နေပြည်တော် ဒုတိယ မြို့တော်ဝန်ဟောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ဦးရဲမင်းဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သော်လည်း ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ၎င်းကို စွပ်စွဲထားသည့် ပုဒ်မ ၄၀၉ ဖြင့် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထုတ်သော် လည်း စစ်ဆေးခြင်း မရှိသေးဘဲ ယင်းအမှုကို ယာယီ ဆိုင်းငံထားကြောင်း၊ ထပ်မံ စွပ်စွဲထားသည့် အဂတိလိုက်စားမှုဖြင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရှေနေ့ အသိုင်းအဝိုင်းမှ သိရသည်။
၎င်းစွပ်စွဲခံထားရသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ မှာ“ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည် ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တ သက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
ဦးရဲမင်းဦးသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စီမံကိန်း မြေနေရာ ချထားပေးမှု တွင် လုပ်ထုံးလုပ်နည်းစည်းကမ်းများ ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အဂတိ လိုက်စားမှု ပုဒ်မ ၅၅/၆၃ ဖြင့် ထပ်မံ အမှုဖွင့်ခြင်း ခံထားရသည်။
“သူ(ဦးရဲမင်းဦး)ကတော့ ကျန်းမာရေး ကောင်းတယ်။ သားသတ်လွတ်သမားလည်း ဖြစ်တော့ အခုတော့ အဆင်ပြေနေပြီ။ အရင် နံရိုးထိတဲ့ ဒဏ်ရာကိုတော့ ကုပေးတယ်လို့ သိရတယ်။ အင်းစိန်ထောင်ကို ရောက်လာတော့ ကောင်းသွားပြီ။ နံရိုး ထိတာ ဟုတ်တယ်လို့ သူကိုယ်တိုင် ပြောတယ်”ဟု ၎င်း၏ ရှေ့နေတဦးက ပြောသည်။
၎င်းက ဆက်၍ “သူရဲ့ ၄၀၉ အမှုက ဒီတိုင်းပဲ Pending လုပ်ထားတယ်။ ရုံးကတော့ နှစ်ပတ်တခါ ပုံမှန်ထုတ်တယ်။ အမှု တော့ မစစ်ဘူး။ ဘာမှ မလုပ်သေးဘူး။ ၄၀၉ ကတော့ ဒဂုံမြို့နယ် တရားရုံးကနေ အဆွဲခံရတာပါ”ဟု ရှင်းပြသည်။
ဦးရဲမင်းဦးနှင့်အတူ အခြား NLD ခေါင်းဆောင်များ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးနိုင်ငံလင်း၊ ဦးစိုး လေး၊ ဦးဘမျိုးသိမ်းနှင့် NLD လူငယ် မမိုးဆန်းစုကြည်တို့လည်း အင်းစိန်ထောင်ထဲတွင် ရောက်ရှိနေကြပြီး အင်းစိန် ထောင် အထူးတရားရုံးများတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပဲခူးမြို့ တွင် အဖမ်းခံခဲ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီ မေမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့လည်း အင်းစိန်ထောင်ထဲတွင် ရောက်ရှိနေသည်။
ဒေါ်နီနီမေမြင့်၏ အမျိုးသား ကိုလင်းနိုင်က“ကျနော် အမျိုးသမီးလည်း အင်းစိန်ထောင်မှာပဲလို့ သိရတယ်။ ပြီးခဲ့တဲ့ ၅ ရက် လောက်က လှိုင်သာယာ တရားရုံးကနေ ထောင် ၃ နှစ် ချလိုက်တယ်။ ဘာပုဒ်မလဲတောင် မသိရဘူး။ အမိန့်ချတဲ့နေ့က တွေ့ ဖို့ စကားပြောခွင့်ရဖို့ ကြိုးစားတာလည်း မရလိုက်ပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် မေလဆန်းက ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ရှိနေစဉ် အဖမ်းခံခဲ့ရသည့် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဘမျိုးသိန်း၊ ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဌ ဦးစိုးလေး (ခ)ဦးစိုးဝင်းတို့မှာလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံရပြီး အင်းစိန်ထောင်တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကိုလည်း ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ထားပြီး အင်းစိန် ထောင်ထဲတွင် အမှုဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရပြီး အင်းစိန်ထောင်ထဲတွင်ပင် ရုံးထုတ်စစ်ဆေးခံရမည့် သူများမှာ NLD ပါတီ အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်မှုဆောင် ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါက်တာ မျိုးညွှန့်နှင့် ရန်ကုန်မြို့ စည်ပင် သာယာရေး ကော်မတီဝင်ဟောင်း ဒေါ်သန်းမြင့်အောင်တို့ ဖြစ်ကြောင်း သိရသည်။
NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သူ ဒေါက်တာ အောင်မိုးညိုကို ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ပုဒ်မ ၅၀၅ (ခ)ဖြင့် မကွေးမြို့ အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
You may also like these stories:
မြင်းခြံမှ NLD အမာခံထောက်ခံသူ ၂ ဦး စစ်ကြောရေးတွင် သေဆုံး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ရွေးကောက်ပွဲ တရားမဝင် အနိုင်ရရန် စစ်ကောင်စီကြံစည်နေဟု NLD သတိပေး