စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံ အမွေအနှစ် စာရင်းဝင် အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် နယ် မြေတွင် တရားမဝင် သစ်ခိုးထုတ်သူများနှင့် စည်းကားလာသောကြောင့် သစ်တောပြုန်းတီးမှု ပိုဆိုးလာနိုင်သဖြင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များက သတိပေး တားမြစ်မှုများ ပြုလုပ်နေရကြောင်း သိရသည်။
အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်သည် စစ်ကိုင်းတိုင်း၊ မင်းကင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်တို့တွင် တည်ရှိပြီး ပုလဲမြို့နယ်၊ မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်တို့နှင့်ပါ ဆက်စပ်လျက်ရှိသဖြင့် ကီလိုမီတာ ၂၀၀၀ နီးပါး ကျယ်ဝန်းသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ဘေးမဲ့ အမျိုးသား ဥယျာဉ်တခုလည်း ဖြစ်သည်။
အလောင်းတော် ကဿပ ဘေးမဲ့တောကြီးကို ဗဟိုပြု၍ မိုင်၂၀ ပတ်လည်တွင် ကျွန်း၊ တမလန်း၊ သစ်မာနှင့် အင်ပင်ကဲ့သို့ သော သစ်မျိုးစုံထူထပ်စွာပေါက်ရောက်သည့် အပူပိုင်းဇုန်၏ ရှားပါးအမွေအနှစ်တောကြီးတခုလည်း ဖြစ်သည်။
ခေတ်အဆက်ဆက် အစိုးရများသည့် ယခု အမျိုးသား ဥယျာဉ်ကြီးကို နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ထိန်း သိမ်းခဲ့သော်လည်း ယခုအခါ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး ရှုပ်ထွေးနေချိန် တရားဥပဒေ စိုးမိုးရေး အား နည်းနေသည်ကို အခွင့်ကောင်းယူ၍ သစ်သူခိုးများက ၎င်းတို့စိတ်ကြိုက် သောင်းကျန်းနေကြခြင်း ဖြစ်သည်။
သစ်သူခိုးများထဲတွင် တူမီး ကိုင်ဆောင်သူများပါရှိ၍ အများပြည်သူကြားထဲတွင် ဒေသကာကွယ်ရေး PDF များက သစ်ခိုး ထုတ်နေသည်ဟု အထင်အမြင် မှားယွင်းနိုင်သည့်အပြင် သစ်ထုတ်မှုမှာလည်း အဆမတန် များပြားလာသဖြင့် သစ်ခိုး ထုတ်ခြင်းကို ခွင့်မပြုတော့ရန် ဒေသခံ PDF အဖွဲ့များကြားတွင် သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်မှ PDF အဖွဲ့ဝင်တဦးက“ကျနော်တို့ဘက်က သစ်ကားတွေကို စပြီး ဖမ်းလိုက်တယ်။ အလောင်းတော် ကဿပဘက်မှာ စပြီး တားတယ်။ ဆင်းလာတဲ့ သစ်ကားတစီးကို မီးရှို့လိုက်တယ်။ လက်ရှိ သစ်ထုတ်နေတဲ့ လူတွေကို လည်း တောင်ပေါ်တွေကနေ ဆင်းခိုင်းထားတယ်။ သူတို့ကို အထွက်ပဲ လက်ခံတော့တယ်။ အဝင် လက်မခံတော့ဘူး။ နောက်ဆုံးအကြိမ် သတိပေးထားတာ”ဟု ပြောသည်။
၎င်းကဆက်၍ “အစပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကျနော်တို့ မေတ္တာရပ်ခံသေးတယ်။ ဒါပေမယ့် သစ်သမားတွေ ကလည်း မတရား လောဘတွေနဲ့ လုပ်တော့ ခွင့်မပြုနိုင်တော့ဘူး။ ရဲတွေ စောင့်တဲ့ သစ်တောဂိတ် တချို့ကိုလည်း ကျနော် တို့က PDF က မီးရှို့ ထားတဲ့အခါကျတော့ သစ်သူခိုးတွေက အခွင့်အရေးတွေ အများကြီး ရသွားတယ်။ အဲဒီမှာ သယ်ကြ တော့တာပဲ”ဟု ပြောသည်။
ခိုးထုတ်သည့် သစ်များကို မုံရွာသို့ ပို့ကြပြီး မုံရွာမှ တဆင့် အိန္ဒိယသို့ ရောက်ရှိသလို တချို့ သစ်များမှာလည်း ကချင်ပြည် နယ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားကြောင်း၊ တရုတ်ပြည်လမ်းကြောင်းသို့ ပို့ဆောင်နေသူများထဲတွင် သစ် တော အရာရှိဟောင်းများ ပါဝင်ပြီး စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သစ်တွေကို ခိုးထုတ်ပြီး မုံရွာကို ပို့ကျတာ။ ညကျရင် ဘုရားပွဲကြီး ကျနေတာပဲ။ ကားကြီး၊ ကားငယ်နဲ့ သစ်ခိုးထုတ်တဲ့ သူတွေက အများကြီးပဲ။ လိုင်းကြေးပေးပြီး လွတ်သွားတဲ့ကားတွေက မုံရွာ-ယာကြီး ကားလမ်းမပေါ် ရောက်ရင်လည်း ဆိုင်ကယ်နဲ့ လိုက်ပြီး လိုင်းကြေးလိုက်တောင်းတဲ့ ရဲတွေလည်း အရင်က ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်မြေ မှာလည်း တရားဥပဒေ စိုးမိုးမှုက မရှိတော့ဘူး”ဟု ယင်းမာပင် ဒေသခံတဦးက ပြောသည်။
ယင်းမုံရွာ-ယာကြီး လမ်းမကြီး ဘေးဝဲယာတွင်လည်း သစ်ပင်ကြီးကြီးမားမား ဟူ၍ အပင်ကြီးတပင်မှ မရှိတော့ကြောင်း၊
ခိုးထုတ်ခံရသည့် သစ်အမျိုးအစားများမှာ ပိတောက်၊ တမလန်းနှင့် ကျွန်းသစ်များ ဖြစ်ကြောင်း သိရသည်။
သစ်သမားများသည် တောနက်ကြီးများထဲတွင် ရက်ပေါင်းများစွာ အခြေစိုက် နေထိုင်ကြခြင်း ဖြစ်ပြီး အိုးအိမ်များ တည် ထောင်ကာ သစ်ခုတ်နေကြခြင်း ဖြစ်ကြောင်း၊ သစ်လာသယ်သူများမှာ ချိတ်ဆက် ရောက်ရှိလာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီက နေပြည်တော်ရှိ သစ်တောဌာန ပြောရေးဆိုခွင့်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့မှာ နေ့စဉ် အွန်လိုင်းအစည်းအဝေးများ ရှိနေသဖြင့် ပြန်လည် ဖြေကြားရန် မအားလပ်ကြောင်း အကြောင်းပြကြသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် ယခင်က အမြဲတမ်းဝန်ထမ်း၊ နေ့စား ဆင်ဝန်ထမ်း ၈၀ နီးပါး အထိ ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဝန်ထမ်း ၇၀ ခန့် CDM လှုပ်ရှားမှုတွင် ပါဝင်သွားခြင်း၊ မတ်လဆန်းပိုင်းမှစ၍ ၎င်းဧရိယာအတွင်း အသုံးပြုနိုင်သည့် သစ်တော ဝန်ထမ်းများ၏ လက်နက်များကို စစ်တပ်က ပြန်သိမ်းသွားခြင်းတို့ကြောင့် ယခုလို သစ်သူခိုး များ ပိုမို အတင့်ရဲလာခြင်းလည်း ဖြစ်သည်။
ကနီဒေသခံ PDF အဖွဲ့ဝင်တဦးကလည်း ၎င်းတို့အနေဖြင့် တရားမဝင် သစ်မထုတ်ကြရန် စာထုတ်ထားပြီး ပြီးခဲ့သည့် ရက် ပိုင်းက တရားမဝင်သစ်များကို မီးရှို့ ဖျက်ဆီးခဲ့ရကြောင်း၊ သစ်ခိုးထုတ်မှုမှာ ပြီးခဲ့သည့် မေလထဲတွင် အဆိုးဆုံး အခြေအနေ သို့ ရောက်ရှိလာကြောင်း ပြောသည်။
“သစ်တောဌာနက အလုပ်မလုပ်နိုင်တော့ဘူး။ လုံခြုံရေးအရပဲလို့ ထင်တယ်။ သစ်ခိုးသမားတွေက လက်နက်နဲ့ ပြန်ပြီး ရန် ပြုတာမျိုးတော့ ကနီ PDF အနေနဲ့ မတွေ့ ရသေးဘူး။ အခုက သူတို့က တနိုင်တပိုင် မဟုတ်တော့ဘူး။ စီးပွားဖြစ်ထုတ်နေ ကြတာ။ လုပ်နေတာ အများစုက ဗမာတွေပဲ။ သတင်းသိရသလောက်တော့ စစ်တပ်ကို လိုင်းကြေးပေးထားတာ”ဟု ကနီ PDF အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းကဆက်၍“သစ်ခိုးထုတ်တဲ့ ကားကလည်း အစုံပဲ။ အများအားဖြင့် ၆ ဘီးကားတွေ သုံးတယ်။ အရင်တုန်းက သစ်ခိုး ထုတ်ကြတဲ့လူတွေကတော့ အိမ်စီးကားတွေနဲ့ပါ ခိုးထုတ်ကြတာ။ အခုနောက်ပိုင်းမှာ နိုင်ငံရေး အခြေအနေက ရှုပ်ထွေး နေတဲ့အချိန်ဆိုတော့ ကားကြီးတွေနဲ့ပါ ပေါ်ပေါ်တင်တင် လုပ်လာကြတယ်”ဟု ပြောသည်။
အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းအနီးရှိ ချောင်းမကြီးရွာရှိ သစ်တောရုံးတခုတွင် စုပုံထားသည့် သစ်ပုံကြီးများ ကို သစ်သူခိုးများက ကားအစီး ၃၀ ခန့်ဖြင့် ဝင်ရောက် ခိုးယူခဲ့ပြီး သစ်တောရုံးထဲရှိ ထိုင်ခုံများ၊ သစ်တောရုံး၏ ခြံစည်းရိုးပင် မချန်ကြောင်း ဒေသခံများက ပြောသည်။
ကနီ PDF တပ်ဖွဲ့ဝင်တဦးက “ချောင်းမကြီး ဖြစ်စဉ်က ဟုတ်တယ်။ ကျနော်တို့လည်း အချိန်မီ မတားဆီးနိုင်လိုက်ဘူး။ ဘယ်လိုအဖွဲ့ အစည်းမျိုးတွေက ယူသွားလဲဆိုတာ စုံစမ်းနေပါတယ်။ သိရင်တော့ အရေးယူမှာပါ”ဟု ပြောသည်။
အလောင်းတော် ကဿပ သစ်တောထဲရှိ နှစ်ပေါင်းများစွာ ကတည်းက ထိန်းသိမ်းခဲ့သည် သစ်ပင်ကြီးများကိုပင် မချန်ဘဲ ခုတ်လှဲလာခြင်း၊ သစ်ခုတ်စဉ် သမိုင်းဝင် သာသနိက အဆောက်အဦများကိုပင် ထိခိုက်ခြင်း စသည့် ပျက်စီး ဆုံးရှုံးမှုများ လည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ သစ်သမားတချို့ထံတွင် တူမီးသေနတ်သာမက အော်တိုမစ်တစ် ရိုင်ဖယ်တချို့ပင် ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။
ကနီ ဒေသခံတဦးက“အခုနောက်ပိုင်း Chain Saw တွေကလည်း ကောင်းလာတာကိုး။ တတောလုံးကို လှိမ့်ခုတ်တာပဲ။ သစ်ခိုးထုတ်တဲ့ လမ်းတလျှောက်မှာ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေနဲ့တောင် ဖြစ်နေပြီ။ ပထမပိုင်း PDF တွေက သေ နတ်ဖောက်ပြီး တားတာ ကြောက်မှ မကြောက်ကြတာ။ အဲဒါနဲ့ သစ်ကားတွေကို မိုင်းတွေခွဲတဲ့ အဆင့်ထိ ဖြစ်ကုန်တာ”ဟု ပြောဆိုခဲ့သည်။
You may also like these stories:
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ
မြန်မာ့တပ်မတော်နှင့် ပေါင်းပြီး စီးပွားရေးလုပ်ခြင်း
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်