စစ်ကောင်စီအောက်တွင် "ကာကီရောင် စီးပွားရေး" ထွန်းကားမည်

Bertil Lintner
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 
Want create site? Find Free WordPress Themes and plugins.

ကာကီရောင်စီးပွားရေးသည် အာရှတွင် မရှားလှဘဲ ထိုင်းနှင့် အင်ဒိုနီးရှားတွင်ကဲ့သို့ စစ်တပ်နှင့် ပြည်တွင်းငွေရှင်ကြေးရှင်များ အဆင်ပြေသလို ပေါင်းစည်းကြခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာကီစီးပွားရေးသည် ၁၉၅၀ ခုနှစ်များကပင် ရှိနေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်သော ၁၉၆၂ တွင် စစ်တပ်က ၎င်းတို့ကိုယ်၎င်းတို့ စီးပွားရေးလုပ်ငန်းစုသဖွယ် ထူထောင်ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း အာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံးအုံကြွ ဆန့်ကျင်ပြီးနောက် စတင်လုပ်ဆောင်လာသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း စီးပွားရေးနှင့်ပတ်သက်သည့် စစ်တပ်၏ ယေဘုယျအမြင်သည် ပြောင်းလဲခြင်း မရှိပေ။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ စစ်တပ်ကထိန်းချုပ်ထားသည့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ထူးခြားသော စစ်စရိုက်လက္ခဏာများရှိသည့် မြန်မာ့နည်းမြန်မာ့ဟန် အရင်းရှင်စနစ်ဖြင့် အစားထိုးလိုက်သည်။ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အဆိုအရ စစ်တပ်ပိုင် ကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်(MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့က ရရှိသော ဝင်ငွေသည် အခြားမည်သည့် အရပ်သားပိုင် ကုမ္ပဏီထက်မဆို အဆပေါင်းများစွာ ပိုမိုများပြားသည်။

အဓိက အကျိုးခံစားရသူမှာ လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလွဲ၍ အခြားမည်သူမျှ မဟုတ်ပေ။ သူသည် စည်းရုံးဆွဲဆောင်နိုင်မှုနှင့် ခေါင်းဆောင်မှုအရည်အသွေး ကင်းမဲ့ကောင်းကင်းမဲ့မည် ဖြစ်သော်လည်း သူနှင့်သူ့မိသားစုအတွက် လွန်စွာများပြားသည့် ပုဂ္ဂလိက ကြွယ်ဝချမ်းသာမှုများကို ရယူထားနိုင်ခဲ့သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၈၀၀ ကျော်ကို သတ်ဖြတ်ကာ ထောင်ပေါင်းများစွာသော အခြားသူများကို ဖမ်းဆီးနှိပ်စက်ပြီးနောက် သူနှင့်သူ့မိသားစုသည် အမေရိကန်အရေးယူပိတ်ဆို့မှုများ၏ ပထမဆုံးပစ်မှတ်များဖြစ်လာသည်မှာ အံ့သြဖွယ် မဟုတ်ပေ။

ယခုအခါ မည်သည့်အမေရိကန် နိုင်ငံသားမဆိုသည် MEHL ၏ စီးပွားဖက်များနှင့် ထိတွေ့ဆက်ဆံပါက ဥပဒေချိုးဖေါက်ရာရောက်သည်။ မင်းအောင်လှိုင်သည် ထိုလုပ်ငန်းမှ အဓိက ရှယ်ယာရှင်နှင့် နာယကအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည်။ အမေရိကန် နိုင်ငံသားများ MEC နှင့် ၎င်း၏ လက်အောက်ခံလုပ်ငန်းများနှင့် စီးပွားရေး လုပ်ခြင်းကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

မင်းအောင်လှိုင်ကိုယ်တိုင် ပိတ်ဆို့အရေးယူခံရသည့် စာရင်းတွင် ပါဝင်နေသလို အသက် ၃၀ ကျော်များဖြစ်ကြသော သူ၏သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့လည်း ထိုစာရင်းတွင် ပါနေသည်။ မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းရန် စကားဦးသန်းနေပြီး နောက်နှစ်ရက်အကြာ အမှန်တကယ်အာဏာမသိမ်းမီ ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လှုပ်ရှားမှုအဖွဲ့တခုဖြစ်သည့် Justice for Myanmar က စစ်တပ်က စီးပွားရေးတွင် မည်သို့ပါဝင်ပတ်သက်နေသည့်အကြောင်း အသေးစိတ်အစီရင်ခံစာတစောင်ကို ထုတ်ပြန်ပြီး ထိုဗိုလ်ချုပ်၏ ငွေကြေးအကျိုးစီးပွားသည် အာဏာသိမ်းရန် ခြိမ်းခြောက်ရသည့် အကြောင်းရင်းဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ဖေါ်ပြသည်။ မင်းအောင်လှိုင်သည် သူ့မိသားစု အကျိုးရှိစေရေး အကြွင်းမဲ့ အာဏာရှိနေပြီး သူ့မိသားစုသည် နိုင်ငံပိုင် သယံဇာတရင်းမြစ်များနှင့် စစ်တပ်၏ အပြစ်ကင်းလွတ်ခွင့်ကြောင့် အကျိုးစီးပွား ခံစားနေရကြောင်းလည်း ထိုအစီရင်ခံစာက ဆိုသည်။

အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် စီးပွားရေးလုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး ထိုလုပ်ငန်းများသည် ၎င်းတို့ဖခင်၏ ရာထူးနှင့် မကောင်းဆိုးရွားအာဏာမှ တိုက်ရိုက်အကျိုးခံစားရသည့် လုပ်ငန်းများ ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကဆိုသည်။

ထိုသားနှင့် သမီးပိုင်သည့် ကုမ္ပဏီ ၆ ခုကို အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းပြီး ထိုကုမ္ပဏီများတွင် နိုင်ငံခြားဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက်သို့ ဝင်ရောက်ခွင့်ရရေးအတွက် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ထောက်ခံရအောင်လုပ်ပေးနေသည့် A&M Mahar ပါဝင်သည်ဟု Justice for Myanmar ကဖေါ်ပြသည်။

မင်းအောင်လှိုင်၏ ကလေးများပိုင်သည့် အခြားကုမ္ပဏီ ၅ ခုမှာ လူသိများသည့် Sky One Construction ဆောက်လုပ်ရေးလုပ်ငန်း , The Yangon Restaurant စားသောက်ဆိုင် , The Yangon Gallery ပန်းချီပြခန်း၊ Everfit နှင့် 7th Sense Creation ဖျော်ဖြေရေး လုပ်ငန်းတို့ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ အောင်ပြည့်စုံသည် ၂၀၁၃ ခုနှစ်တွင် ရန်ကုန် စားသောက်ဆိုင်နှင့် ရန်ကုန် ပန်းချီပြခန်းအတွက်နေရာများကို ဈေးပြိုင်မရှိဘဲ နှစ် ၃၀ လုပ်ပိုင်ခွင့်ရကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အောင်ပြည့်စုံသည် ထိုမြို့နယ်များရှိ အခြားမြေငှားရန်းသူများပေးရသည့် မြေငှားခ၏ ၁ ရာခ်ိုင်နှုန်းသာ ပေးရသည်ဟုလည်း ဆိုသည်။

ခင်သီရိသက်မွန်သည် မီဒီယာထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်သော 7th Sense Creation ကို ပိုင်သည်။ အထက်ပါ အမေရိကန် ဘဏ္ဍာရေးဌာန သတင်းထုတ်ပြန်ချက်အရ မင်းအောင်လှိုင် ထူထောင်ထားသည့် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း Mytel ကို ကြော်ငြာရာတွင် သရုပ်ဆောင်သည့် မင်းသားနေတိုးနှင့် သီးသန့် စာချုပ်ချုပ်ဆိုထားသည်။ Mytel သည် မင်းအောင်လှိုင် ကွပ်ကဲမှုအောက် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနအကြား ထူထောင်ခဲ့သည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။

ဧပြီလ ၁၉ ရက်နေ့တွင် ဖေါ်ပြသည့် သတင်းတွင် ဂျာမန်သတင်းဌာန Deutsche Welle က အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ ထိန်းချုပ်ထားသည့် နောက်ထပ် လုပ်ငန်း ၃ ခုကို ဖေါ်ပြခဲ့သည်။ Pinnacle Asia Company, Photo City Company နှင့် Attractive Myanmar Company တို့ဖြစ်သည်။ Attractive Myanmar Company Company, Photo City Company ကို အောင်ပြည့်စုံက ပိုင်ပြီး Mytel အတွက် မိုဘိုင်းဖုန်းတာဝါတိုင်များ တည်ဆောက်ပေးသည့် Pinnacle Asia ကို ခင်သီရိသက်မွန်က ပိုင်သည်။ အရေးပိတ်ဆို့မှုများ ချမှတ်လိုက်ပြီးနောက် ခင်သီရိသက်မွန်သည် Pinnacle Asia မှ နုတ်ထွက်လိုက်သော်လည်း သူသည် ထိုလုပ်ငန်းတွင် အဓိက ရှယ်ယာရှင်ဖြစ်နေကြောင်း Justice for Myanmar ၏ ဧပြီလ ၂၁ ရက်နေ့ကြေညာချက်တွင် ဖေါ်ပြထားသည်။

မိဘ၏ အဆင့်မြင့် စစ်အရာရှိရာထူးမှ အကျိုးခံစားနေရသူများမှာ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်မျှသာ မကပေ။ အဂတိလိုက်စားမှုနှင့် ဆွေမျိုးညာတိ ကောင်းစားရေးဝါဒကြောင့် အကျိုးခံစားနေရသူများတွင် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားများဖြစ်သော ကောင်းထက်နှင့် ဟိန်းထက်၊ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ သမီး ယဉ်မင်းသူတို့ ပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဖေါ်ပြသည်။ မောင်မောင်ကျော်နှင့် တင်အောင်စန်းတို့သည် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည်။ တင်အောင်စန်းသည် စစ်ကောင်စီခန့် အစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးလည်း ဖြစ်သည်။

သို့သော် မည်သည့် အဆင့်မြင့်စစ်အရာရှိမျှ မင်းအောင်လှိုင်လောက် လောဘမကြီးဘဲ သူသည် သူ့မိသားစု စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရန် အာဏာကို ဖက်တွယ်နေသည် ဆိုသည်ကို သံသယရှိစရာ မလိုလောက်အောင် ဖြစ်သည်။ ထို့အပြင် အာဏာဆက်လက်ချုပ်ကိုင်ရေး ပိုမိုအရေးကြီးသည်မှာ သူ့သားသမီးများပိုင် ကုမ္ပဏီအတွက်သာ မဟုတ်ဘဲ လွန်စွာကြီးမားသည့် လုပ်ငန်းဖြစ်သော MEHL အပေါ် သူ၏ ချုပ်ကိုင်မှုအတွက်လည်း ဖြစ်သည်။

ထိုစဉ်က စစ်အုပ်စုဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၀ MEHL ကို တည်ထောင်ပြီး နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဟု ကနဦးတွင် သမုတ်သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သာမန်နိုင်ငံသားများသည် လုပ်ငန်းများ ထူထောင်ခွင့်ရှိလာသည်။ လိုရင်းကို အတိအကျဆိုရပါက ယခင် ဆိုရှယ်လစ်-စစ်တပ် ယန္တရားက ပိုင်ဆိုင်သည့် ကော်ပိုရေးရှင်းကြီးများကို စစ်တပ်ပိုင် MEHL နှင့် ၁၉၉၇ ခုနှစ်တွင် ထူထောင်သည့် MEC သို့ လွှဲပြောင်းပေးလိုက်ကြသည်။ ထိုလုပ်ငန်းနှစ်ခုသည် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် သမ္မတမဖြစ်မီနှင့် ဖြစ်ပြီးနောက် ပုဂ္ဂလိကပိုင်လုပ်ရေး လုပ်ငန်းများမှလည်း အကျိုးကျေးဇူးများကို ခံစားရသည်။

လေးနှစ်ကြာသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှန်အကန် အရပ်သားအစိုးရကို ဖွဲ့စည်းလိုက်သောအခါ UMEHL သည် ၎င်း၏အမည်မှ ပြည်ထောင်စုဆိုသော စကားလုံးကို ဖယ်ရှားလိုက်ပြီး အများပိုင်လုပ်သည်။ သို့သော် လက်တွေ့တွင် ကုမ္ပဏီ၏ အမြတ်ငွေများကို နိုင်ငံတော်ဘတ်ဂျက်သို့ မသွင်းဘဲ အရပ်သားအစိုးရ ကြီးကြပ်မှုကို ရှောင်ရှားခြင်းသာ ဖြစ်သည်။

ယခုအခါ အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ပြီးဖြစ်သော်လည်း ထိုလုပ်ငန်းများလည်ပတ်မှုနှင့် ပိုင်ဆိုင်မှုသည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် စစ်တပ်ပိုင်လုပ်ငန်းများ မည်မျှထိခိုက်သည်ကို မသိရပေ။ MEHL သည် ၎င်းပိုင် မြဝတီဘဏ်ရှိပြီး ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီကို ထိန်းချုပ်ထားကာ ရန်ကုန်မြောက်ပိုင်းရှိ ပျဉ်းမပင် စက်မှုဇုန်ကို ပိုင်သည်။ နိုင်ငံတွင် အကျိုးအမြတ်များလှသော ကျောက်မျက်လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည်။ အိမ်ခြံမြေလုပ်ငန်းများအပြင် သယ်ယူပို့ဆောင်ရေး၊ သတ္တုနှင့်ကျောက်မျက်တူးဖေါ်ရေး၊ ဆူပါမားကက်များ၊ ဆေးလိပ်နှင့် အဖျော်ယမကာ၊ ခရီးသွားလုပ်ငန်းများကိုလည် လုပ်ကိုင်သည်။ ၎င်းတို့သည် ၂၀၁၁ ခုနှစ်တွင် ကြယ်ငါးပွင့်သင်္ဘောလိုင်း၏ တရားဝင်ပိုင်ရှင်ဖြစ်လာသောအခါ ရန်ကုန်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကိုလည်း အပိုင်ယူလိုက်သည်။

MEHL ၏ ပိုင်ဆိုင်မှုအားလုံးကို စစ်တပ်တခုတည်းကသာ ပိုင်သည်။ ထိုလုပ်ငန်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို စစ်တပ်အတွက် လက်နက်ဝယ်သည့် ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ပိုင်ပြီး ကျန်ရာခိုင်နှုန်းကို လက်ရှိနှင့် လက်ဟောင်း စစ်အရာရှိများပိုင်သည်ဟု ယူဆရသည်။ လေ့လာသိရှိရသမျှ MEHL ၏ ရှယ်ယာများကို အဖွဲ့အစည်းအဖြစ် ပိုင်သည့် အုပ်စု ၁၇၉၃ အုပ်စုမှာ ဒေသဆိုင်ရာ စစ်တိုင်းများ၊ လက်အောက်ခံတပ်ရင်း၊ တပ်မ၊ တပ်စိတ်၊ တပ်စု၊ လေယာဉ်အုပ်စုများနှင့် နယ်ခြားစောင့်တပ်များပင် ဖြစ်နေသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏အဆိုအရ “ရှယ်ယာများကို ပြည်သူသို့ တာဝန်ခံခြင်းမရှိဘဲ လက်နက်ကိုင်တပ်များအကြား ခွဲဝေထားပြီး စစ်ဆင်ရေးအသုံးစရိတ် တိုးပွားစေရန် စစ်တပ်က သုံးသည့် တရားမဝင်ငွေကို ဖန်တီးထားသည်” ဟု သိရသည်။ MEHL နှင့် MEC သည် ဝင်ငွေခွန်နှင့် ကူးသန်းရောင်းဝယ်ရေး အခွန်များလည်း ကင်းလွတ်နေသည်။

မြန်မာနိုင်ငံတွင် စိုးမိုးနေသည့် ထိုသို့ထူးခြားသော စီးပွားရေးစနစ်ကို ၁၉၅၀ ခုနှစ်များကပင် ခြေရာကောက်နိုင်သည်။ ထိုစဉ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်နေဝင်းသည် ကာကွယ်ရေးဌာန ကုန်စည်ဖြန့်ချိရေး – Defense Services Institute (DSI) ကို ထူထောင်ပြီး ထိုလုပ်ငန်းသည် ရန်ကုန်နှင့် အခြားနေရာများတွင် စတိုးဆိုင်များ ပိုင်ဆိုင်ကာ ရထားလမ်းများ၊ လျှပ်စစ်ဖြန့်ချိရေးနှင့် ပြည်တွင်းရေကြောင်းအတွက် အရေးပါသော ကျောက်မီးသွေးတင်သွင်းခြင်းကို ထိန်းချုပ်ထားသည်။ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို DSI က ထူထောင်သည်။ ဗြိတိသျှပိုင်ဘဏ်တခုကို သိမ်းယူပြီး အင်းဝဘဏ်ဟု အမည်ပြောင်းသည်။ ဂါးဒီယန်း သတင်းစာနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတခုကိုလည်း DSI က ထိန်းချုပ်ထားသည်။

စစ်တပ်သည် အိမ်ကြီးပေါ် အိမ်ငယ် ဆောက်ထားခြင်း ဖြစ်သော်လည်း မည်သူမျှ အလေးမထားခဲ့ကြပေ။ ထိုစဉ်က ပြည်သူအများစုကလည်း ထိုစဉ်က ဒီမိုကရေစီစနစ်ဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံနှင့် တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြသည်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း အများအားဖြင့် ထိိုသို့သာ ယုံကြည်ကြသော်လည်း အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန CIA မှ ခွဲခြမ်းစိတ်ဖြာလေ့လာသူတဦးက လွန်စွာရည်မှန်းချက် ကြီးမားသည့် ဗိုလ်နေဝင်းသည် တနေ့တွင် အာဏာသိမ်းနိုင်သည်၊ ရေရှည်စစ်ဖြစ်နိုင်သည်ဟု ၁၉၅၁ ခုနှစ်ကပင် ကောက်ချက်ချခဲ့သည်။ ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့တွင် သူ ခန့်မှန်းသည့်အတိုင်းဖြစ်လာပြီး နေဝင်း၏ တင့်ကားများသည် ရန်ကုန်လမ်းများပေါ်တွင် မောင်းနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ်ဖွဲ့စည်းပုံ ပိုမိုပီသရေး ညှိနှိုင်းရန် ရန်ကုန်သို့ရောက်နေသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးလိုက်သည်။

ဗိုလ်ချုပ်နေဝင်းကျင့်သုံးခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ထိုစဉ်က အရှေ့ဥရောပ၊ ဆိုဗီယက်ယူနီယံနှင့် တရုတ်တွင် ကျင့်သုံးနေသည့် စီးပွားရေးစနစ်နှင့် အခြေခံအားဖြင့် ကွဲလွဲခဲ့သည်။ ထိုလမ်းစဉ်၏ အဓိပ္ပါယ်မှာ မြင်မြင်သမျှ ပြည်သူပိုင် သိမ်းကာ စစ်တပ်က အုပ်ချုပ်သည့် ကော်ပိုရေးရှင်း ၂၃ ခုသို့ လွှဲပြောင်းပေးရေးဖြစ်သည်။ ထိုစဉ်က အာရှတွင် အာဏာသိမ်းခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ မြန်မာစစ်တပ်သည် နိုင်ငံရေးအာဏာသာမက စီးပွားရေးအာဏာကိုပါ သိမ်းခြင်းဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့နှင့် မတူဘဲ အမျာအားဖြင့် တရုတ်နှင့် အိန္ဒိယ နွယ်ဖွားများပိုင်သော စီးပွားရေးအသိုက်အဝန်းမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများ သိမ်းယူခံရကာ သိန်းပေါင်းများစွာသော ထိုသူများသည် အိန္ဒိယ၊ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ အခြားနိုင်ငံများသို့ ထွက်ခွာသွားခဲ့ရသည်။ စစ်တပ်သည် စီးပွားရေးမကျွမ်းကျင်သောကြောင့် နိုင်ငံတွင် ဒုက္ခဘေးတွေ့ကာ ၁၉၈၈ အုံကြွှမှု အရေးတော်ပုံ ကိုဖြစ်စေခဲ့သည်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီသည် ပုဂ္ဂလိက လုပ်ငန်းများကို နိုင်ငံပိုင် မလုပ်သေးသော်လည်း ၎င်းတို့၏ စီးပွားရေးအာဏာကို သက်ဆိုးရှည်အောင် လုပ်ချင်နေကြောင်း ထင်ရှားသည်။ အာဏာသိမ်းပြီးနောက် သာမန် နိုင်ငံသားများသည် စစ်တပ်ခွင့်ပြုချက်မလိုဘဲ ကိုယ်ပိုင်ကုမ္ပဏီထောင်ရန် ပို၍ပင် ဖြစ်နိုင်သကဲ့သို့ဖြစ်သည်။ သို့သော် အနာဂတ်သည် မရေရာတော့ပေ။ မင်းအောင်လှိုင်နှင့် သူ၏ မိသားစုသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အခွင့်ထူးများကို မည်မျှကြာအောင် ခံစားနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် သေချာသောအချက်မှာ သူသည် သူတို့၏အကျိုးစီးပွားများ၊ သူနှင့် အခြားစစ်တပ်မိသားစုများကို ချမ်းသာကြွယ်၀စေသည့် စနစ်ကို ကာကွယ်မည်ဆိုသည့် အချက်ဖြစ်သည်။

(ဘာတေးလစ်တနာသည် ဆွီဒင်သတင်းစာဆရာ၊ စာရေးဆရာနှင့် အတိုင်ပင်ခံအဖြစ် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာရေးသားခဲ့သူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar’s ‘Khaki Commerce’ Set to Flourish Under Junta ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

သဲအိတ်နှင့် သံဇကာများ နောက်ကွယ်ရောက် စစ်ကောင်စီတပ်များ

ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်

စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်

စားသုံးသူနဲ့ စစ်အာဏာပိုင်များကြား စီးပွားရေးလုပ်ငန်းတွေ ဘယ်သူ့ ရွေးမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading