အာဏာသိမ်း စစ်ကောင်စီက ထုတ်ပေးမည့် သယံဇာတ စမ်းသပ်၊ တူးဖော်၊ ထုတ်လုပ်ရန် ခွင့်ပြုမိန့်နှင့် လိုင်စင်များအား အာမခံချက် ပေးမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၂၉ ရက်တွင် သတိပေး ထုတ်ပြန်လိုက် သည်။
စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းယန္တယား လည်ပတ်နိုင်ရေး ဝင်ငွေရရှိရန် သယံဇာတများ ထုတ်ရောင်းခြင်းနှင့် သက် တမ်းကုန် လုပ်ကွက်များအား သက်တမ်းတိုးခြင်း၊ လိုင်စင်သစ်များ ချထားပေးခြင်းဖြင့် အခွန်အခများ အတင်းအကျပ် ကောက်ခံလျက် ရှိနေသည်ဟုလည်း NUG က ဆိုသည်။
NUG သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ပြည်သူ့သယံဇာတတွေကို ပြည်သူ သဘောမတူ ဘဲ ရောင်းနေတာက မဟုတ်တာလုပ်တာပဲ။ ဒါဟာ စစ်ကောင်စီ ရပ်တည်လည်ပတ်ဖို့ အထောက်အကူပြုဖို့ရာဖြစ်ပြီး ပြည် သူတွေ အသက်တွေ ဆုံးရှုံးခဲ့တာလည်း သူတို့အမြင်ပါပဲ။ အဲဒီဟာတွေကို ပံ့ပိုးပေးနေတဲ့ အနေအထားဖြစ်လို့ သတိထားပြီး မှ လုပ်စေချင်တယ်။ ဝယ်သူတွေအနေနဲ့တော့ ဖြစ်နိုင်ရင် မပူးပေါင်းစေချင်ဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအား စာရင်းပြုစုနေပြီး အမည်ပျက်စာရင်း (Blacklist) သွင်းကာ အများပြည် သူထံ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီ တင်ဒါတွေမှာ ပါဝင်ပတ်သက်နေသူတွေကို စာရင်းပြုစုမယ်။ ပြီးရင် သူတို့ကို စာထုတ်သတိပေးတာတွေ လုပ်မယ်။ လက်ရှိမှာ စာရင်းပြုစုနေတယ်။ နောက်မကြာခင်မှာ သူတို့ကို အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ရှိပါတယ်” ဟု လည်း NUG ဘက်က ပြောဆိုသည်။
စစ်တပ် အာဏာသိမ်း ကာလအတွင်း ကျောက်မျက်ရတနာပြပွဲ၊ သစ်လေလံပွဲများ ကျင်းပခဲ့သည့်အပြင် အမေရိကန် ဒေါ် လာ သန်း ၅၀ ကျော် တန်ကြေးရှိမည့် ကြေးနီနှင့် အခြားသတ္တုပစ္စည်းများအား ရောင်းချရန် လေလံခေါ်ထားပြီး ဌာနဆိုင်ရာ အသီးသီးကလည်း ရောင်းချမည့်ပစ္စည်းများအား တင်ဒါများ ဆက်တိုက်ခေါ်လျက်ရှိသည်။
နမ္မတူ ဘော်တွင်းသတ္တုမိုင်းမှ ဒေါ်လာ ၁၁ သန်းကျော်တန်ဖိုးရှိ ခဲသတ္တုချော် (Smelter Slag) မက်ထရစ်တန်ချိန် ၃ သိန်း နှင့် စွန့်ပစ်မြေစာအဖြုန်း (Mill Tailing) မက်ထရစ်တန် ၁၄၀၀၀ ကို အမေရိကန်ဒေါ်လာနှင့် ရောင်းချရန် စစ်ကောင်စီ လက်အောက်ခံ သတ္တုတွင်းဦးစီးဌာနက တင်ဒါခေါ်ထားသည်။
ခဲသတ္တုချော်များအား တရုတ်ရင်းနှီးမြုပ်နှံမှုပါသည့် ကုမ္ပဏီများက ဝယ်ယူလေ့ရှိပြီး သွပ်နှင့်သက်ဆိုင်သည့် သတ္တုများ ပြန်လည်သန့်စင် ထုတ်လုပ်လျက်ရှိသည်။
သတ္တုတွင်း အငြိမ်းစားအရာရှိ တဦးက “ခဲသတ္တုချော်က တန်ဖိုးကြီးပါတယ်။ အဲဒီမှာ တန်ချိန် ၂ သန်းခန့် ရှိတယ်။ အဲဒီလောက် များများစားစား ကမ္ဘာပေါ်မှာ မကျန်ရှိပါဘူး။ နည်းပညာမတတ်လို့ မြန်မာသတ္တုဗေဒပညာရှင် (Metallurgists) များ မလုပ်နိုင်ခဲ့ပါဘူး” ဟု ပြောဆိုသည်။
စစ်ကောင်စီ အနေဖြင့် ဧပြီ ၁ ရက်မှ ၁၀ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲတွင် ကျပ် ၃၃ ဘီလီယံကျော်နှင့် မေလအတွင်းက သစ်တင်ဒါပွဲများမှ အမေရိကန်ဒေါ်လာ ၅ သန်းခန့် ဝင်ငွေ ရရှိခဲ့သည့် အပြင် နိုင်ငံပိုင်မြေ၊ တိုက်ခန်းနှင့် သစ်များအား ဌာနအလိုက် ရောင်းချမှုများလည်း ရှိနေသေးသည်။
စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်တွင်း တည်ငြိမ်မှု မရှိသည့် အခြေအနေတွင် အလောင်းတော်ကဿပ သစ်တောကြိုး ဝိုင်း အပါအဝင် သစ်တောများအတွင်း သစ်မှောင်ခို ခိုးထုတ်မှုများ ပိုမိုများပြားလာသည်။
ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေများမှ သစ်တောဌာနများ တိုက်ခိုက် မီးရှို့ ခံရကာ ကျပ်သန်းပေါင်း ၃၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဇွန် ၃၀ ရက်နေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာ တွင် ဖော်ပြထားသည်။
သစ်လုပ်ငန်းမှ CDM ဝန်တဦးက “ပြည်တွင်းကုမ္ပဏီတချို့လည်း အခွင့်အရေးယူကြတာတွေ ရှိကြပါတယ်။ ဥပဒေဌာနက လေလံပစ်တဲ့ မကောင်းတဲ့ လပ်ပုံ (သစ်ပုံ) တွေ လေလံဆွဲ။ လေလံအောင်ရင် အဲဒီလပ်ပုံအစား တောထဲက တရားမဝင် သစ်ကောင်းတွေနဲ့ အစားထိုး။ အဲဒီလိုလုပ်ကြတာမျိုး ရှိပါတယ်။ အဲဒီတော့ တရားမဝင် သစ်ခိုးထုတ်မှုတွေဆိုတာ ဒီလို အချိန်မှာ အများဆုံး လုပ်ကြတာများပါတယ်” ဟု ပြောသည်။
NUG အစိုးရက သစ်တောကြိုးဝိုင်းများအတွင်း သစ်မှောင်ခိုသမားများနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက သတိပေး တားဆီးကာကွယ်မှုများ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် ပြည်သူ များကလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
“သယံဇာတတွေဟာ စစ်ကောင်စီ ဝင်ငွေရဖို့ အရမ်းအရေးပါတဲ့ ဌာနတခု ဖြစ်နေတာကြောင့်မလို့ လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ ပြည်သူ့အကူအညီ မဖြစ်မနေ လိုအပ်ပါတယ်။ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု NUG က ဆိုသည်။
နိုင်ငံပိုင် သယံဇာတများအား ဆက်လက် ရောင်းချနေသည့် စစ်ကောင်စီအနေဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် လက်ဝယ်ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၃ လုံးအား တင်ဒါခေါ်ရောင်းချရန်လည်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ဇွန် ၂၇ ရက်နေ့က ကြေညာထားသည်။
အဆိုပါ မြေကွက်များတွင် ပုသိမ်မြို့ သင်္ဘောကျင်းရပ်ရှိ မြေ ၆.၈၉၇ ဧကနှင့် သိုလှောင်ရုံ ၆ လုံးပါဝင်ပြီး ဖားကန့်၊ ကလေးဝ၊ ကလေး၊ ကော့သောင်း၊ ပဲခူး၊ မော်လမြိုင်၊ ရေး၊ မုံးကိုး၊ တာချီလိတ်၊ လားရှိုးမြို့နယ်တို့မှ မြေကွက်နှင့် အဆောက် အအုံများလည်း ပါဝင်နေသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း