ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာများအနီးတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ များကြား မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မိုင်းနင်းမိသည့် စစ်ကား ထိခိုက်မှု အပါအဝင် တိုက်ပွဲများအတွင်း စစ် ကောင်စီဘက်မှ လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဇွန်လ ၂၂) ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာသို့ လာရောက် တပ်စွဲရန် ကြိုးစားသည့် စစ်ကောင်စီတပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
“တိုက်ပွဲတွေ ဖြစ်နေတာကတော့ ကနီနှင့် ယင်းမာပင် နယ်စပ်မှာပဲ။ မနေ့က ယင်းမာပင်နယ်ထဲက တရော်ကျင်းဆိုတဲ့ ရွာ ကို လူ ၅၀ ၊ စစ်ကား နှစ်စီး တပ်စွဲဖို့ ကြိုးစားတယ်။ ဒေသခံတွေက လက် မခံဘူး။ နေ့လယ် ၂ နာရီလောက်မှာ ကနီဘက် ချောင်းတဖက်ကမ်းကနေ တရော်ကျင်းဘက်ကို စပစ်တယ်။ သူတို့ဘက်က ပြန်မပစ်ဘဲ ရွာထဲဝင်သွားတယ်”ဟု ၎င်းက ပြောသည်။
၎င်းစစ်ကောင်စီ လက်နက်ကိုင်တပ်များသည် တရော်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက် နေရာယူထားချိန် တွင် အခြား PDF တဖွဲ့က ရွာ၏ တောင်ဘက် ကုန်းပေါ်မှနေ၍ ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲမှာ ပြင်းထန်ပြီး PDF ဘက်က အင်အား အလွန်များသဖြင့် စစ်ကောင်စီတပ်များဘက်က မုံရွာဘက်သို့ အကြောင်း ကြားကာ စစ်ကူခေါ်ခဲ့ရာ ၎င်းတို့အတွက် စစ်ကူလာသည့် ကား ၄ စီးအနက် တစီးမှာ ဘန့်ဘွေးကျေးရွာအနီး မြေခွေး တောင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနည်းဆုံး စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
“မိုင်းခွဲတာက ပထမဆုံးကား စမိတယ်။ အဲဒီကားပေါ်မှာ ပါတဲ့ ၄ ယောက်လောက်ကတော့ အလောင်းအစအနတောင် ရှာ မရဘူး။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ PDF တွေဘက်က ဝိုင်းပစ်ကြတာ။ မိုင်းဆွဲခံရတာက ၃ နာရီခွဲလောက်မှာ မုံရွာဘက်က နေ စစ်ကူလာတဲ့ ကားတွေ ထိတာ။ သူတို့ကျသွားတာတွေ ကျနော်တို့ မြင်နေရတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “တရော်ကျင်းမှာက ဘုန်းကြီးကျောင်း အုတ်တံတိုင်းကို ကာပစ်နေတော့ သူတို့ဘက် အကျအဆုံး မသိ ရဘူး။ ခန့်မှန်းလို့ မရဘူး။ တရော်ကျင်းတိုက်ပွဲက မှောင်သွားလို့ မဟုတ်ရင် PDF တွေဘက်က ဝင်သိမ်းလို့ရတယ်။ ပြည်သူ့ အင်အားက အရမ်းများတာကိုး။ လူ ၁၀၀၀ လောက်ကို ရှိတယ်။ စစ်တပ်ဘက်က ပြန်တောင် မပစ်နိုင်ဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် ၎င်းတို့ဘက်က အကျအဆုံး များသဖြင့် ဘန့်ဘွေးရွာနှင့် တရော်ကျင်းရွာကြားရှိ လူနေတဲ တချို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ တချို့ နေရာများတွင် ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့တော့ တရော်ကျင်းတောင်ပေါ်မှာလည်း သူတို့ တပ်စွဲထားတယ်။ ကနီမြို့နယ် ချင်းတောင်ရွာ တောင်ကုန်းထိပ်မှာ လည်း တပ်စွဲထားတယ်။ ကျနော်တို့ ပြည်သူတွေကတော့ ခပ်ခွာခွာကနေ ကြည့်နေတယ်”ဟု ဒေသခံတဦးက ပြောသည်။
အခြား သတင်းရင်းမြစ်တဦး၏ အဆိုအရ ယနေ့တွင် စစ်ကောင်စီ လက်နက်ကိုင် အင်အား ၂၀၀ ခန့် ကားတန်းကြီးများဖြင့် မုံရွာဘက်မှ ရောက်ရှိလာပြီး လမ်းတလျှောက်တွင်လည်း လမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကနီမြို့နယ်နှင့် ၃၇ မိုင်အကွာ တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံး ပြီး ၂၀ ကျော် ဒဏ်ရာ ရရှိကြောင်း၊ စာရင်းအတိအကျ သိရခြင်းမှာ စစ်ကောင်စီတပ်များသည် အလောင်းများကို တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးရှိ ဘုန်းကြီးကျောင်းသို့ အရင်ရွေ့ ထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကနီ၊ ယင်းမာပင်နှင့် မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသခံ ကာကွယ် ရေးအဖွဲ့တို့ကြား ဧပြီလ ၁၅ ရက်နေ့မှ စ၍ တိုက်ပွဲများ စတင်ခဲ့ပြီး ဒေသခံ ၄၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ
မော်လမြိုင်တွင် လူငယ်၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံး