စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းရန် အကြံမှာ နောက်တကြိမ်ရွေးကောက်ပွဲတွင် တရားမဝင် အနိုင်ရရန် ဇာတ်ကွက်ဖော်နေခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်သည်။
“သူတို့သိတဲ့အတိုင်းပဲလေ။ လူထုထောက်ခံမှု အများဆုံးပါတီကို နိုင်စရာ အကြောင်းမရှိတော့ ရွေးကောက်ပွဲမတိုင်မီ NLD ကို ဖျက်သိမ်းဖို့ ကြိုးစားတာပေါ့” ဟု ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ အသက် ၇၀ ရှိပြီဖြစ်သော ဦးအောင်ကြည်ညွန့်က “ဒါပေမယ့် ဒါက မမျှတဘူး။ ပြည်သူလူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာ အစကတည်းကရှင်းနေတော့ လုပ်လို့ရမှာ မဟုတ်ဘူး” ဟုသူဆက်ပြောသည်။
NLD သည် ၂၀၁၅ ခုနှစ်ကကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ပြီး အာဏာရလာပြီး လွန်ခဲ့သောနှစ် နိုဝင်ဘာလက ကျင်းပသောရွေးကောက်ပွဲတွင် ပိုမိုကြီးမားစွာ ထပ်မံအနိုင်ရပြန်သည်။ NLD အစိုးရသည် ဒုတိယသက်တမ်း ဆက်လက်အုပ်ချုပ်ရမည်ဖြစ်သော်လည်း စစ်တပ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် ပါတီခေါင်းဆောင်အများစုကို ဖမ်းဆီးလိုက်သည်။
မည်သည့် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ့စောင့်ကြည့်လေ့လာသောအဖွဲ့ကမျှ ရွေးကောက်ပွဲတွင် မသမာမှု ကြီးကြီးမားမား မရှိကြောင်းပြောသော်လည်း စစ်တပ်က ရွေးကောက်ပွဲမသမာမှုကြောင့် အာဏာသိမ်းသည်ဟု အထောက်အထားမဲ့ အကြောင်းပြသည်။ စစ်ကောင်စီသည် ၎င်းတို့၏လက်ဝေခံပါတီ မရှုမလှ ရှုံးနိမ့်သော ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်လိုက်သည်။
ရွေးကောက်ပွဲသစ်ကျင်းပပြီး အနိုင်ရသူကို အာဏာလွှဲမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
စစ်ကောင်စီက စိတ်တိုင်းကျ ရွေးချယ်ထားသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးစိုးသိမ်းသည် မေလနှောင်းပိုင်းက နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပြီး NLD သည် ရွေးကောက်ပွဲမသမာမှု ကျူးလွန်သောကြောင့် ဖျက်သိမ်းရမည် ဖြစ်ကြောင်းပြောခဲ့သည်။
ပြည်သူလူထုထောက်ခံမှုကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ဖြင့် ပယ်ဖျက်နိုင်မည် မဟုတ်ကြောင်း ဦအောင်ကြည်ညွန့်ပြောသည်။
“ ပြည်သူရှိနေသမျှ NLD ရှိမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော စကားကို သူထပ်ပြောသည်။ စစ်ကောင်စီက NLD ကို ဖျက်သိမ်းရန် ကြိုးစားနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ထိုစကားကို ပြောကြားခြင်းဖြစ်သည်။
မည်သည့်နိုင်ငံရေးပါတီမဆို CRPH သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဆက်အသွယ်ရှိ မရှိကို လွန်ခဲ့သောအပတ်က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးသည်။ ထိုအဖွဲ့အစည်း နှစ်ခုလုံးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များ၊ မတရားသင်းများအဖြစ် ကြေညာထားသည်။
စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရအဖြစ် NUG ကို CRPH က ဖွဲ့စည်းခဲ့သည်။
အကြမ်းဖက် သို့မဟုတ် မတရားသင်းများနှင့် အဆက်အသွယ်ရှိပါက ပါတီများကို ဖျက်သိမ်းရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေက အာဏာပိုင်များကို လုပ်ပိုင်ခွင့်ပေးထားသည်။
ထိုလုပ်ရပ်သည် စစ်ကောင်စီက NLD ကို ဖျက်သိမ်းရန်ကြိုးစားသည့် လုပ်ရပ်ဖြစ်သည်ဟု မြင်ကြသည်။ NLD အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် CRPH နှင့် NUG တို့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခံထားရသည်။
ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်း အဖွဲ့ဝင်များနှင့် လူငယ်များအပါအဝင် NLD အဖွဲ့ဝင် ၂၀၀ ကျော် ဖမ်းဆီးခံထားရသည်။
NLD အဖွဲ့ဝင်အများအပြားသည် ယခင်စစ်အုပ်စုခေတ်က ဖမ်းဆီးခံရသော နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သည်။
“ပါတီရုံးတွေကို ချိတ်ပိတ်ထားတယ်။ ရပ်ကျေးအဆင့် ပါတီဝင်တွေကိုတောင် ဖမ်းတယ်။ ဒါပေမယ့် ပါတီကို အကြမ်းဖက်ရာဇဝတ်မှုနဲ့ ဖျက်သိမ်းလို့ မရဘူး” ဟု ဦအောင်ကြည်ညွန့်ပြောသည်။
လွန်ခဲ့သောနှစ်ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်ခံရသော ဝါရင့်နိုင်ငံရေးသမား ဦးအောင်ကြည်ညွန့်က စစ်အာဏာသိမ်းဆန့်ကျင်မှုများဖြင့် စတင်ခဲ့သောတော်လှန်ရေးသည် ဒီမိုကရေစီကို ဖေါ်ဆောင်ပေးမည်ဖြစ်ကြောင်းပြောသည်။
“ ကျနော်တို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ ကြိုးစားမှာပဲဖြစ်တယ်” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Senior NLD Member Warns of Myanmar Junta’s Plot for Illegal Electoral Win ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကို ထောက်ခံသူများအတွက် အရှုံးသာ ရှိမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်
နိုင်ငံရေး ပါတီများကို CRPH၊ NUG တို့နှင့် မဆက်သွယ်ဖို့ စစ်ကောင်စီ ဖိအားပေး
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း