက်က နေရာတွေကို သွားဖို့ အဆင်မပြေသေးဘူး။ တခြားနေရာတခုကို သွားဖို့ စဉ်းစားနေတယ်။ ရွာတွေဘက် ကို ရှောင်ဖို့ပေါ့။ ယောက်ျားသားတွေက တောထဲမှာ ရောက်နေပြီ။ ပိုဆိုးမလား၊ မဆိုးဘူးလားဆိုတာ ပြောလို့ မရဘူး။ စစ်တပ်ဘက်ကို ပြန်ကြောက်နေရတယ်ဆိုတော့ ရှောင်နေဖို့တော့ စဉ်းစားထားတယ်”ဟု ပြောသည်။
မြို့ထဲရှိ မင်းတပ်မြို့ထဲရှိ အမျိုးသမီးများသည် ၎င်းတို့၏ လုံခြုံရေးနှင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမည်ကို စိုးရိမ်သဖြင့် မြို့ ပြင်သို့ ထွက်ကြကြောင်း၊ တောထဲသို့ ရောက်လာသူများကို အနီးစပ်ဆုံး စစ်ရှောင်စခန်းများနှင့် ချိတ်ဆက်မိနိုင်ရန် ကူညီပေးလျက်ရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည်။
“သူတို့ထွက်လာလို့ ရတဲ့ အုပ်စုလေးတွေကို ကျနော်တို့ ကြိုပေးတာပေါ့။ အထဲဝင်ကယ်လို့တော့ မရဘူး။ ပြည်သူလူထု အ ဝင်အထွက် နေရာအားလုံးကို စောင့်ကြည့်နိုင်တဲ့နေရာတွေမှာ ဂိတ်တွေချပြီးတော့ စောင့်ကြည့်နေကြတယ်။ ပြီးတော့ သွား လာနေတဲ့ အုပ်စုတွေကို လှမ်းပစ်တာတွေ ရှိတယ်။ ဒီနေ့တော့ မကြားရဘူး။ မနေ့က တချို့အုပ်စုတွေကို လှမ်းပစ်တာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။
မင်းတပ်မြို့ အဝင်အထွက်ကို လုံးဝ ပိတ်ထားခြင်း မဟုတ်သော်လည်း အလံဖြူထောင်၍ သွားလာမှုတချို့ ကို မေလ ၁၈ ရက်နေ့မှစ၍ ခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ဒေသခံများက ဆိုင်ကယ်များ ပြန်ယူခြင်း၊ အဝတ်အစားများ ပြန်ယူခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် ယနေ့ မေလ ၁၉ ရက်နေ့တွင် နေ့လယ် ၁၂ နာရီနောက်ပိုင်း မြို့ထဲသို့ အဝင်အထွက် ခွင့်မပြုတော့သဖြင့် ပြန် လာရသူများ ရှိကြောင်း၊ နောက်ရက်များတွင်လည်း နေ့လယ် ၁၂ နာရီနောက်ပိုင်း ကန့်သတ်မည်ဟု သိရသဖြင့် စောင့် ကြည့်ရမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သူတို့(စစ်တပ်)က အလံဖြူထောင်ရင် ကယ်ထုတ်လို့ ရတယ်လို့ ပြောတယ်။ မနေ့တုန်းက အလံဖြူထောင်ပြီး စစ်တပ်တွေ ကိုလည်း သူတို့ဘက်က ပြန်ရွေ့သွားတယ်။ ကား ၃ စီးလောက်နဲ့ပါ။ အဲဒါကြောင့် အလံဖြူထောင်တာကို CDF ဘက်က လည်း သဘောမကျဘူးလို့ သိရတယ်”ဟု မင်းတပ်မှ ကူညီကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
လက်ရှိတွင် မင်းတပ်မြို့ကို အချိန်ပိုင်းနှင့် မီးဖြတ်ခြင်း၊ ရေလုံးဝ ဖြတ်ခြင်းတို့ ပြုလုပ်ထားသဖြင့် ဒေသခံများတွင် အခက် အခဲများ ရှိနေကြောင်း၊ လူဦးရေ နှစ်သောင်းကျော်ရှိသည့် မင်းတပ်မြို့ တွင် လူဦးရေ နှစ်ထောင်ခန့်သာ မြို့ ပြင်သို့ ထွက်နိုင်သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်ပေမယ့် တာဝန်မကျေသလို ခံစားရတယ်။ ကျနော်တို့က ပြည်သူတွေကို ကာကွယ်ဖို့ ပြည် သူ့ ကာကွယ်ရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာ။ ဒီနေ့ အကုန်လုံး တောထဲရောက်နေတယ်။ မြို့ထဲမှာက အများစု ပြည်သူတွေ ကျန်ခဲ့တယ်။ ဒီအပေါ်မှာ ကျနော်တို့ ဘာမှ မကူညီနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်”ဟု မင်းတပ်မြို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ဝင်တဦးက ပြောသည်။
တိုက်ပွဲများ ပြင်းထန်ခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ချင်းတိုင်းရင်းသား မိသားစုတစုသည် တောထဲသို့ ထွက်ပြေးရာ ကိုယ်ဝန်ဆောင်မိခင်တဦးလည်း ပါဝင်ကြောင်း၊ တောထဲရှိ ချောင်းထဲတွင် ညအိပ်နားခိုစဉ် ကလေးတဦးမှာ မြွေကိုက်၍ သေဆုံးသွားခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်မှာလည်း ချောင်းထဲတွင် ကလေးမွေးဖွားခဲ့ရကြောင်း သိရသည်။
တောထဲရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများလည်း လိုအပ်နေပြီး အနီးရှိ ကျေးရွာတချို့ မှ အထောက်အပံ့များ ရရှိ သဖြင့် ဆက်လက် ရပ်တည်နိုင်သော်လည်း ရှေရှည်အတွက် မလွယ်ကူကြောင်း၊ ဆန်၊ ဆေးဝါးနှင့် စက်သုံးဆီ အရေး တကြီး လိုအပ်ကြောင်း သိရသည်။
ထို့ပြင် မင်းတပ်ဒေသသို့ ပြည်တွင်းပြည်ပ အကူအညီတခုမျှ ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း သိရသည်။
“ကျနော်တို့ရဲ့ လက်ရှိ ဒုက္ခက တနိုင်ငံလုံးရဲ့ လွတ်လပ်ရေးအတွက် ကြိုးစားမှုနဲ့ နှိုင်းယှဉ်ရင် သေးသေးလေးပါပဲ။ ကျနော်တို့ အောင်မြင်မှ ဖြစ်မှာ။ အောင်မြင်အောင် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ ဝိုင်းဝန်းဆောင်ရွက်ပေးမှာ ဖြစ်မှာပါ”ဟု မင်းတပ် ဒေသခံတဦးက ပြောဆိုခဲ့သည်။
You may also like these stories:
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်