စစ်အဏာသိမ်းမှုကို ဆန့်ကျင်ခြင်းနှင့် တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်သောကြောင့် မြန်မာ LGBTIQ အသိုက်အဝန်းမှ အနည်းဆုံးလူ ၁၂ ဦးကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့ပြီး အခြား ၇၃ ဦးကို ဖမ်းဆီး သို့မဟုတ် တရားစွဲဆိုထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အစီရင်ခံစာ တခုအရ သိရသည်။
LGBTIQ ဆိုသည်မှာ လိင်အမျိုးအစား ကွဲပြားသော Lesbian, Gay, Bisexual, Trans, Intersex နှင့် Queer တို့ကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်သည်။
NUG ၏ လူ့အခွင့်အရေး ဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များရေးရာ ဝန်ကြီးဌာနသည် LGBTIQ များက ပြုလုပ်သည့် အဖိုးမဖြတ်နိုင်သော အကျိုးဆောင်မှုများကို အသိအမှတ်ပြုသော Pride Month ကျင်းပသည့်အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း LGBTIQs တို့နှင့်ပတ်သက်သည့် အခြေအနေ အစီရင်ခံစာတစောင်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည်။
LGBTIQ အုပ်စုများသည် ဖေဖေါ်ဝါရီလက စတင်သော ဒီမိုကရေစီလှုပ်ရှားမှု စတင်ချိန်နောက်ပိုင်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ကြသည်။ ၎င်းတို့ပါဝင်လှုပ်ရှားမှု၏ အထင်ရှားဆုံး သင်္ကေတမှာ တနိုင်ငံလုံးမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဝှေ့ယမ်းနေသည့် သက်တန့်ရောင်အလံများ ဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများကို ဖြိုခွဲမှုများ၊ အကြမ်းဖက်မှုများနှင့် ညှင်းပမ်းနှိပ်စက်မှုများ ပြင်းထန်လာချိန်တွင် LGBTIQ ပြည်သူ အများအပြားတို့သည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို ရင်ဆိုင်ရပြီး စစ်ကောင်စီ၏ သတ်ဖြတ်၊ ညှင်းပမ်းနှိပ်စက် သို့မဟုတ် ဖမ်းဆီးခံကြရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၀ ရက်အတွင်း မြစ်ကြီးနား၊ မြင်းခြံ၊ မုံရွာ၊ မော်လမြိုင်၊ ရန်ကုန်၊ ကျောက်ပန်းတောင်းနှင့် မန္တလေးတို့မှ LGBTIQ အနည်းဆုံး ၁၂ ဦးတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်စဉ်အတွင်း သို့မဟုတ် စစ်အကြမ်းဖက်မှုများမှ ဆန္ဒပြသူများကို အကာအကွယ်ပေးစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ပစ်သတ်ခြင်းကို ခံရကြောင်း အထက်ပါအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
မြင်းခြံနှင့် ပဲခူးမှ gay အမျိုးသား ၃ ဦးနှင့် transgender အမျိုးသမီးတဦးတို့ကိုလည်း စစ်ကောင်စီတပ်များက အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်ဟု အထက်ပါအစီရင်ခံစာက ဆိုသည်။
ဖမ်းဆီးခံရသော LGBTIQ ၇၃ ဦးအနက် ၆၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။ အခြားသူ ၂၈ ဦးမှာ ဖမ်းဆီးမှုကို ရှောင်ရှားရန် ပုန်းအောင်းနေကြောင်းလည်း ထိုအစီရင်ခံစာက ဆိုသည်။
၎င်းတို့သည် LGBTIQ ဖြစ်ကြောင်း ထင်ရှားသည့် သွင်ပြင်များကြောင့် ဖမ်းဆီးခံရသော transgender လိင်ပြောင်း အမျိုးသမီးများသည် ရဲက သို့မဟုတ် စစ်ကောင်စီတပ်များက ဖမ်းဆီးခံထားရချိန်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှု အမျိုးမျိုးကို ရင်ဆိုင်ရသည်။
စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး အပြင်းအထန် နှိပ်စက်ခံရသည့် ရန်ကုန်မှ အသက် ၅၀ အရွယ် transgender အမျိုးသမီးတဦးကို ထိုအစီရင်ခံစာက ကိုးကားဖေါ်ပြသည်။
ထိုအမျိုးသမီးသည် ကျော၊ ပုခုံးများနှင့် ဦးခေါင်းတို့တွင်ရိုက်နှက်ခံရပြီး အဝတ်အားလုံးချွတ်ခံရကာ အချိန်ပြည့် ဒူးထောက်နေရသည်။ ရင်သားထိပ်များကို ဆေးလိပ်မီးဖြင့် ရှို့ခြင်း၊ စက္ကူညှပ်များဖြင့် ညှပ်ထားခြင်း၊ စအိုအတွင်း သို့ ပုလင်းများဖြင့် ထိုးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
“ရင်သားထိပ်ကို မီးရှို့ပြီး စအိုကို ပုလင်းနဲ့ထိုးပြီး သူတို့ကျေနပ်သွားတော့ သူတို့အိပ်ခါနီးမှာ ဖားခုန် ခုန်ခိုင်းတယ်။ ခြံဝန်းက အရမ်းကျယ်ပေမယ့် လုပ်နိုင်တယ်။ နောက်ပြီး လက်နှစ်ဖက်ကို ပေါင်ကြားမှာညှပ်ထားပြီး လူကိုလှည့်ခိုင်းတယ်။ တနေကုန် ရွံ့တွေ ဖုန်တွေထဲမှ နေခိုင်းတယ်” ဟု ထိုအမျိုးသမီး ပြောသည်ဟု ဆိုသည်။
ထိုဒဏ်ရာများပျောက်ကင်းရေးအတွက် တလခန့်ကြာကြောင်း ထိုအမျိုးသမီးပြောသည်။
ထို့အပြင် HIV အတွက် antiretroviral ကုထုံးဖြင့် ကုသမှုခံယူနေသည့် ဖမ်းဆီးခံရသည့် gay နှင့် transgender များသည် ၎င်းတို့၏ အခြေအနေကို ဖမ်းဆီးထားသူများအား မပြောရဲသောကြောင့် ဆေးဝါးများ မရရှိကြောင်းလည်း ဖေါ်ပြထားသည်။
စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သော LGBTIQ လူမှုအသိုက်အဝန်းဝင်များသည် စစ်ကောင်စီတပ်များ၏ ပြင်းထန်သော လက်စားချေမှုများနှင့် ခွဲခြားဆက်ဆံတိုက်ခိုက်မှုများကို ခံရကြောင်း LGBTIQ များကို ကိုယ်စားပြုသည့် လူမှုအခြေပြုအဖွဲ့အစည်းများကပြောသည်။
သို့သော် ၎င်းတို့သည် အားလုံး တန်းတူညီမျှမှု ရရှိရေး တော်လှန်ရေးအပေါ် ပါဝင်မှုကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ထိုအုပ်စုများပြောသည်။
LGBTIQ ပြည်သူများအပါအဝင် အရပ်သားအားလုံးအပေါ် အကြမ်းဖက်မှု ချက်ခြင်းအဆုံးသတ်ရေးနှင့် ဖမ်းဆီးခံအားလုံး လွတ်မြောက်ရေး၊ ပြန်လည်လွတ်မြောက်လာသောအခါ လိုအပ်သော စိတ်ပိုင်းနှင့်လူမှု ထောက်ခံမှုပေးရေးတို့အတွက် စစ်ကောင်စီကို ဖိအားပေးရန် NUG က နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုထားသည်။
LGBTIQ လူမှုအသိုက်အဝန်းအပါအဝင် ပြည်သူများအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရေးကို ထောက်ခံလုပ်ကိုင်ကြရန်လည်း နိုင်ငံတကာ အသိုက်အဝန်းကို NUG က တိုက်တွန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s LGBTIQ Community Faces Death and Torture From Junta ကို ဘာသာပြန်သည်။)
You may also like these stories:
ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ
သြစတြေးလျ ပညာတော်သင် မြန်မာကျောင်းသားများကို စစ်ကောင်စီသံရုံး စာပို့ ခြိမ်းခြောက်
ဖမ်းထားသူများ ပြန်လွှတ်ရာ၌ NLD၊ CDM နှင့် သပိတ်ခေါင်းဆောင်များအား ချန်ခဲ့