စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖမ်း ဆီး ခေါ်ဆောင်သွားသည့် ရွာသားတဦး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များ က ပြောသည်။
လယ်ဇင်ရွာတွင် ယမန်နေ့ ည ၉ နာရီဝန်းကျင်က စာသင်ကျောင်း၌ မီးလန့်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရွာသို့ ဝင်ရောက်လာကာ ပစ်ခတ်မှုများ ပြုလုပ်သည့်အပြင် ရွာသား အနည်းဆုံး ၃ ဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသွားသူ အသက် ၃၀ အရွယ် အမျိုးသားကို ယမန်နေ့ညက စစ်ကောင်စီတပ်များ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင် အလောင်း လာယူရန် မိသားစုကို အကြောင်းခဲ့ခြင်းဖြစ်ကာ၊ ၎င်းတွင် နောက်စေ့၌ ဒဏ်ရာကြီးမားမား ရရှိသည့် အပြင် ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

ရွာခံတဦးက “ည ၉ နာရီမှာ မီးလန့်တော့ ရွာက ငြှိမ်းလိုက်နိုင်တယ်ပေါ့။ ရွာက အသိစောတယ်။ နည်းနည်းပဲ ပြတင်းပေါက် တချပ်စာလောက် လန့်သွားက ငြှိမ်းလိုက်နိုင်တယ်။ ခဏနေတော့ စစ်ကားတွေ ဝင်လာတယ်။ အနည်းဆုံး ၃ စီး ဝင်လာ ပြီးတော့ ပစ်ခတ်တာမျိုးတွေ ရှိတာပေါ့” ပြောသည်။
ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ညတွင်းချင်းပင် ဒေသခံများသည် နီးစပ်ရာ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။
လယ်ဇင်ရွာသားတဦးက “တော်တော်များများကတော့ တောထဲမှာပဲ ပြောင်းနေကြတယ်။ ရွာထဲမှာ သိပ်မနေကြဘူး။ ရွာကလည်း မြို့နဲ့လည်း အလှမ်း မဝေးတော့ အချိန်မရွေး ဝင်လာပြီး ပစ်ကြခတ်ကြရင် အသက်ဆုံးရှုံးမှာ ဖြစ်တဲ့အတွက် တောထဲမှာ ရှောင်နေ ကြတယ်” ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အိမ်များအတွင်သို့ ဝင်ရောက် ရှာဖွေဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ပြီး ဒေသခံများ၏ ဆိုင်ကယ် အနည်ဆုံး ၃ စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ဒေသခံ တဦးက “နဂိုကတည်းကိုက လယ်ဇင်က NLD မှာ တော်တော် နာမည်ကြီးခဲ့တယ်လေ။ မဲဆွယ်စည်းရုံးတဲ့အခါမှာ လည်းပေါ့။ ဆိုင်းဘုတ်ကလည်း ရွာအဝင်မှာ အကြီးကြီး တခုထောင်ထားတယ်။ တရွာလုံးက NLD ပဲ ဆိုပြီး ဆိုင်းဘုတ် ထောင်ထားတာဆိုတော့ သူတို့ အဲဒါကိုလည်း မဲတာ ဖြစ်ချင်ဖြစ်မှာပေါ့။ တခြားကိစ္စကတော့ ထွေထွေထူးထူး မရှိဘူး” ဟု ပြောသည်။
လယ်ဇင်ရွာသည် မုံရွာမြို့နှင့် ၁ မိုင်ကျော်ကွာဝေးပြီး အိမ်ခြေ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။ ယနေ့ နေ့လယ်ပိုင်း တွင်လည်း အဆိုပါ ရွာအတွင်းသို့ စစ်ကားများ ထပ်မံ ဝင်ရောက်လာမှု ရှိသော်လည်း ရွာတွင်း လူသူမရှိသည့်အတွက် ပစ်ခတ်မှု မရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ
မော်လမြိုင်တွင် လူငယ်၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံး
မြင်းခြံမှ NLD အမာခံထောက်ခံသူ ၂ ဦး စစ်ကြောရေးတွင် သေဆုံး