မန္တလေးမြို့ ၅၄လမ်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် စစ်တပ်က အကျအဆုံး အထိအခိုက်ကို ထိန်ချန်ထားသော်လည်း စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ဆင်း၊ စီမံအုပ်ချုပ်ရေး အရာရှိ (A1) ဒု ဗိုလ်မှူးကြီး အောင်မျိုးကျော်ဆိုသူ သေဆုံးခဲ့သည့် သတင်းမှာ စစ်ဘက်ရပ်ကွက်များတွင်သာမက လူမှုကွန်ရက်တွင်ပါ ပျံ့နှံနေသည်။
မကြာသေးမီကမှ ဖွဲ့စည်းကာ သင်တန်းဆင်းလာသည့် ပြည်သူ့ကာကွယ်ရေး တပ်(PDF)များနှင့် စစ်တပ်အကြား ထိတွေ့မှု များတွင် စစ်တပ်အရာရှိကြီး သေဆုံးရသည်မှာ စစ်တပ်အတွက် ပေးဆပ်မှု ကြီးသည်ဟု ဆိုရမည် ဖြစ်သလို ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်နှင့် အတူ စစ်ဘက်ရေးရာ လုံခြုံရေးတပ် (စရဖ) မှ ဗိုလ်ကြီးတဦးနှင့် အခြားအဆင့် တဦးတို့ လည်း တိုက်ပွဲတွင် သေဆုံးခဲ့သည်။
စစ်တပ်သည် သူ၏ အကျအဆုံး အထိအခိုက်ကို မည်သည်အခါမှ ထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း မန္တလေးမြို့မှ လုံခြုံရေး သတင်းရင်းမြစ်တဦးက “အဲဒီ A1ကြီး ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီးက အပြန်အလှန်တွေ မပစ်ခင်ကတည်းက ကျ သွားတာ။ နောက်စစ်သားတယောက်ကတော့ အပြန်အလှန်တွေ ပစ်နေတုန်းမှာ ထိတာ။ စစ်တပ်က အားလုံးပေါင်း ၃ ယောက်ကျတယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရပ်ကွက်နေသူ တဦး၏ အဆိုအရ ဇွန်လ ၂၂ ရက် နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ကားတချို့ PDF တပ်ဖွဲ့ဝင်များ ရှိသည့် မန္တလေး၊ ထွန်တုံး ရပ် ကွက်၊ ၅၄ လမ်း၊ ၁၁၁ နှင့် ၁၁၂ လမ်းကြားရှိ နှစ်ထပ်အိမ် တအိမ်ကို ရောက် လာကြောင်း၊ သေဆုံးသွားသည့် ဒု ဗိုလ်မှူးကြီး ဆိုသူမှာ သေနတ်ပင် မထုတ်ဘဲ ခြံတံခါးကို ဖွင့်၍ အော်ဟစ် ဝင်ရောက် သွားခြင်း ဖြစ်ကြောင်း အတည်ပြုပြောသည်။
“သူ့စိတ်ထဲမှာ လက်နက်နဲ့ PDF တွေ ရှိတယ်လို့ ထင်ပုံ မရဘူး။ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ လာပုန်းနေတာလို့ ထင် နေပုံပဲ။ ရောက်လာတာလည်း အိမ်စီးကားလေးနဲ့။ ပြီးတော့ ဝင်သွားတယ်။ သူနဲ့အတူ ဗိုလ်ကြီးတယောက်လည်း ပါတယ်။ PDF ကလည်း အပေါ်ကနေ အဲဒီနေရာမှာတင် စီးပစ်တာ။ အဲဒါ ဖြစ်ပြီးမှ စစ်ကားတွေ အများကြီး ရောက်လာတာ” ဟု ၎င်း က ပြောသည်။
အပစ်ခံရသည့် နေရာမှ ဒု ဗိုလ်မှူးကြီး အောင်မျိုးကျော်နှင့် စစ်ဗိုလ်တို့ကို ချက်ချင်း ကယ်ထုတ်ပြီး မန္တလေး နန်းတွင်းရှိ စစ် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း သိရသည်။
တောတွင်း မဟုတ်ဘဲ မြို့ပေါ်တိုက်ပွဲတခုတွင် လူသူလက်နက်အင်အား နည်းပါးသည့် အဖွဲ့တဖွဲ့မှ စစ်ကောင်စီ၏ ဒု ဗိုလ်မှူး ကြီး အဆင့်ရှိသူကို အသေပစ်ခတ်လိုက်ခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ဘက်အရာရှိများထဲမှ အကြီးဆုံးအဆင့် သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အတွက်လည်း ယင်းတိုက်ပွဲဖြစ်သည့် လူနေရပ်ကွက် နေရာတွင် စစ်တပ်က RPG ကဲ့သို့ ပေါက်ကွဲအား ပြင်းသည့် လက်နက်ကို သုံးစွဲကာ တိုက်ပွဲကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
“အမှန်တော့ A1 ဆိုတာမျိုးက စီမံအုပ်ချုပ်ပဲ လုပ်ရတာ။ အပြင်တောင် ထွက်စရာတောင် မလိုဘူး။ အခုက သူလိုလူပါ အ ပြင်ထွက် လာရတယ်ဆိုတော့ စစ်တပ်မှာ လူမရှိတော့တာ အရမ်း သိသာတယ်။ တကယ် စစ်ဆင်ရေးတွေက G-1 (စစ် ဆင်ရေး ပထမတန်း) တွေက လုပ်တာမျိုးပါ” ဟု ရဲအရာရှိဟောင်းတဦး ကလည်း ပြောသည်။
ယခု မန္တလေး ဖြစ်စဉ်တွင် ဒုဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး သေရုံမက ၁ နာရီခွဲခန့်အကြာ အပြန်အလှန်တိုက်ပွဲတွင် PDF ဘက်မှ ၄ ဦး သေဆုံးပြီး ၈ ဦး အဖမ်းခံခဲ့ရကြောင်း၊ အဖမ်းခံ ရသူ အားလုံးကို မန္တလေး၊ နန်းတွင်းထဲရှိ စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယခုလို PDF များ ရှိသည့် နေရာ သတင်း ပေါက်ကြားသွားခြင်းမှာ မေလ ၂၁ ရက်က မန္တလေးမြို့ အပြင်ဘက်ရှိ သရက်ခြံ တခြံတွင် စစ်သင်တန်း ပေးနေသည့် PDF တို့၏ နေရာတနေရာကို စစ်တပ်က ဝင်ရောက် စီးနင်းခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း သုံးသပ်ကြသည်။
ယင်းဖြစ်စဉ်အတွင်း CDM ပြုလုပ်ထားသည့် တပ်အရာရှိများဖြစ်သည့် ဗိုလ်မင်းခန့်ကျော်နှင့် ဗိုလ်စိုးဝေလှိုင်တို့ အဖမ်းခံရ သတင်းများ ထွက်ပေါ်ခဲ့ပြီး CDM ပြုလုပ်ထားသည့် ဗိုလ်ကြီး လင်းထက်အောင်ကလည်း ၎င်းတို့နှင့် အဆက်အသွယ် မရ တော့ကြောင်း၊ ၎င်းတို့၏ အကောင့်များက ဆက်သွယ်လာပါက သတိထားကြရန် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အခြား ဖြစ်စဉ်တခုမှာ ပြီးခဲ့သည့် နှစ်ရက်ခန့်က မန္တလေးမြို့နယ်၊ ထွန်းတုံးရပ်ကွက်တွင် မီတာခ လိုက်လံ ကောက်ခံသည့် မီတာစာရေးတဦးကို ရပ်ကွက်နေ ပြည်သူတဦးက ဓားဖြင့် လိုက်ခုတ်စဉ် မီတာစာရေးကို လုံခြုံရေးပေးနေသည့် စစ်ကောင် စီ အဖွဲ့များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ၎င်းကို စစ်မေးစဉ် ယခုလို PDF လူငယ်များ၏ သတင်းကို ရရှိခြင်း ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်တဦးက “သတင်းကတော့ အမျိုးအမျိုး ထွက်နေတာပဲ။ ကျနော်တို့ သိတာက တော့ ဒလန်ကြောင့်ပဲ။ အခု လိုင်းပေါ်မှာ ပြောနေတဲ့ မြင်းခြံဘက်ကို ပြေးသွားတဲ့ နေနီအောင် ဆိုတဲ့ကောင်ကြောင့်လို့ ထင်တယ်။ အခုလည်း သူ့အကြောင်း ကျနော်တို့ စုံစမ်းနေတယ်” ဟု ပြောသည်။
ဤသို့ မန္တလေးမြို့တွင်း ပစ်ခတ်ဖြစ်နေစဉ်တွင် တခြားသော ဒေသများဖြစ်သည့် ပဲခူး၊ ကျောက်ဆည်နှင့် ကျန်မြို့များရှိ PDF များက တပ်လှန့်သံများ ပေးသကဲ့သို့ မန္တလေးပြည်သူတချို့ကလည်း စစ်တပ်ကို ဖိအားပေးရန် လုပ်ဆောင်မှု တချို့ရှိခဲ့ သည်။
စစ်တပ်သည် အရပ်သားအစိုးရထံမှ အာဏာကို သိမ်းယူပြီးနောက် စစ်သည်တော်ကျင့်ဝတ်တို့ ကွယ်ပျောက်ကာ ပြည်သူ များ မီးကဲ့သို့ ပြုကျင့်ပြီး သတ်ဖြတ်ပြခြင်း နှိပ်စက်ပြခြင်း၊ ငွေကြေး ဥစ္စာပစ္စည်းများကို ဖျက်ဆီးလုယူခြင်းတို့ အလွန်အကျွံ ပြုသည့် အတွက် ရန်သူပိုများလာကာ ရန်ပိုဝိုင်းလာသည်က ဤ အဖြစ်အပျက်မှာ ထင်ရှားသည်။
ဖေဖေါ်ဝါရီ ၁ ရက် အရပ်သားအစိုးရထံမှ အာဏာသိမ်းခြင်းကို လူထုက လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရာ စစ်ကောင်စီက မျက်ရည် ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ် နှိမ်နင်းသလို CDM ပြုလုပ်သည့် ဝန်ထမ်းများကို ခြိမ်းခြောက် ဖမ်းဆီး ခြင်းကြောင့် လူထုနှင့် ပဋိပက္ခဖြစ်လာရာမှ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဆန္ဒပြ သူများက စတင်ကာ ရရာလက်နက်ဖြင့် ခုခံခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် စစ်ကောင်စီတပ်များကို တူမီး၊ ဒူးလေးစသည့် လက်နက်များ၊ လက်လုပ်မိုင်းများဖြင့် ပြန်လှန်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ အထိအခိုက် အကျအဆုံးများသလို ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်မှုများကို ယခုထက်တိုင် ရှိနေသေးသည်။
You may also like these stories:
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ
မန္တလေး PDF ၏ အခြေစိုက်ရုံးခန်းအား အာဏာသိမ်းတပ် စီးနင်း
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ