သတင်း

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (PDF)၏ အခြေစိုက်ရုံးကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်ရာ PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်။

ယနေ့မနက်ပိုင်း ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက PDF တပ်ဖွဲ့ဝင်များ ရှိနေသည့် ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၁၁ နှင့် ၁၁၂ လမ်းကြားရှိ နှစ်ထပ်အိမ်တအိမ်ကို ဝိုင်းဝန်းပစ်ခတ်ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များ သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ မီဒီယာဖြစ်သည့် မြဝတီရုပ်မြင်သံကြားကမူ PDF အဖွဲ့ဝင် ၈ ဦးကို အရှင် ဖမ်းမိပြီး အခြား ၄ ဦးကို သေဆုံးလျက် ဖမ်းမိကြောင်း သတင်း ထုတ်ပြန်ခဲ့သလို၊ စစ်ကောင်စီဘက်မှ ဒု ဗိုလ်မှူးကြီး ရာထူးရှိသူ တဦး၊ အခြား အရာရှိတဦးတို့ သေဆုံးကာ အခြားတပ်ဖွဲ့ဝင် ၃ ဦးထက် မနည်း ကျည်ထိမှန် ဒဏ်ရာများ ရရှိကြောင်း သီးခြားအတည်မပြုနိုင်သည့် သတင်းများအရသိရသည်။

မန္တလေး PDF ၏ မြို့ပြ ပြောက်ကျား တာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က “အခြေအနေက ကျနော်တို့ နေရာကို သူတို့ ရသွား ပြီ။ ၂ ဦးကျပြီး ၆ ဦးပါသွားတယ်။ အဲဒါကို ကျထားတဲ့ သူတွေကိုပါ မှောက်ခုံမှောက်ပြီး သူတို့က ၈ ယောက် ဖမ်းမိတဲ့ ပုံစံနဲ့ လုပ်ထားတာ။ ၆ ယောက်က အသက်ရှင်လျက် ရှိသေးတယ်။ သူတို့ဆီကို ပါသွားတာတော့ ဟုတ်တယ်။ လက်နက်က တော့ ၂ လက် ပါသွားပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ၆ ဦးထဲတွင် တဦးသည် သေနတ်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများနှင့် သေဆုံးသွားသူတို့သည် မန္တလေးမြို့ခံများ မဟုတ်ဘဲ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရန် မန္တလေး PDF တွင် တာဝန်ဖြင့် လာရောက် ပူးပေါင်းနေကြသူများ ဖြစ်ပြီး ၎င်းတို့ထဲတွင် CDM ပြုလုပ်ထား သည့် အစိုးရ ဝန်ထမ်းများ၊ ကျောင်းသားများ၊ လက်လုပ်လက်စား လုပ်ကိုင်သူများ ပါဝင်သည်ဟု ဗိုလ်ထွန်းတောက်နိုင် က ပြောသည်။

ယနေ့ မနက်ပိုင်းတွင် PDF အခြေစိုက် ရုံးခန်းကို စီးနင်းတိုက်ခိုက်ခံရသည်မှာလည်း စစ်ကောင်စီဘက်က သတင်း အတိ အကျ ရခြင်းကြောင့် လာရောက် တိုက်ခိုက်ခြင်း မဟုတ်ဘဲ ထွန်တုံးရပ်ကွက်အနီးရှိ လေးမျက်နှာဘုရား ဝန်းကျင်တွင် ဗုံးကွဲသည့် ဖြစ်စဉ်ကြောင့် လိုက်လံ ရှာဖွေရာမှ ပစ်ခတ်မှု ဖြစ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များက လေးမျက်နှာဘုရား ပတ်ဝန်းကျင်ကို တပ်ဖြန့်စစ်ဆေးနေချိန် စစ်ကောင်စီ သတင်းပေးသူတဦးက လူငယ် အမျိုးသားများ စုဝေးနေထိုင်သည့် အိမ်ကို ဝင်ရောက် စစ်ဆေးရန် လမ်းပြခဲ့ကြောင်း၊ စစ်ကောင်စီက စစ်ဆေးရန် လာရာတွင် PDF တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း လက်နက်များ ရှိနေသဖြင့် အစစ်ဆေး မခံရာမှ ပစ်ခတ်မှု ဖြစ်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ပြင်ဆင်ချိန် မရဘဲ စစ်ကောင်စီ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ထွန်းတောက် နိုင် က ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ သွေးအေးနေလို့ မရဘူးလို့ မြင်တယ်။ သူတို့ကို သွေးအေးနေလို့ မရတော့ဘူး။ ကျနော် တို့ လုပ်မှ ရတော့မယ်။ ဒီလို ဖြစ်လာပြီဆိုတော့ ကျနော်တို့ လုပ်ဖို့ စဖို့ အချိန်တန်ပြီလို့ပဲ ယူဆပါတယ်” ဟုလည်း ပြောဆို သည်။

စစ်ကောင်စီ တပ်များက PDF အခြေစိုက်ရုံးကို ဝိုင်းဝန်းတိုက်ခိုက်စဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများခွဲခြင်း အပြင် ပခုံးထမ်း RPG -7 ဖြင့်ပါ PDF တပ်ဖွဲ့ဝင်များ ရှိနေသည့် နှစ်ထပ်အိမ်အတွင်းသို့ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

PRG-7 ဖြင့် ပစ်ခတ်ခြင်းသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးက ရိုက်ကူးထားခြင်း ဖြစ်ပြီး ထိုရုပ်သံ မှတ် တမ်းထဲတွင် အရာရှိတဦးက RPG-7 ကို ပခုံးထမ်းထားသည့် ၎င်း၏ တပ်သားတဦးအား ပစ်ခတ်ရန် အမိန့်ပေးနေခြင်း၊ PDF ရုံးအတွင်းသို့ ပစ်ခတ်လိုက်ခြင်းများ ပါရှိသည်။

စစ်ကောင်စီသတင်းဌာန မြဝတီရုပ်မြင်သံကြားမှ ထုတ်ပြန်သည့် PDF ၈ ဦးသေဆုံးကာ ၄ဦး ဖမ်းမိသည်ဆိုသည့် သတင်း နှင့် ပတ်သက်၍ မန္တလေး PDF တပ်ဖွဲ့ဝင်များက မြဝတီဘက်မှ ထုတ်ပြန်သည်မှာ သတင်းအမှားသာ ဖြစ်ပြီး ၎င်းတို့ အဖွဲ့ ဝင်အားလုံးကို လူစိစစ်ထားရာ ၂ ဦးသာ သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရခြင်းသာ ရှိသည်ဟု ပြောသည်။

ထို့ပြင် မြဝတီသတင်းတွင် PDF တပ်ဖွဲ့ဝင်များထံမှ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနှင့် လက်နက်ငယ်အချိုကကို သိမ်းဆည်း မိ သည်ဟု ထုတ်ပြန်သော်လည်း PDF ဘက်က ၎င်းတို့မှ MA-1 သေနတ် နှစ်လက်တည်းသာ သိမ်းဆည်းခံလိုက်ရသည် ဟု ဆိုသည်။

မန္တလေး PDF ရုံး စီးနင်းခံရပြီးနောက် မြို့တွင်း ၄ နေရာထက်မနည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ကာ မြေအောက်လှုပ်ရှားမှုများ လုပ်နေသည့် အခြားအင်အားစုများကလည်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ မန္တလေး PDF ၏ မဟာမိတ် အာဏာရှင် တော်လှန် ရေး ပြည်သူ့တပ်မတော်ကလည်း ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးထားသည်။

မန္တလေးမြို့တွင်း ရပ်ကွက်အချို့ရှိ အရပ်သားများသည်လည်း PDF တပ်ဖွဲ့ဝင်အချို့ ထွက်ပြေး လွတ်မြောက်နိုင်ရန် အကူ အညီ ပေးခဲ့ကြကြောင်း သိရသည်။

ဒေသခံတဦးက “ဒီထွန်တုံးမှာ ပစ်ခတ်တော့ ဘူတာကြီးဘက် ကျုံးဘက်က တပ်တွေ ဆင်းချလာတယ်။ ဒီဘက်မှာလည်း ဟိုနေရာ ဒီနေရာ ဝိုင်းပစ်ကြတယ်။ လေးမျက်နှာဘက်ကဆို တချို့ဓားနဲ့တောင် ထွက်မယ်ဆိုပြီး ကြိမ်းနေတာ ရှိတယ်။ လူထုကတော့ စစ်ကောင်စီကို မုန်းနေတော့ လူငယ်တွေဘက်ကပဲ ကူကြဖို့ ရှိတယ်။ အခုလည်း ငြိမ်သွားပေမယ့် ညကျ ဘယ်အချိန်ဝင်စီးပြီး ဒုက္ခပေးဦးမလဲ မသိဘူး။ စိုးရိမ်နေရတာပေါ့” ဟု ပြောသည်။

မန္တလေး PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက်တွင် ပဲခူးတိုင်းရှိ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တို့ကလည်း မန္တလေး PDF ဘက်မှ ဝိုင်းဝန်း တိုက်ခိုက်ရန် အသင့်ရှိကြောင်း သတင်း ထုတ်ပြန်ထားကြသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းကာ ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသည့် လူထုအား ပစ်ခတ်သတ်ဖြတ် ခြင်း၊ ဖမ်းဆီးညှဉ်းပန်းခြင်းများ ပြုလုပ်ရာ နိုင်ငံတဝှမ်းမှ လူငယ်များသည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများသို့ သွားကာ စစ်ပညာသင်ယူခဲ့ကြသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးကလည်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ကို တည်ထောင်လိုက်ရာ တိုင်းနှင့် ပြည်နယ် အသီးသီးမှ စစ်ပညာ သင်ယူထားသည့် လူငယ်များသည် မိမိဒေသအလိုက် PDF တပ်များ ဖွဲ့စည်းကာ စစ်ကောင်စီကို တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိသည်။

မေလမှစ၍ ယနေ့အထိ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီကို PDF တပ်ဖွဲ့များက ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။

You may also like these stories:

မန္တလေး PDF ၏ အခြေစိုက်ရုံးခန်းအား အာဏာသိမ်းတပ် စီးနင်း

KNU နှင့် တိုက်ပွဲတွင် အာဏာသိမ်းတပ်က ၈ ဦးသေ၊ ၄ ဦးဒဏ်ရာရ

တော်လှန်ရေးအောင်နိုင်ဖို့ ဗမာလူငယ်တွေ ဘာလုပ်ရမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading