ပြီးခဲ့သည့်အပတ် အစောပိုင်းက ရန်ကုန်ရှိ တက္ကသိုလ်ရိပ်သာလမ်း အင်းလျားကန်စောင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးဖြတ်သွားရင်း “သူဘာမှားခဲ့လဲ ” ဟု တဦးတည်း ရေရွတ်မိသည်။ စာရေးသူ ထိုနေရာသို့ လာရောက်ရခြင်းက ထူးခြားသော အကြောင်းရင်းတခု ရှိသည်။ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့တွင် ထိုအိမ်ကြီးအတွင်း ဟာလာဟင်းလင်း ဖြစ်နေခြင်းကို ခံစားကြည့်ရန် လာခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းတွင် သံဆူးကြိုးအကာအရံများနှင့် လုံခြုံရေးတပ်များကို ပြင်ပတွင် ချထားသောကြောင့် မည်သူမျှ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းအနီးသို့ ချဉ်းကပ်နိုင်ခြင်း မရှိပေ။ ယခင် မြန်မာနိုင်ငံ လွတ်လပ်ချိန်က ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံအနှံ့အပြား ပြည်နယ်တိုင်းများမှ ပြည်သူများကို ထိုအိမ်အဝင်ဝတွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။ အိမ်ပိုင်ရှင်ကို လေးစားသောကြောင့် လာရောက်ပြီး ဓါတ်ပုံများရိုက်ကြ၊ အိမ်အတွင်းသို့ လှမ်းကြည့်တတ်ကြသည်။
ယခုထိုအိမ်သည် အိမ်ရှင်မဲ့နေသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းသားပြန်ဖြစ်သွားပြီး နေပြည်တော်မှ လူမသိသူမသိသောနေရာတခုတွင် ရောက်နေသည်။
စိတ်ခံစားမှုများကို ဘေးဖယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး မိမိတို့ပြောနိုင်သည့် ရိုးရှင်းသော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်များက အမြဲတမ်း ဖယ်ရှား ပစ်လိုနေသည့် ခေါင်းဆောင်ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ထပ်မံ အဖမ်းခံရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်အစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချလိုက်ခြင်းဖြစ်သည်။
ထိုအချက်သည် မြန်မာပြည်သူများ အကြိမ်ကြိမ် မြိုချနေရသည့် ခါးသီးသော အမှန်တရားဖြစ်သည်။
ငြင်းဆန်မရသလို လှည့်စားမရသောအချက်တခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတွင် လူထုထောက်ခံမှု အရဆုံး နိုင်ငံရေးခေါင်းဆောင်ဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ ထိုအချက်ကို ငြင်းမရဘဲ သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် တောင်ပြိုကမ်းပြိုနိုင်သည်။
ထိုအချက်သည် ဗိုလ်ချုပ်များ မြိုမချနိုင်သည့် ခါးသီးသော အမှန်တရားဖြစ်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် “ဘာမှားသနည်း”။ သူမ၏ တခုတည်းသော “အမှား”မှာ အထက်ပါအမှန်တရားနှစ်ခုအကြား မပြေငြိမ်းစေနိုင်ခြင်းပင်။ သူမသည် စစ်ခေါင်းဆောင်များက အမြဲ မုန်းတီးနေသူဖြစ်ပြီး မြန်မာပြည်သူများက လေးစားမြတ်နိုးရသည့် ခေါင်းဆောင် အမြဲဖြစ်နေမည်ဖြစ်သည်။
သာမန်နိုင်ငံတခုတွင် သူမ၏ လူကြိုက်များမှုသည် နိုင်ငံရေးအရဖြစ်စေ သဘောတရားအရဖြစ်စေ “အမှား”မဟုတ်ပေ။ ပြည်သူလူထု၏ ရွေးချယ်မှု သို့မဟုတ် ဒီမိုကရေစီ စံနှုန်းတခုသာဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံသည် လက်နက်အာဏာရှိသူက ပြည်သူ့ဆန္ဒကို ပယ်ဖျက်ပြီး ရွေးကောက်ခံခေါင်းဆောင်ကို ထောင်ထဲထည့်ထားနိုင်သော နိုင်ငံဖြစ်နေခြင်းပင်။
ထိုလုပ်ရပ်သည် နိုင်ငံရေးအရ၊ ဒီမိုကရေစီနည်းလမ်းအရသာမက ကျင့်ဝတ်အရပါ မှားယွင်းသည်။ ထိုလုပ်ရပ်သည် ၂၁ ရာစုတွင် နိုင်ငံအနည်းငယ်တွင်သာဖြစ်သည့် ရာဇဝင်ရိုင်းမှုကို မြန်မာနိုင်ငံကြုံတွေ့စေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးသည့် နောက်ဆုံးအာဏာသိမ်းမှုသည် သေနတ်ထောက်ပြီး အုပ်စုလိုက် အဓမ္မပြုကျင့်မှုနှင့် တူနေနိုင်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံး လူ့အခွင့်အရေး ချိုးဖေါက်ခံရသည်။ နိုင်ငံနှင့်ပြည်သူများ မည်သည်တို့ မှားယွင်းခဲ့သနည်း။ ပြည်သူအများစုသည် နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို မဲပေးခဲ့သည်။ ထိုမျှသာဖြစ်သည်။ နောက် ၃ လကြာသောအခါ ၎င်းတို့သည် ဆိုးရွားလှသော စစ်အာဏာရှင်စနစ်အောက် ကျရောက်သွားသည်ကို ပြည်သူများ တွေ့ကြုံရသည်။
မြန်မာနိုင်ငံနှင့် ပြည်သူများသည် ကမ္ဘာတွင် ကံအဆိုးဆုံးနိုင်ငံများတွင် ပါဝင်သည်။ သို့သော် ထိုပြည်သူများသည် မည်သည့်အမှားအယွင်းကိုမျှ ကျူးလွန်ခဲ့ခြင်း မရှိပေ။ ထိုသို့ဆိုခြင်းကြောင့် မြန်မာပြည်သူများသည် ယဉ်ကျေးသော သို့မဟုတ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ထိုက်တန်ခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ လွန်ခဲ့သောဆယ်စုနှစ် တိုတောင်းလှသော ဒီမိုကရေစီကာလအတွင်း၌ပင် ၎င်းတို့သည် ၎င်းတို့၏ နိုင်ငံရေးအရရင့်ကျက်မှုနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ပိုင်ဆ်ိုင်လိုသည့် ဆန္ဒကို ဖေါ်ထုတ်ပြသနိုင်ခဲ့သည်။
ပြည်သူများ၏ ရှင်သန်သော ဆန္ဒနှင့် ယဉ်ကျေးသော စိတ်ဓါတ်ကို လက်နက်အင်အားဖြင့် ချေမှုန်းနိုင်သည်ဆိုသည့် အတွေးအခေါ်မှာ မည်သူမျှ လက်မခံနိုင်သည့် ခါးသည်းသော “အမှန်တရား” တခု ဖြစ်နေသည်။
မည်သို့ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၇၆ နှစ်မြောက်မွေးနေ့တွင် အချုပ်အနှောင်အတွင်း ပြန်လည်ရောက်ရှိနေသည်။ ယခုနှစ်မွေးနေ့သည် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ပထမဆုံး ဖမ်းဆီးခံရပြီးနောက် အချုပ်အနှောင်တွင်း ကျရောက်သည့် ၁၅ ကြိမ်မြောက်မွေးနေ့ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အင်းလျားကန်စောင်းရှိနေအိမ်တွင် ၁၅ နှစ်ကြာ ဖမ်းဆီးခံရပြီး ယခုတကြိမ်တွင်မူ နေပြည်တော်တွင် ဖမ်းဆီးခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်များ သို့မဟုတ် အချုပ်အနှောင်များတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများသည်သာ အကျဉ်းကျနေရသည် မဟုတ်ပေ။ တနိုင်ငံလုံးမှ ၅၅ သန်းနီးပါးသော ပြည်သူများအားလုံးသည် ၎င်းတို့ပိုင် မြေတွင် ၎င်းတို့ကိုယ်တိုင် အကျဉ်းကျနေပြီး လွတ်လပ်မှုများ ဆုံးရှုံးနေသည်။ မြန်မာနိုင်ငံသည် လွန်စွာကြီးမားသော အကျဉ်းထောင်ကြီးဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ နောင်တွင် နိုင်ငံခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ၁၀ ကြာ လွတ်လပ်မှုကို ခံစားပြီးနောက် အကျဉ်းသားအဖြစ် နောက်ထပ် သံသရာ စတင် လည်ပတ်နေပြီဖြစ်သည်။ စစ်ကောင်စီက သူမကို စွပ်စွဲချက်အတုများနှင့် စွဲဆိုထားသောကြောင့် စစ်အုပ်ချုပ်ရေးအောက် မကြာမီ အနာဂတ်တွင် လွတ်လပ်မှု ပြန်လည်ရရန် ခက်ခဲလှသည်။
ယခုတကြိမ်တွင် ယခင်နှင့်မတူ ကွဲပြားသည့် အဓိကအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၆ နှစ်ရှိပြီဆိုသည့် အချက်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် သန်းရွှေတို့ ဦးဆောင်သည့် ယခင်စစ်အုပ်စုများ ခေတ်ကကဲ့သို့ နှစ်ရှည်ထောင်ချထားပါက သူမ၏ ပုဂ္ဂလိကဘဝသာမက နိုင်ငံရေးဘဝပါ ကုန်ဆုံးသွားတော့မည်ဖြစ်သည်။
ထိုအချက်သည်လည်း ဗိုလ်ချုပ်များနှင့် ၎င်းတို့ကို အညံ့ခံသူများမှအပ ကျန်သူအားလုံးအတွက် စဉ်းစားကြည့်လျှင်ပင် ခါးသီးလှသည့် အမှန်တရားတခု ဖြစ်နေပြန်သည်။
အာဏာသိမ်းသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုတကြိမ်တွင် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည်မဟုတ်ပေ။ သူသည် သူ့ဆရာသမားများထံမှ သင်ခန်းစာယူထားပြီးဖြစ်သည်။ သူ၏ ဆရာသမားများသည် ဒေါ်အောင်ဆန်းစုကြည်ကို နိဂုံးချုပ်သွားအောင် မလုပ်နိုင်ခဲ့ကြပေ။ ထိုကိစ္စကို အပြတ်ရှင်းရန် တာဝန်သည် သူ့ထံသို့ ကျရောက်လာပြီဟု သူ ခံစားနေကြောင်း ထင်ရှားလှသည်။ ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ဆယ်စုနှစ် တခုခွဲကအတိုင်း ဖမ်းဆီးချုပ်နှောင်ခံဘဝတွင် မွေးနေ့ပွဲများ ကျင်းပနေရဦးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတခုလုံးကို မဟုတ်လျှင် သူမ၏ နိုင်ငံရေးဘဝကို နိဂုံးချုပ်ပစ်ရန် ဆုံးဖြတ်ထားသောကြောင့် ဗိုလ်ချုပ်များသည် ဆိုးညစ်သော ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ကာ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သည်အထိ ဖမ်းဆီးထားရန် လွန်စွာဖြစ်နိုင်နေသည်။
သို့သော် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏အကြံပေးများ နားမလည်နိုင်သောကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြန်မာပြည်သူများသည် ၎င်းတို့ရှည်ကြာစွာ ဆုပ်ကိုင်ထားသည့် ရည်မှန်းချက်ဖြစ်သော လူသားများအဖြစ် ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သော လွတ်လပ်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းထံသို့ ဆက်လက်လျှောက်လှမ်းနေမည်ဖြစ်သည်။ လက်ရှိကြုံတွေ့ နေရသည့် စစ်ဖိနပ်အောက်မှ ကြောက်မက်ဖယ်ဘဝကို ထာဝရ ငြင်းဆန်ကြမည်ဖြစ်သည်။ နိုင်ငံရေးအရ ဆိုရပါက စစ်မှတ်သော ဖက်ဒရယ်ဒီမိုကရေစီကို ဆက်လက်တောင်းဆို ရုန်းကန်တည်ဆောက်နေမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံမှ ပျောက်ကွယ်သွားအောင် စစ်ကောင်စီက လုပ်နိုင်လျှင်ပင် မြန်မာပြည်သူတို့၏ တိုက်ပွဲသည် အဆုံးသတ်မည် မဟုတ်ကြောင်းကို လက်ရှိ အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ဆရာသမားကဲ့သို့ပင် သိမြင်နိုင်ခြင်း မရှိကြပေ။
အတိတ်ကသာမက ပစ္စုပ္ပန်တွင်ပါ ဗိုလ်ချုပ်များသုံးသည့် နည်းလမ်းဖြစ်သည့် သေနတ်ထောက် အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ်ကို လူထုက ပိုမိုပြင်းထန်စွာ ဆန့်ကျင်လာမည်ကို ဗိုလ်ချုပ်များသည် မည်သည့်အခါကမျှ သဘောပေါက်ခြင်းမရှိပေ။ လက်နက်အာဏာကို ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံကို အလွန်ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခြင်းအားဖြင့်လည်းကောင်း ဗိုလ်ချုပ်များသည် ၎င်းတို့၏ တဦးချင်းသာမက စစ်တပ်ကိုလည်း အမည်ဆိုးဖြင့် ကျော်ကြားမှုကို ပိုမိုအမြစ်တွယ်စေမည်ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ ဘာမှားယွင်းနေသနည်း။ စိတ်ခံစားမှုများကို ဖယ်ထားပြီး ရှင်းရှင်းပြောရလျှင် ထိုသူများသည် စဉ်းစားတွေးခေါ်နိုင်မှု မရှိသူများသာ ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အာဏာကို အင်အားသုံးရယူခြင်းအဖြစ်သာမြင်သည့် ခပ်တုံးတုံး စစ်အရာရှိ တစုသာဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆမှာ ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး သံမဏိလက်သီးဖြင့် အုပ်ချုပ်ခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေသည် ထာဝရ မတည်မြဲနိုင်ကြောင်း ၎င်းတို့ မည်သည့်အခါမျှ နားမလည်ကြပေ။ တနေ့တွင် ၎င်းတို့သည် ၎င်းတို့လုပ်ရပ်များအတွက် ဒဏ်ခတ်ခံရမည်ဖြစ်သည်။ လက်ရှိအချိန်တွင်ပင် ၎င်းတို့သည် ပြည်သူလူထု၏ အမြင်တွင် လွန်စွာ ကျက်သရေတုံးသူများ ဖြစ်နေပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သို့ရှိမည်နည်း။ ခံစားချက်များကို ဖယ်ထုတ်ပြောဆိုရပါက ဒေါ်အောင်ဆန်းစုကြည် မသေဘဲ နေမည့်သူမဟုတ်ပါ။ သို့သော် ပြည်သူလူထုအတွက် သူမ၏ တိုက်ပွဲနှင့် မြန်မာနိုင်ငံအပေါ်သူမ ထားသော မေတ္တာတရားတို့အတွက် ပြည်သူအများအပြားက သူမကို ဂုဏ်ပြု အမှတ်ရနေကြမည်သာဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်တဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The ‘Problem’ With Myanmar’s Daw Aung San Suu Kyi ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးမြင်ကွင်းသစ်ကို မျှော်ကြည့်ခြင်း
အလုပ်ဖြင့် သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တောင်းဆိုခြင်း
အသက်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါစေ