မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အခြေစိုက်ရုံးခန်းကို ဝင်ရောက်စီးနင်းသဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
မန္တလေးမြို့၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၁၁ x ၁၁၂ လမ်းကြားတွင် ပစ်ခတ်မှုများမှာ ယနေ့မနက်ပိုင်း ၇ နာရီခွဲခန့်တွင် ပစ်ခတ်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
PDF အဖွဲ့၏ မြို့ပြပြောက်ကြားတာဝန်ခံ၊ ဗိုလ်ထွန်းတောက်နိုင်က “ကျနော်တို့ကို အနံ့ရသွားတာ။ အဲ့ဒီ့နေရာက ကျနော်တို့ရဲ့ အခြေစိုက်ရုံး သူတို့ကလာတာ။ သူတို့ လာတာ သိတော့ ကျနော်တို့က ပြန်ပစ်တာ။ နေရာက ၁၁၁ နဲ့ ၁၁၂ ကြား၊ ၅၄ လမ်းမှာပါ” ဟု ပြောသည်။
PDF တပ်ဖွဲ့များအနေဖြင့် ရုံးခန်းကို ရုတ်တရက် ဝိုင်းခံလိုက်ရပြီး တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားခြင်း မရှိသဖြင့် ဝိုင်းခံထားရသည့် ၎င်းတို့ ရုံးမှ ဆုတ်ခွာနေပြီဟု သိရသည်။

ဆက်လက်ပြီး ဗိုလ်ထွန်းတောက်နိုင်က “ကျနော်တို့ဘက်ကလည်း အခု ဒဏ်ရာ ရတဲ့ လူ ၃ ဦးရှိတယ်။ သတင်းကနဦး ကြားရတာပါ။ ဖမ်းမိတာတွေကလည်း အတိအကျ မသိရသေးဘူး။ လက်နက်တွေကတော့ ရုံးကို ဝင်စီးမိရင် ပါမှာ။ ဝင်မစီးရင်တော့ ဒီတိုင်း ရှောင်နိုင်တယ်ဆိုရင်တော့ မပါလောက်ဘူး” ဟု ပြောသည်။
စစ်ကောင်စီဘက်က ဝင်စီးနင်းချိန်တွင် PDF အခြေစိုက်ရုံးခန်း၌ ရှိနေသူများထံမှ ပစ်ခတ်ခံရသည့် ကနဦးသတင်းသာ သိရပြီး ဖမ်းဆီးခံရသူများ ရှိမရှိ နှင့် လက်နက်ခဲယမ်းများ ပါသွားခြင်း ရှိမရှိကို အသေးစိတ် မသိသေးကြောင်းလည်း ဗိုလ်ထွန်းတောက်နိုင်က ဆိုသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြချိတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များအပြင် ဗုံးသီးများဖြင့်ပါ အသုံးပြုပြီး ပစ်ခတ် သည်ဟု PDF ဘက်က ပြောသည်။

ထွန်တုံးရပ်ကွက်မှ ဒေသခံတဦးကလည်း “သူတို့ (စစ်ကောင်စီ)ဘက်က ညတုန်းက မရှိဘူး။ မနက် ၇ နာရီမှာမှ စရောက် လာပြီး ၅၄၊ ၁၁၁ ဘက်မှာ စပစ်တယ်။ တအားကြီးတော့ ဝရုန်းသုန်းကား ပစ်တာ မရှိဘူး။ ခန့်မှန်းခြေ ၈ နာရီနဲ့ ၈ နာရီခွဲ လောက်ထိမှာမှ အပြန်အလှန် ပစ်ကြတာ။ အခုထိတာ့ အိမ်တွေထဲကို ဝင်တာ မရှိသေးဘူး။ သူတို့က ညပိုင်းမှ အိမ်တွေထဲ ဝင်တာဆိုတော့လေ။ အခုတော့ ယောင်္ကျားလေးတွေကိုတော့ မဲမဲမြင်ရာ အကုန်ဆွဲနေတယ်” ဟု ပြောသည်။
အပြန်အလှန်ပစ်ခတ်ကြချိန်တွင် လက်နက်ငယ်အသံများအပြင် စက်သေနတ်ဖြင့် ပစ်သံများ၊ ဗုံးပေါက်ကွဲသံများလည်း ကြား ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ယနေ့မနက်ပိုင်းတွင် ထွန်တုံးရပ်ကွက်တွင်း ပစ်ခတ်မှု ဖြစ်ပွားသွားသဖြင့် ဒေသခံများမှာ ဆိုင်များ ၊ အိမ်တံခါးများ အားလုံး ကို ပိတ်ထားကြပြီး လမ်းပေါ်တွင်လည်း စစ်ကောင်စီတပ်များသာ ရှိနေသည်ဟု သိရသည်။
မန္တလေးမြို့အခြေစိုက် PDF တပ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံတွင် စစ်ပညာသင်ယူကာ မန္တလေးမြို့တွင်း ပြန်လာပြီး PDF အဖြစ် ဖွဲ့စည်းထားသည့် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်သည်။
PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှ တပ်ဖြစ်သည်။
You may also like these stories:
KNDF အပစ်ရပ်ကြေညာချက် ကရင်နီအင်အားစုအားလုံးကို ကိုယ်စားမပြု
ဒီးမော့ဆို၌ အမည်မသိအလောင်းများ ပြန့်ကြဲနေရာ ဒေသခံများ သဂြိုဟ်ပေးနေရ
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ