စစ်တပ်က အာဏာသိမ်းယူပြီး ၅ လခန့်အကြာ ဇွန်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ကာလအတွင်း ဖမ်းဆီးထားသူ ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။
ပြန်လွတ်လာသူ အများစုမှာ ဆန္ဒပြပွဲများတွင် ပါဝင်ရင်း ဖမ်းဆီးခံရသူများဖြစ်ပြီး သတင်းသမား ၁၂ ဦးခန့်၊ ရုပ်ရှင် သရုပ်ဆောင် ၁ ဦးနှင့် ကဗျာဆရာအချို့ ပါဝင်ခဲ့သည်။
ပြန်လွတ်လာသည့် သတင်းသမားများထဲက တချို့ကို ၎င်းတို့ ဖမ်းဆီးခံရစဉ် အတွေ့အကြုံများ၊ ထောင်တွင်း ကြုံတွေ့ခဲ့ ရသည်များကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
ကိုအောင်မြသန်း
သတင်းထောက် (Ayeyarwaddy Times)
ကျနော့်ကို စစ်ကား ၈ စီးနဲ့ အိမ်ကိုလာဝိုင်းပြီး ခေါ်သွားတယ်။ ပြီးတော့ စစ်ကြောရေး ဝင်ရတယ်။ ရိုက်နှက်တာတွေ ရှိ တယ်။ နံရိုးတွေ၊ မျက်နှာတွေကို ထိုးတယ်။ ပါးစပ်ကိုကြေအောင် ထိုးတယ်။ ပါးတွေရိုက်တယ်။ သောက်စားပြီးတော့ စစ် တပ်က ၈ ယောက်လောက် ကျနော်ကို စစ်ကြောရေး လုပ်တယ်။ သတင်းထောက်တွေက မမှန်သတင်း ရေးသားတယ် ဆိုပြီး ဖော်ထုတ်ခိုင်းတယ်။ စစ်ကောင်စီ မကောင်းကြောင်း ရေးတာတွေကိုပေါ့။ တကယ်တော့ အပြင်မှာက တကယ်လုပ် တာကို ရေးတာ။ ဒါပေမယ့် သူတို့ကို မတရားသဖြင့် ရေးတယ်ဆိုပြီးတော့ သတင်းထောက်တွေကို ဖော်ထုတ်ခိုင်းတယ်။
စစ်ကောင်စီ အာဏာသိမ်းတဲ့နေ့တုန်းက ကျနော့်အကောင့်ကနေ တိုက်ရိုက် (Live) လွှင့်ပြီး စိန်ခေါ်ထားတာ ရှိတယ်။ အဲဒါ ကို အခုချမလား ထိုးမယ်ကြိတ်မယ်ဆိုပြီး ကျနော့်ကို ရိုက်နှက်ပြီး စစ်တာပေါ့။ ပထမတုန်းက မအူပင် ရဲစခန်းမှာ စစ်တယ်။ အဲဒီမှာ တော်တော်ထိခိုက်တာပေါ့။ မျက်နှာတွေ ယောင်ကိုင်းသွားတယ်၊ ပါးစပ်တွေ ကြေတယ်။ တညလုံးနဲ့ နောက်နေ့ တရက်အထိ ကျနော်အိပ်လို့ မရဘူး။ အမှန်တော့ စစ်ကြောတာထက် သူတို့ကို စိန်ခေါ်လို့ ရန်ဖြစ်သလို ကျနော့်ကို ဝိုင်းထိုး ကြတာ၊ ၇ ယောက်ဝိုင်းထိုးတာ။ ပါးတွေ၊ ပါးစပ်တွေကို ရိုက်တော့ နှုတ်ခမ်းအသားတွေ ကြေကုန်တာ အသားတွေက အဖက်လိုက်၊ အဖက်လိုက် ဖြစ်တော့ ရေတောင်သောက်လို့ မရဘူး။
နောက် ၂ ရက်ကျတော့ ခလရ (ခြေလျင်တပ်) ၂၇ တပ်ရင်းကို ခေါ်သွားပြီး တခါစစ်တယ်။ စစ်တဲ့အခါ ရိုက်နှက် တာတော့ မလုပ်ဘူး။ မှန်မှန်ကန်ကန်ဖြေဆိုပြီး သူတို့သိချင်တဲ့ အချက်အလက်တွေ မေးတယ်။ ပြီးတော့ မအူပင်ထောင်မှာ တိုက်ပိတ် ထားတယ်။ လွတ်တဲ့နေ့အထိ တိုက်ပိတ်ထားပြီးတော့ ထပ်စစ်ဆေးတယ်။ ကျနော့်ဖုန်းကတ်ကို ဆင့်ပွားလုပ်ထားတယ်။ အဲဒီကနေ အသံဖိုင် ၇ ခု ရတယ်ပြောတယ်။ ဧရာဝတီတိုင်းအတွက် လက်နက်ဝယ်တာမှာ တစိတ်တဒေသ အထောက် အကူ ပေးတယ်ဆိုပြီး ကျနော့်ကို စွပ်စွဲတယ်။ သူတို့ပြောတာ အသံဖိုင်ရတယ်ဆိုပြီး အသံဖိုင်ထဲက အချက်တွေကိုမေးတာ။ ကျနော် တယောက်ယောက်နဲ့ ဆက်သွယ်တာနဲ့ သူတို့ဆီကို တန်းရောက်နေပြီ။ အသံက သူတို့ ဘယ်လို ပွားထားလဲတော့ မသိဘူး။
ကျနော့်ကို စဖမ်းတဲ့နေ့ကတည်းက ၁ လနဲ့ ၁၉ ရက် အချုပ်ထဲမှာ ၃ ရက်ပဲ နေရပြီး တောက်လျှောက် တိုက်ပိတ်ထားတာ ပဲ။ အခုလက်ရှိက အတွင်းကြေပုံစံမျိုးပဲ။ သွေးထွက်သံယိုဖြစ်အောင် မလုပ်ဘူး။ ပါးပါးနပ်နပ်နဲ့ စစ်ကြောရေးမှာ ဆိုတော့ ညှဉ်းပန်းနှိပ်စက်တာ အသက်ကြီးရင်တော့ ဒဏ် ပြန်ခံရင်ခံရမယ်။ အခုနေတော့ ဘာမှမဖြစ်သေးဘူး။ ကျောကုန်းတွေ၊ နံ ရိုးတွေ၊ ရင်ဝတွေ၊ မေးရိုးတွေ၊ အဓိကတော့ ခေါင်းကတော့ ခဏခဏ မူးနောက်နေတာပဲ။ ရာသီဥတုအေးရင် သိပ်မသိရ ဘူး။ ပူရင်တော့ ခံရတယ်။
ထောင်ထဲကျတော့ ၅၀၅ နဲ့ ပတ်သက်တဲ့ အကျဉ်းသားတွေကို နှိပ်စက်တာ မရှိဘူး။ နားလည်မှု ပေးထားတယ်။ စစ်ကြောရေးက အဓိကပဲ။ ရဲစခန်းကို ဖမ်းခေါ်သွားရင် ရဲက ဝင်ပြောပိုင်ခွင့်တောင် မရှိဘူး။ သူတို့က ရဲအသွင်ကို ယူထား တယ်။ ရဲယူနီဖောင်း ဝတ်ထားတယ်။ စအဖပါတယ်။ SB ပါတယ်။ စစ်တပ်ပါတယ်။ အဓိကတော့ စစ်တပ်က အများဆုံးပဲ။ သူတို့ အဖွဲ့တွေက စစ်ကြောရေးလုပ်တာ။ ရဲစခန်းမှာ ရဲကို ဒီအမှုဖွင့်ဆို ရဲကဖွင့်ရုံပဲ ဘာမှ ဝင်ပြောပိုင်ခွင့်မရှိဘူး။ ဥပဒေ ကို ကျော်လွန်ပြီး လုပ်နေတယ်လို့ မြင်တယ်။
ကိုဇင်သော်နိုင်
အယ်ဒီတာ (Democracy Vision)
လွတ်တဲ့နေ့ကျမှ ကျနော်တို့ ပုံမှန်ထိုင်နေတဲ့နေရာမှာ ထောင်အရာရှိက ရောက်လာပြီး မင်းတို့ လွတ်တယ်ဆိုပြီးတော့ ပြော တာ။ ကြိုပြီးတော့ သိနေတာ မရှိဘူး။ သတင်းတွေကတော့ ကြားနေတာပေါ့။ ဖမ်းတဲ့နေ့က ကျနော့်ကို စခန်းဘက် က ဝရမ်းထုတ်ထားပြီးသားဆိုတော့ ဗိုလ်တထောင်ရဲစခန်းကနေမိပြီး ပုစွန်တောင်ရဲစခန်းကို ပြန်လွှဲလိုက်တယ်။ အဲဒီကနေ အမှုနဲ့စွဲတယ်။ ပုစွန်တောင်ရောက်မှ ကျနော့်ကို အချုပ်ထဲ ထည့်ထားတုန်းမှာ တပ်ကအရာရှိတယောက် ရောက်လာ တယ်။ အဲဒီတယောက်က မေးတယ်။ မေးတော့ ရိုက်တာ၊ နှက်တာ၊ ထိုးတာ ရှိတယ်။ အဲဒီတညပါပဲ။ နောက်နေ့မနက် ကျ ရဲက ချက်ချင်းပဲ ရမန်ယူပြီး ထောင်ကို ပို့ပေးတယ်။ အချုပ်ထဲမှာ တခုခုဖြစ်သွားမှာ၊ သေသွားမှာ စိုးရိမ်လို့ ရဲက ချက်ချင်း ပဲ ထောင်ထဲကို တန်းပို့လိုက်တယ်။
ကျနော်က စစ်ကြောရေး မရောက်ဘူး။ စခန်းထဲမှာပဲ ထိုးကြိတ်တာ ခံလိုက်ရတယ်။ ခေါင်းကို ထိုးကြိတ်တာ၊ ပါးပိတ်ရိုက် တာ အဲဒီလောက်ပဲ။ ကြီးကြီးမားမားတော့ မရှိလိုက်ဘူး။ ကျနော့်ကိုယ်က တရားစွဲထားပြီးမှ မိတာဆိုတော့ တရားစွဲတဲ့ အကြောင်းအရာတွေ၊ စွဲချက်တင်တဲ့ဟာတွေ ရှိပြီးသား။ တခုတော့ ရှိတယ်။ ကျနော့်ကို ဖမ်းတဲ့အချိန်မှာ ဖုန်းထဲ ကနေ ဘာမှ ဟုတ်တိပတ်တိ မရလိုက်တဲ့အခါကျတော့ သူတို့ဆီမှာ ရှိတဲ့ဟာကိုပဲ စွဲချက်တင်ပြီး နိုင်ငံတော်အကြီးအကဲကို ဆဲဆို တယ်။ အဲဒီဟာနဲ့ပဲ စွဲတယ်။ ကျနော့်ကို ဖိအားပေးတာ ရှိတယ်။
လောလောဆယ်တော့ ခဏအနားယူမယ်။ သတင်းဌာနမှာ လုပ်စရာရှိတာ လုပ်မယ်။ မိသားစုအတွက် အချိန်ပေးပြီး တ ပတ်နှစ်ပတ်တော့ အနားယူဦးမယ်။ ကိုယ်လုပ်စရာရှိတာကတော့ အရေးတော်ပုံအောင်တဲ့အထိ ဆက်လုပ်ရဦးမှာပဲ။ လောလောဆယ် မိသားစုနဲ့ အကြာကြီးခွဲခွာထားရတော့ မိသားစုနဲ့ ကလေးတွေအတွက် ပြန်လုပ်ပေးရဦးမှာပေါ့။ ပွင့် ပွင့်လင်းလင်းပြောရရင် ကျနော်တို့ အချက်အလက်တွေက သူတို့ဆီမှာ ရှိသွားတော့ အချိန်မရွေး သူတို့ဖမ်းချင် ပြန်ပြီးဖမ်း လို့ရတဲ့ အနေအထားပေါ့။ ကျနော်တို့ကတော့ လွတ်လာတယ်ဆိုလည်း ထောင်ကလေးထဲကနေ ထောင်ကြီးထဲ ပြန်ရောက် သွားသလိုပါပဲ။ လုပ်နေတဲ့ပုံစံမှာ သူတို့ထိခိုက်တယ်ဆိုပြီး လာဖမ်းတယ်ဆိုရင်လည်း ဖမ်းမှာပဲ။ ဘာမှမဟုတ်ဘဲ ဖေ့ဘွတ်ခ် ပို့စ်လေးတခုနဲ့ ဖမ်းတာမျိုးလည်း ရှိခဲ့တာကိုး။
ကိုဗညားဦး
အလွတ်တန်းသတင်းထောက်
ကျနော်တို့ကို ထောင်ကို တန်းပို့တယ်။ ထောင်မှာပဲ ရဲတွေက စစ်တယ်။ ထောင်စစ်ကြောရေးမှာဆိုတော့ အရိုက်တော့ မခံ ရဘူး။ အပြင်စစ်ကြောရေးက လူတွေကတော့ အရိုက်ခံရတယ်။ ထောင်ထဲမှာက အပြင်က မီဒီယာတွေပို့တဲ့ အစား အသောက်တွေ ရတယ်။ အိမ်က ပို့တဲ့ဟာရတယ်။ အထဲမှာ သူတို့ကျွေးတာတွေကတော့ အဆင်မပြေဘူးပေါ့။ ထမင်းလို့၊ ဟင်းလို့ အမည်တပ်ရုံပဲ ရှိတယ်။ ကျနော်တို့က ထောင်စည်းကမ်းတွေ မလိုက်နာတာလည်း ရှိတယ်။ အလုပ်ကြိုးစား လုပ် ကိုင်ရမယ် စသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးနှိမ်တဲ့ဟာတွေကို မလိုက်နာနိုင်ဘူးပြောတော့ ကျနော်တို့ကို တိုက်ပိတ်တယ်။
အားလုံးပေါင်း သတင်းထောက် ၇ ယောက်ကို တိုက်ပိတ်တယ်။ ပြီးရင် ထောင်မကြီးကို ပို့တယ်။ ထောင်မကြီးပြီးတော့ ပုံစံခန်းဆိုတာ ရှိတယ်။ အရင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံခန်းထဲထည့်ပြီးတော့ သူတို့ ရိုက်နှက်တာပေါ့။ အဲဒီ အခန်းထဲမှာ ကျနော်တို့ကို ပုံစံထိုင်ခိုင်းတော့ နိုင်ငံရေးအကျဉ်းသားတွေကို အဲဒီလို မဆက်ဆံဖို့ပြောတော့ သူတို့နဲ့ အဓိကရုဏ်းဖြစ်တယ်။ အခြားထိုင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ပါလာတော့ ရုန်းရင်းဆန်ခတ်တော့ တော် တော်ဖြစ်သွားတယ်။ ဖြစ်သွားပြီးတဲ့နောက် ကျနော်တို့ကို အဲဒီအခန်းကနေ အခြားအခန်းတခန်းကို ရွှေ့တယ်။ အဲဒီ အခန်းမှာ ထောင်ပိုင်လေးနဲ့ ထောင်မကြီးဦးစီးက ကျနော်တို့ကို ထောင်အတွင်းမှာ အများပြည်သူကို ဆူပူအောင် လှုံ့ဆော် တယ်ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ ရာဇဝတ်သားတွေရှိတဲ့ အဆောင်ကို ပို့လိုက်တယ်။ အဲဒီမှာ ၁၈ ရက် နေရတယ်။
အပြင်မထွက်ရဘူး။ စကားမပြောရဘူး။ စကားပြောတဲ့သူတွေကို အဆောင်ပြောင်းမယ်။ တိုက်ပိတ်မယ်လို့ ခြိမ်းခြောက် တယ်။ ရိုက်နှက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်တာတွေ၊ အပြင်မထွက်ရတာတွေတော့ ရှိ တယ်။ အဲဒါတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလေ။ ပြန်ထွက်တဲ့အချိန်မှာ ခံဝန်တွေဘာတွေ ထိုးရတာတော့ မရှိဘူး။ အခု လောလောဆယ်တော့ ကျနော်နားနေတယ်။ ဒါပေမယ့် စိုးရိမ်စိတ်တွေတော့ ရှိနေတယ်။ အိမ်နားမှာ ဗုံးကွဲတာတို့၊ မီးရှို့တာတို့ ဖြစ်ရင် ကျနော်တို့ကို သူတို့က လာဖမ်းသွားနိုင်တယ်။ အဲဒီအတွက် စိတ်မလုံမခြုံ ဖြစ်နေရတာပေါ့။
ကိုစိုးရာဇာထွန်း
အလွတ်တန်းသတင်းထောက်
စစချင်းကတော့ အင်းစိန်မှာ သူတို့ထောင်ပုံစံအတိုင်းပဲ စာရင်းတွေကောက်တယ်။ သတင်းထောက်တွေ၊ သံတမန်တွေ၊ ဝန် ထမ်းတွေပါလား သူတို့ စာရင်းကောက်တယ်။ အကျဉ်းဦးစီးက ဝန်ထမ်းတွေက ခုံတွေနဲ့ထိုင်ပြီး ကျနော်တို့ကို မြေပြင်မှာ ထိုင်ခိုင်းပြီး စစ်တယ်။ အမှန်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ချိုးနှိမ်တာပါ။ အဲဒီမှာ သူတို့က ကြီးတဲ့ငယ်တဲ့သူတွေကို ဂါရဝတရားမထားဘဲ မင်းတွေငါတွေနဲ့ ပြောတယ်။ ဆဲဆိုကြိမ်းမောင်းတာကလွဲရင် တော်တော်ကို ပြင်းပြင်းထန်ထန်နဲ့ ပြော တယ်။ နောက် ၂ ရက်လောက်နေတော့ တခန်းကို လူ ၈၀ ရှိတဲ့အထဲက ၄ ယောက်လောက်ကို ရွေးပြီး တိုက်ပိတ်လိုက် တယ်။ အဲဒီထဲမှာ ကျနော်လည်း ပါတယ်။ ၁ ရက် ၁ ညလောက်တော့ ကြာတယ်။ နောက်တော့ လွှတ်ပေးတယ်။
စစချင်း ရဲတွေရဲ့ ဖုန်းကတဆင့်ပဲ အိမ်ကို ဆက်သွယ်လို့ရတယ်။ အဲဒီနောက် ၂ လ ကြာသွားတယ်။ နောက် ကျနော့် ရုံးချိန်းမှာ ရှေ့နေဖုန်းကတဆင့် အိမ်ကို ဆက်သွယ်လို့ရတယ်။ ဒါလည်း လွတ်လွတ်လပ်လပ်တော့ မဟုတ်ဘူး။ တံခါးနားလေးမှာ ကပ်ပြီး ပြောရတာပေါ့။ ကျန်းမာကြောင်း အိမ်ကို အသိပေးတာပါ။ ထောင်ထဲမှာ ကျနော်တို့ကို ယခင် နိုင်ငံရေးသမားတွေ ကို သေနတ်ဒင်နဲ့ ထုတာ၊ ပုံစံကြီးထိုင်ခိုင်းတာ၊ မိကျောင်းသွားခိုင်းတာ၊ ခွေးတိုက်ကိုလွှတ်တာတို့ စသဖြင့် မရှိပေမယ့် သူတို့ရဲ့ စည်းကမ်းချက်တွေကို မလိုက်နာလို့ဆိုပြီး အပြစ်ပေးတာတော့ ရှိပါတယ်။ ပြန်ထွက်ခွင့်ရဖို့အတွက် ထောင်ပိုင်တွေ နဲ့ ညှိနှိုင်းတာတွေ မလုပ်ခဲ့ရပါဘူး။ ညှိနှိုင်းထားတာလည်း ဘာတခုမှ မရှိပါဘူး။
——
ကျနော် အဖမ်းခံရတုန်းက ရဲတွေက စကားနဲ့ နည်းနည်းပါးပါး ဆဲတာလောက်ပဲ ရှိတယ်။ ဘာမှတော့ မလုပ်ဘူး။ ပထ မတော့ နယ်မြေရဲစခန်းကို ပို့တယ်။ နောက်နေ့ကျ စစ်ကြောရေးကို ပို့ပါတယ်။ စစ်ကြောရေးမှာလည်း ရိုက်နှက် တာတော့ မရှိပါဘူး။ ဒီတိုင်းပဲ မေးပါတယ်။ ထောင်ထဲမှာ လူတွေ တအားများတယ်။ ရောက်ရောက်ချင်း ၂ ပတ်လောက်တော့ လူ နည်းတယ်။ တခန်းကို အယောက် ၅၀/၆၀ လောက် ထားတဲ့အခန်းထဲ ထည့်တယ်။ တခန်းကို ၆၀ လောက်ရှိတယ်။ နောက်တော့ လူတွေထပ်ရောက်လာတာနဲ့ တခန်းကို ၈၀ ကျော်လောက် ဖြစ်လာတယ်။ အိပ်ရတာက တစောင်းတွေ အိပ် ရတာပေါ့။
ကျနော်တို့ ၅၀၅ သမားတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား လူ့အခွင့်အရေး ချိုးဖောက်တာတော့ မရှိပါဘူး။ ထောင်ထဲမှာ တဆောင်ကို လူတဝက်လောက် တော်တော်များများ ဖျားနေကြတာတော့ ရှိတယ်။ ၆ လပိုင်း ၂၈ ရက်မှာ စစ်ကြောရေးက နေ ထောင်ထဲကို ၁၅ ယောက်လောက် ရောက်လာတယ်။ အဲဒီအထဲမှာ ကိုဗစ်လို့ သံသယ ဖြစ်ရမယ့်သူ၊ တော်တော်ဖျား နေတဲ့သူက ၃ ယောက်လောက် ပါတယ်။ အဲဒီလူတွေကိုတော့ တိုက်ထဲ သီးသန့်ထည့်ထားတယ်။ ကျန်တဲ့သူတွေကို လည်း သပ်သပ်တခန်းထားပြီး ကွာရန်တင်း သဘောမျိုး လုပ်ထားတာတော့ ရှိတယ်။ အထဲမှာ ဆေးခန်းတော့ ရှိတယ်။ သူတို့မှာရှိတဲ့ ဆေးတွေတော့ ပေးပါတယ်။ အခု အပြင်ပြန်ရောက်တော့ ဘာမှမလုပ်ဘဲ နောက်တခေါက် ထပ်အဖမ်းခံ ရမှာ စိုးရိမ်နေတာတော့ ရှိပါတယ်။ အခု အဖမ်းခံရတာကလည်း ကိုယ်က ဘာမှမလုပ်ပေမယ့်လည်း အဖမ်းခံသွားရတာ ဆိုတော့ ပိုသတိထားရမှာပေါ့။
ကိုရဲမျိုးခန့်
ဓာတ်ပုံသတင်းထောက် (Myanmar Pressphoto Agency)
နောက်ဆုံး ထွက်လာတဲ့နေ့အထိ လွတ်မယ်၊ မလွတ်ဘူးဆိုတာ ကြိုတင်သိထားခြင်း မရှိဘူး။ အဲဒီနေ့က ထောင်ထဲမှာ ပုံမှန်နေနေတဲ့အတိုင်းပဲ နေနေတာ။ နာမည်ခေါ်လို့ ကျနော်က တိုက်ထဲထည့်မယ်ထင်တာ။ လွှတ် မယ်ဆိုပြီး ကျနော်တို့ ထွက်လာရတာပေါ့။ ကျနော့်ကို ပထမဆုံး ဖမ်းသွားတုန်းက နှိပ်စက်ရိုက်နှက်တာ မျိုးတော့ မရှိဘူး။ သို့သော် ခြိမ်းခြောက် ဖိအားပေးပြီး ထွက်ဆိုခိုင်းတဲ့ ထွက်ဆိုချက်မျိုးတော့ ရှိတယ်။ သတင်းမီဒီယာ လုပ်ထုံးလုပ်နည်း နဲ့ သွေဖယ်ပြီးတော့ ဆန္ဒပြပါတယ်၊ တခြားလှုံ့ဆော်တာတွေ လုပ်ဆောင်ပါတယ်ဆိုတဲ့ ပုံစံမျိုး ဖိအားပေးတာတော့ ရှိ တယ်။ ကျနော့်ကို ထောင်ထဲတန်းပို့တာ စစ်ကြောရေးတော့ မရောက်ခဲ့ဘူး။
ထောင်ထဲမှာ နေတဲ့အချိန်ကတော့ ကျနော်တို့ အပါအဝင် တခြား နိုင်ငံရေးနဲ့ ရောက်လာတဲ့ အချုပ်သားတွေ၊ အကျဉ်း သားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ရှိတယ်။ နိုင်ငံရေးကြောင့် ရောက်လာတဲ့ အချုပ်သား၊ အကျဉ်း သားတွေအပေါ်မှာ ထားတဲ့ ဆက်ဆံမှုမျိုးက တခြားပြစ်မှုပြစ်ဒဏ်ကြောင့် ရောက်တဲ့ အချုပ်သား၊ အကျဉ်းသားတွေအပေါ် မှာထားတဲ့ ဆက်ဆံမှုမျိုးထက် ပိုပြီးတော့ တင်းမာတာ ရှိတယ်။ ဖိအားပေးပြီး အလုပ်စေခိုင်းမှုတွေ၊ ပြီးတော့ တခြား အကြောင်းအရာတွေလည်း ရှိတယ်။ အချုပ်အနေနဲ့က အလုပ်ကြမ်း လုပ်ရတာမျိုး မရှိဘူး။ သို့သော် ၅၀၅ နဲ့ကျတဲ့ အကျဉ်း သားတွေမှာတော့ ထောင်မကြီးဘက်မှာ အလုပ်စေခိုင်းမှုတွေ ရှိတယ်။ ကျနော့်အနေနဲ့ ထောင်ထဲမှာ ရိုက်နှက်နှိပ်စက်ခံရ တာမျိုးတော့ မကြုံရဘူး။
ထောင်ထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေကို အချိန်ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတွေ ရှိ တယ်။ အသက်ကြီးတဲ့သူတွေ၊ နာမကျန်းဖြစ်တဲ့ လူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာ ရှိတယ်။ ထောင်ထဲမှာပဲ နာမကျန်း ဖြစ်ပြီးတော့ သေဆုံးသွားတဲ့ လူတွေလည်း ရှိတယ်။ ထောင်ထဲမှာ နာမကျန်းဖြစ်ရင်း ရောဂါကြောင့် သေဆုံး သွားတဲ့လူက ကျနော် မြင်ရသလောက် ၃ ယောက်လောက် ရှိတယ်။
ကျနော့်အနေနဲ့ သတင်းထောက်ဆက်လုပ်ဖို့တော့ ရှိပါတယ်။ သို့သော် အခုချိန်မှာတော့ စဉ်းစားနေတုန်းပါပဲ။ ဘယ်လို ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို။ ကျနော်တို့ လွတ်လာပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ အချုပ်သား၊ အကျဉ်းသားတွေ ကတော့ လက်ရှိအထိ ထောင်အာဏာပိုင်တွေ အနေနဲ့ရော၊ စစ်ဘက်ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ကရော ဖိနှိပ်မှုတွေ တိုး လာမယ်လို့ ထင်တယ်။ လုံခြုံမှုအပိုင်းကတော့ တခြားအပြင်မှာနေတဲ့ လူတွေနည်းတူပါပဲ လုံခြုံမရှိဘူးပေါ့။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရတဲ့ အနေအထားမျိုးပါပဲ။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီ၏ နေဝင်ချိန်
စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ