မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကွမ်းစိုက်ရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမာ ခံထောက်ခံသူ ရွာသား ၂ ဦး စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၂၄ နာရီအတွင်း စစ်ကြောရေး၌ သေဆုံးသွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကွမ်းစိုက်ရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော် ဓားခုတ်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ကွမ်းစိုက်ရွာသား ၁၈ ဦးကို မျက်လုံးများစည်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဦးမြင့်ကျော်သည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည် သောက်ရန်အသွား မြင်းခြံမြို့နှင့် ကွမ်းစိုက်ကျေးရွာ ကြား ကားလမ်းမ တနေရာတွင် အမည်မသိ လူ ၂ ဦးက ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ရွာသားများကို စစ်ကြောရေးစခန်း တခုတွင် ရိုက်နှက်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အသက် ၃၆ နှစ် အရွယ် ကိုချစ်ကိုနှင့် အသက် ၅၅ နှစ်အရွယ် ဦးစိန်ဝင်းတို့ ၂ ဦးမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့်ပင် ညတွင်းချင်း သေ ဆုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “သေတာကတော့ ၁၅ ရက်နေ့ ညပိုင်းမှာပဲ သေတာပဲ။ သူတို့မှန်း ဘယ်သူမှ မသိဘူး။ ဖမ်းသွားတာ လူက ၁၈ ယောက်ဆိုတော့ အဲဒီထဲက ဘယ်သူ သေသွားမှန်း မသိဘူး။ မနက်ခင်းကျတော့ ဖမ်းသွားတဲ့သူတွေ ပြန်လွတ် လာတော့မှ သူတို့ မပါဘူးဆိုတော့ သေသွားမှန်း သိတာ” ဟု ဆိုသည်။
ဖမ်းဆီးသွားသည့် စစ်တပ်က အဆိုပါ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ပရဟိတ နာရေးကူညီမှုအသင်း တခုအား ခေါ်ယူမြှုပ်နှံခိုင်းခဲ့ပြီး ထိုကဲ့သို့ အလောင်းမြှပ်နှံခဲ့သည့် အကြောင်းအရာကို မဖော်ပြရန်လည်း ခံဝန်ထိုးခိုင်းခဲ့သည်ဟု သိရ သည်။
ဒေသခံတဦးက “အလောင်းကို သူတို့ဘာသာ မြှုပ်ပြီးသွားပြီ။ မြင်းခြံပရဟိတ နာရေးကူညီမှုအသင်းကို ခေါ်ပြီးတော့ မြှုပ် လိုက်တာ။ အဲဒီ နာရေးကူညီမှုအသင်းက ခံဝန်တွေဘာတွေ ထိုးရတယ်။ ဒီအကြောင်းတွေကို မဖော်ပြဖို့။ ပိုင်ရှင်မဲ့ အလောင်းဆိုပြီးတော့ မြှုပ်ခိုင်းတာ။ အိမ်ကိုကျတော့ ဆုံးပြီလို့ပဲ အကြောင်းကြားလိုက်တာ။ အလောင်းကိုတော့ ပြန်မပေး ဘူး” ဟု ပြောပြသည်။
သေဆုံးသွားသူ ၂ ဦးအနက် ကိုချစ်ကို၏ ဖခင်မှာ ကွမ်းစိုက်ရွာ NLD ပါတီဝင်တဦးဖြစ်ပြီး သေဆုံးခဲ့သူ ၂ ဦးမှာလည်း NLD ၏ အမာခံထောက်ခံသူများ ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်ထိ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြင်းထန် သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူ ၂၂ ဦး ရှိကာ ထိုအထဲမှ ၃ ဦးမှာ မိသားစုက အလောင်း ပြန် ယူခွင့် မရခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးသူ ၂၂ ဦးတွင် ၁၃ ဦးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး ၄ ဦးမှာ ၂ ရက်အတွင်း၊ ကျန် ၄ ဦးမှာ ရက်သတ္တပတ်အတွင်းနှင့် ကျန် ၁ ဦးမှာ ရက်သတ္တနှစ်ပတ်အတွင်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ထိုကဲ့သို့ အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခြင်းသည် အကြမ်းဖက် လုပ်ရပ်မျှသာ မဟုတ်ဘဲ လူမဆန် စွာ ပြုမူခြင်း၏ အထွတ်အထိပ်ပင် ဖြစ်ကြောင်း၊ ထို့ပြင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုနှင့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ၏ လုပ်ဆောင်လေ့ရှိသော နည်းနာတခုပင် ဖြစ်ကြောင်း AAPP က ပြောဆိုထားသည်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး