လတ်တလောဖြစ်ပွားနေသည့် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ၊ စစ်သင်တန်းများနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရွေးကောက်ပွဲအနိုင်ရ အမတ်များနှင့် အမတ်ဟောင်းတချို့ပါဝင်ပတ်သက်နေကြောင်း အာဏာသိမ်း စစ်ကောင်စီ က စွပ်စွဲကာ သတင်းထုတ်ပြန်လျှက်ရှိနေသည်။
NLD အမတ်အချို့အနေဖြင့် ငွေပေး၍ဖောက်ခွဲမှုများ စေခိုင်ခြင်း၊ စစ်သင်တန်းတက်ရန် စီစဉ်ပေးခြင်း၊ ငွေကြေးပံ့ ပိုးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်ဒေသရှိ စစ်သင်တန်းဆင်းပွဲများတွင် တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မန္တလေးမြို့၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ လက်နက်များ ဖမ်းမိမှုတွင် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်အား NUG ၏ အနောက်ပိုင်းတိုင်း စစ်ဒေ သတာဝန်ခံအဖြစ် စွပ်စွဲထားပြီး တမူးမြို့ PDF များအတွက် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကတဆင့် အန္ဒိယရူပီး ၅ သိန်း (ကျပ်သိန်း ၅၀ ခန့်) ပေးပို့ထောက်ပံ့ခဲ့ကြောင်း စွပ်စွဲထားသည်။
ယင်းစွပ်စွဲမှုနှင့် ပတ်သက်ပြီး “ဘာစစ်တိုင်းတာဝန်ခံမှလည်းမဟုတ်ပါဘူး၊ တံဆိပ်ကပ်ပြီးတော့ ချောက်ချတဲ့ပုံစံ ပါပဲ။ ကျနော်က အမတ်လဲ မဟုတ်ဘူးလေ။ သူတို့ကိုလည်း အတင်းပဲပြောခိုင်းနေလားလဲမသိဘူးလေ။ ဖမ်းမိတယ် ဆိုတဲ့ လူတွေကိုလည်းမသိဘူး၊ ကျနော့အနေနဲ့ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်စခန်းကလူတွေကို ကူညီပေးနေတာ ပဲရှိပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
ယင်းအပြင် တောင်ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးညီညီနှင့် ဦးသိန်းနိုင် တို့အနေဖြင့်လည်း လူငယ်များစစ်သင်တန်းတက်ရောက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ဦးညီညီအနေဖြင့် တောင် ဒဂုံစက်မှုဇုံနှင့် တွံတေးမြို့နယ်တို့တွင် စစ်သင်တန်းပေးရာ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မေ ၂၉ ရက်နှင့် ဇွန် ၄ ရက်နေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစားများတွင် စွပ်စွဲဖော်ပြထားသည်။
ဦးညီညီက “သတင်းမှာပါလာတဲ့ ဖောက်ခွဲရေးတို့ ကျောင်းတွေဖျက်ဆီးရေးတို့ဆိုတဲ့ သတင်းမှာပါလာတဲ့ လူငယ် တွေ၊ အမည်တွေ တွေ့လည်းမတွေ့ဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ ချိတ်ဆက်တာတွေမရှိဘူး။ အပြင်မှာ လူချင်း တွေ့ဖို့ဆိုတာတော့ ဝေးရောပေါ့” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောထားသည်။
၎င်းတို့နည်းတူ အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်း၊ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နှင့် ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော်အောင်တို့ကိုလည်း KIA ထံလူငယ် များ စစ်သင်တန်းတက်ရောက်မှုနှင့် ပတ်သက်မှုရှိကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်းမရခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းအား အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းထားသည့် CRPH အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တဦးအဖြစ်လည်း ဇွန်လ ၈ ရက်နေ့ထုတ် သတင်းစာတွင် အချက်အလက်အမှားများဖြင့်ဖော်ပြထားသည်ကို တွေ့ရသည်။
စွပ်စွဲမှုနှင့်ပတ်သက်ပြီး ယင်းနေမှာပင် ဦးမျိုးဝင်းက လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ရှင်းလင်းထား ပြီး “ဘွဲ့လဲရ၊ မြေလျှိုးမိုးပျံတဲ့ အစွမ်းလဲရ၊ ငါ့စကားနွားရ ပြောတတ်ပါပေ့” ဟုလည်း တုန့်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ကံမမြို့နယ်၊ ထန်းဖြူးကျေးရွာ အနီးတောတွင်းမှ တိုက်ခိုက်ဖောက်ခွဲရေးနှင့် လေ့ ကျင့်ရေးပစ္စည်များအား လူ ၄ ဦးနှင့်အတူ ဖမ်းမိမှုနှင့်ပတ်သက်၍လည်း ကံမမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက တဦးလျှင်ကျပ်တသိန်းပေးကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သေနတ် ပြုလုပ်နည်းနှင့် ဖောက်ခွဲရေးသင်တန်းတက်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲဖမ်းဆီးခဲ့သည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင်များနှင့် လွှတ် တော်ကိုယ်စားလှယ်များအား အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိတွင်လည်း NLD ပါတီ ဖျက်သိမ်းနိုင် ရေး အာဏာသိမ်းအုပ်စုက ကြိုးပမ်းလျှက်ရှိသည်။
ယနေ့ဇွန်လ ၁၁ ရက်နေ့ထုတ် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံသတင်းစာတွင်လည်း မီးရှို့သူ ၄၉ ဦး၊ လူ သတ်မှုမှ ၆၁ ဦး၊ လက်နက်ခဲယမ်းကိုင်ဆောင်သူ ၂၅၆ ဦး၊ ဖောက်ခွဲသူ ၂၇၂ ဦးတို့အား လက်နက်ငယ် ၅၀ လက်၊ ကျည်မျိုးစုံ ၂၅၀၂ တောင့်၊ လက်လုပ်သေနတ် ၉၁၄ လက်၊ လက်လုပ်မိုင်း/ဗုံး ၅၉၄၇ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
You may also like these stories:
တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့