ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်ဘေးရှောင် ပြည်သူများ လုံခြုံရေးကို ငဲ့ညှာသည့် အနေဖြင့် ချင်းဒေသ ကာကွယ်ရေးတပ် (မင်းတပ်)က ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ ၁၄ ရက်ကြာ ယာယီ အပစ်ရပ်ထားရန် စစ်ကောင်စီနှင့် သဘော တူညီခဲ့သော် လည်း စစ်ဘေးရှောင်များအတွက် ယနေ့အချိန် အကျိုးဖြစ်ထွန်းမှု မရှိသေးကြောင်း သိရသည်။
အပစ်ရပ်ကာလတွင် စစ်ရှောင် ပြည်သူများ အနေဖြင့် မြို့ ထဲသို့ အဝင်အထွက် ရရှိသော်လည်း စားနပ်ရိက္ခာများ လွတ်လပ် စွာ သယ်ယူခွင့်၊ လောင်စာဆီ သယ်ယူခွင့်၊ မကျန်းမာသည့် လူနာသယ်ဆောင်ခွင့်များ ရရှိရန် လိုအပ်နေသေးကြောင်း ချင်းကာကွယ်ရေးတပ်မှ စစ်သားဟောင်းတဦးဖြစ်သူ ဆလိုင်းတူမီးက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင် တပ်များဘက်က ဒေသခံပြည်သူများ အနေဖြင့် မိမိတို့၏ နေအိမ်များသို့ ပြန်လည် နေထိုင်ခွင့် ရှိကြောင်း ပြောဆိုနေသော်လည်း စစ်ရှောင်များ၏ ၃၀ ရာခိုင်နှုန်းသာ မြို့ ထဲသို့ ပြန်ဝင်ကြပြီး ယင်းအထဲမှ တချို့မှာ လိုအပ် သည့် ရိက္ခာ ပစ္စည်းများ ရယူပြီးနောက် စစ်ရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
“ဆန်တွေကို လွတ်လွတ်လပ်လပ် သယ်လို့ မရဘူး။ ဆိုင်ကယ်နဲ့ဆိုရင် တအိတ်စီပဲ သယ်လို့ ရတယ်။ နှစ်အိတ်သယ်လို့ မရဘူး။ နှစ်အိတ်တင်လာရင် ချခိုင်းတယ်။ ဆိုင်ကယ်မှာ ထည့်တဲ့ ဓာတ်ဆီဆိုရင်လည်း နှစ်ပုံး၊ သုံးပုံး သယ်လို့ မရဘူး။ တစ်ပုံးပဲ သယ်လို့ရတယ်။ ငါးဂါလံထက် ပိုသယ်လို့ မရဘူး။ သွားလာရေးအတွက် လောင်စာဆီက မလောက်ဘူး”ဟု ဆလိုင်းတူမီးက ပြောသည်။
၎င်းကဆက်၍“ကျနော် အနေနဲ့ ပြောရရင် သိပ်အယုံအကြည်တော့ မရှိဘူး။ ဒီလို သဘောတူညီမှုတွေ အရင်တုန်းက လည်း ရှိခဲ့တယ်။ ဒါပေမယ့် ကတိမတည်တဲ့ အပိုင်းမှာကျတော့ တိုက်ပွဲ ပြန်ဖြစ်ကြတာပဲလေ။ အခုလည်း ကတိမတည် တာတွေ ဖြစ်လာရင် ဖြစ်နိုင်တယ်”ဟု ပြောသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြသဖြင့် အဖမ်းခံရသည့် လူငယ် ၇ ဦးကို ပြန်လွှတ်ပေးရန် မင်းတပ်ရဲစခန်းသို့ ပြီးခဲ့ သည် ဧပြီလ ၂၇ နေ့က သွားရောက်တောင်းဆိုးခဲ့ပြီးနောက် ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ရာ
ယင်းနောက်ပိုင်း ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ဖူးသည်။
ယင်းအပစ်ရပ်ကာလတွင် မင်းတပ်မြို့ထဲမှ စစ်ကားများ ဖြတ်သန်းပြီး ပလက်ဝမြို့သို့ သွားရောက်ခွင့်ပေးခြင်းများ ရှိခဲ့ဖူးပြီး မေလ ၁၂ ရက်နေ့တွင် အပစ်ရပ် ကြေညာထားမှု ပျက်စီးသွားပြီး တခါ တိုက်ပွဲများ ထပ်မံဖြစ်ပွားရာ ယခု ဇူလိုင်လ ၁၉ ရက်နေ့အထိ ဆက်တိုက် တိုက်ခိုက်ခဲ့ကြသည်။
ယခု အပစ်ရပ်ထားသည့် ကာလတွင် မည်သည့်ဘက်ကမျှ စစ်ကြောင်းများ မချီတက်ရန်၊ တပ်စွဲမှုနေရာများ အသစ် မပြု လုပ်ရန်၊ စစ်ရှောင် စခန်းများကို စစ်တပ်မှ လာရောက် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်၊ ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက် မပြုလုပ်ရန်နှင့် ရိက္ခာများ သယ်ယူခွင့် ရရှိရန်တို့ ဖြစ်ကြောင်း ချင်းပြည်သူ့ ကာကွယ်ရေးတပ်(မင်းတပ်)ထံမှ သိရသည်။
ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတဦးက“တဖက်ကို တဖက် ထိုးစစ်တွေ မလုပ်ကြဖို့။ သူတို့ ဘက်က လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်သွားမှာပေါ့။ ကျနော်တို့ အ ကြမ်းဖျင်း ပြောတာတွေကို သူတို့ဘက်က စောင့် ထိန်းသလားဆိုတာ စောင့်ကြည့် ရမှာပေါ့။ အခု အပစ်ရပ်ကာလကို တဖက်နဲ့တဖက် စောင့်ကြည့်ကာလအဖြစ် သတ်မှတ်ထားပါတယ်”ဟု ပြောသည်။
တူမီးနှင့် ခုခံတော်လှန်လျက်ရှိသည့် မင်းတပ်မြို့ ရှိ ဒေသခံ ကာကွယ်ရေး တပ်များနှင့် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား ၁၄ ရက်ကြာ အပစ်ရပ်စဲမှုတွင် စစ်ကောင်စီအတွက် ပြင်ဆင်ချိန်များ ရရှိ သဖြင့် ပိုအကျိုးဖြစ်ထွန်းလိမ့်မည်ဟု ဒေသခံများက ထင်မြင်လျက်ရှိသည်။
မင်းတပ် ဒေသခံ ဆလိုင်းတူမီးက“အပစ်ရပ်တာက စစ်ကောင်စီအတွက် ပိုအကျိုးရှိတယ်။ သူတို့ လိုအပ်တဲ့ စားနပ်ရိက္ခာ စု ထားဖို့နဲ့ သူတို့ ဗျူဟာတွေ ထပ်ဆွဲဖို့ အချိန်ပိုရသွားတယ်။ စစ်ဘေးရှောင်တွေ အတွက်ကျတော့ အခုထိ စားနပ်ရိက္ခာတွေ လွတ်လွတ်လပ်လပ် သယ်လို့ မရဘူး။ ကိုယ့်အိမ် ဘာဖြစ်နေတာလဲဆိုတာ ပြန်ကြည့်ခွင့် ရရုံလောက်ပဲ ရှိတယ်”ဟု ပြော သည်။
မင်းတပ်မြို့ တွင်းရှိ မိမိတို့၏ အိမ်များကို ပြန်ကြည့်သည့် အခါတွင်လည်း မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ လမ်းဘေးတွင် ကပ်လျက်ရှိသည့် အိမ်အများစုမှာ အဖောက်ခံထားရပြီး အိမ်တိုင်းနီးပါးတွင် ဆိုင်ကယ်များလည်း အခိုးခံခဲ့ရကြောင်း၊ အိမ် အများစုမှာ မွှေနှောက်ရှာဖွေ ခံထားရကြောင်း မင်းတပ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

မင်းတပ် ဒေသခံ အမျိုးသမီးက“ကျမမောင်လေးအိမ်က ဆိုင်ကယ် ၃ စီး ပါသွားတယ်။ ကားမှန်ကျတော့ သေနတ်နဲ့ ပစ်ခဲ့ တယ်။ အကို့အိမ်ကကျတော့ ဆိုင်ကယ်တစီး ပါသွားတယ်။ အသစ်ကြီးပါ။ အိမ်ထဲမှာထားတဲ့ အရက်တွေလည်း ယူသွား တယ်။ အဝတ်အစားအသစ်တွေ ပါသွားတယ်။ ချင်းရိုးရာ ဓားပလိုင်းတွေ ပါသွားတယ်။ ဘယ်သူ့ လက်ချက်လဲတော့ မသိ ပါဘူး။ ကိုယ်တိုင်လည်း မမြင်လိုက်ရဘူး”ဟု ပြောသည်။
၎င်းကဆက်၍ “တချို့ကလည်း မင်းတပ်မြို့ထဲမှာ သွားပြန်နေပြီ။ တချို့ကလည်း ကိုယ့်အိမ်ကိုယ် ပြန်ကြည့်တယ်။ ပစ္စည်း လေးဘာလေး ယူလာပြီးတော့ စစ်ရှောင်စခန်းတွေဆီကို ပြန်ရောက်လာတာလည်း ရှိတယ်။ ကျမကတော့ မြို့ထဲကို မပြန်ရဲ သေးဘူး။ စိတ်မချသေးလို့။ သွားဖို့တော့ အစီအစဉ် ရှိတယ်”ဟု ပြောသည်။
အပစ်ရပ်ကာလအတွင်း မင်းတပ်မြို့၏ အပြင်ဘက် ၅ မိုင်၊ ၆ မိုင်အကွာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီတပ်များ တပ်လာစွဲသည့်အခါ ဒေသခံပြည်သူများ ထပ်မံ ထွက်ပြေးကြသဖြင့် စစ်တပ်က ထွက်မပြေးကြရန် လိုက်လံခေါ်ယူသော် လည်း ဒေသခံများက နားမထောင်ကြကြောင်း သိရသည်။
“စစ်တပ်က ပြေးတာ မကြိုက်ဘူး။ မင်းတို့ ဘာလို့ ပြေးတာလဲ။ မပြေးနဲ့။ အပစ်လည်း ရပ်ထားတယ်ဆိုပြီး တပ်က ပြေးတဲ့ လူတွေကို လိုက်ပြောတယ်။ ပြည်သူတွေကလည်း စစ်တပ်လာတာ မြင်တာနဲ့ ကြောက်ပြီး ပြေးကြတယ်။ ပြည်သူကတော့ ပြေးမှာပဲ။ တပ်က မပြေးခိုင်းဘူး။ ပြည်သူက သူတို့ကို ကြောက်တာကိုး”ဟု စစ်ရှောင်ပြည်သူတဦးက ပြောသည်။
အပစ်ရပ်ပြီးနောက်ပိုင်းတွင် မင်းတပ်ဒေသ၌ တိုက်ပွဲကတော့ မဖြစ်ပွားတော့ဘဲ မင်းတပ်နှင့် မတူပီကြားရှိ ၁၀ မိုင်အထိ စစ်ကောင်စီ တပ်များဘက်က နေရာထွက်ယူထားပြီး ချင်းကာကွယ်ရေးတပ် (CDF)များဘက်က ၁၆ မိုင်တွင် ရှိကြောင်း၊ ပစ်ခတ်မှု မလုပ်ကြတော့ကြောင်း ဒေသခံများက ပြောသည်။
မင်းတပ် CDF ပြောရေးဆိုခွင့် ရှိသူကမူ အပစ်ရပ်ထားသဖြင့် အားလုံးအတွက် အသက်ရှု အနည်းငယ် ချောင်သွား ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက်လက် တိုက်ပွဲ ဝင်နိုင်သေးသော်လည်း သက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ရေရှည်တွင် အဆင်မပြေနိုင်တော့ကြောင်း ပြောသည်။
“တောထဲမှာ ပုန်းအောင်း နေရရင်းနဲ့မှ အသက်တွေ ဆုံးရှုံး ဖို့ အများကြီး ရှိလာတဲ့အတွက်ကြောင့် တဖက်နဲ့တဖက် အပစ် အခတ်က နည်းနည်း ငြိမ်းချမ်းနေသေးတယ်ဆိုရင် ပြည်သူတွေ နည်းနည်း အသက်ရှုချောင်သွားမယ်။ ဒီကြားထဲမှာ ပြည် သူတွေအနေနဲ့ စားဝတ်နေရေးသော်လည်းကောင်း၊ ရိက္ခာသော်လည်းကောင်း၊ ဆေးဝါးကုသမှုသော်လည်ကောင်း၊ အဲလို မျိုး နည်းနည်း အသက်ရှုချောင်သွားမယ်ပေါ့”ဟု ပြောသည်။
ထို့ပြင် ၎င်းတို့ တပ်ဖွဲ့ များနှင့် စစ်ရှောင်ပြည်သူများမှာလည်း တနေရာထဲတွင် အတူတူ နေထိုင်နေရသည့် အခြေအနေ ရှိပြီး စစ်ရှောင်များကလည်း ၎င်းတို့ CDF အဖွဲ့ များ ရှိပါက ပိုလုံခြုံသည်ဟု ဆိုသဖြင့် ခွဲမထားနိုင်ဘဲ ဖြစ်နေကြောင်း၊ စစ်ရှောင် များကို အခြားနေရာများသို့ ရှောင်တိမ်းနေရန် ပြောဆိုရန်မှာလည်း ပြောစရာ နေရာ များများစားစား မရှိကြောင်း ဆိုသည်။
“အခုလို အပစ်ရပ်တာဟာ ကျနော်တို့ ပြည်သူတွေကို သနားလို့ ကမ်းလှမ်းတာ မဟုတ်တာတော့ သေချာတယ်။ သူတို့ ခေါင်းထဲမှာ ဘာရှိမလဲ။ Image ကောင်း တခု တည်ဆောက်ချင်လို့လား။ တကယ်လို့ ၁၄ ရက် အတွင်းမှာ အပစ်အခတ် မရှိဘူးဆိုရင် အဲဒီအခါကျမှ သူတို့ကို ဘာလိုချင်တာလဲ မေးရမှာ”ဟု CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကရော ဘာတောင်းဆိုမှာလဲ။ ကျနော်တို့ဘက်ကတော့ စဉ်းစားထားတာတွေ ရှိတယ်။ စစ် ကောင်စီဘက်ကတော့ ဘာတောင်းဆိုမလဲဆိုတာ မသိရသေးဘူး”ဟု ပြောသည်။
၎င်းတို့ CDF အဖွဲ့ များသည် တနိုင်ငံလုံးနည်းတူ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေခြင်း ဖြစ်ပြီး မင်းတပ်ဒေသနှင့် ချင်းပြည်နယ်တခုတည်း အတွက် မဟုတ်ဘဲ တနိုင်ငံလုံးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
“ကျနော်တို့မှာ ပြင်ဆင်မှု မကောင်းတာတွေ၊ စုဖွဲ့ မှု မကောင်းတာတွေ အားနည်းချက်တွေ အများကြီး ရှိတဲ့ကြားက နှစ်လ၊ သုံးလအတွင်းမှာ တိုက်ပွဲတွေ အများကြီး ကြုံတွေ့ ခဲ့ရတယ်။ ကျဆုံးသွားတဲ့ ရဲဘော် တယောက်ချင်းစီက ကျနော်တို့ရဲ့ အာ ဇာနည် ဖြစ်တယ်။ တိုက်ပွဲတိုင်းကလည်း ကျနော်တို့ရဲ့ သင်ရိုးညွှန်းတမ်းတွေပဲ”ဟု CDF အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ တဦး က ပြောဆိုခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မင်းတပ်ဒေသတွင် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်မှ ၁၂၃ ဦး၊ ချင်း ကာကွယ်ရေးတပ်များဘက်မှ ၄၅ ဦးနှင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း CDF များဘက်က သတင်းထုတ်ပြန်ခဲ့ သည်။
You may also like these stories:
တူမီးဖြင့် ခုခံသည့် မင်းတပ်ကို စစ်ကောင်စီတပ်က လေယာဉ်ပါ သုံး၍ ဖိတိုက်နေ
မင်းတပ်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက် ထိခိုက် သေဆုံးမှုများ ရှိ
မင်းတပ်တွင် မြို့ထဲပိတ်မိနေသူများကို တောထဲရောက်နေသူများက စိုးရိမ်နေ
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်