အဆိုတော် နိုဗန်ထူးက သူနဲ့ ရေမွန်ရဲ့ အမှတ်တရ ဗီဒီယို တခုကို ပရိသတ် တဦးမှ TikTok နဲ့ တွဲပြီး ပြုလုပ်ထားတဲ့အပေါ် တရုတ်ပိုင် TikTok အား ထိထိရောက်ရောက် Boycott (သပိတ်မှောက်) ကြဖို့ တိုက်တွန်းထားပါတယ်။
“ဒီဗီဒီယိုလေး ကြည့်တော့ TikTok ဆိုတာ တွေ့ပြီး ဝမ်းနည်းမိတယ်။ အခုထိ မိသားစုတွေ သေကွဲကွဲရ၊ ရှင်ကွဲကွဲရ ဖြစ်နေချိန်မှာ မိတ်ဆွေတို့အနေနဲ့ Boycott စရာရှိတာ Boycott ဖို့တော့ မျှော်လင့်မိတယ်”
“ကျနော်တို့ဆိုလည်း Mobile Legends ဆော့ခဲ့တာပဲ။ တော်လှန်ရေးကြောင့်ပဲ ကျနော်တို့တင်မက Pro Player တွေလည်း Boycott ကြတာပဲ။ လေးစားမိတယ်။ ဂိမ်းက ဘဝဆိုပြီး ရပ်တည်သူတွေ လုပ်နိုင်တာ။ TikTok အစား အစားထိုးစရာ Dubsmash ရှိပါတယ်ဗျာ။ အရာအားလုံးက ပြန်လည် တည်ဆောက်လို့ ရပါတယ်”လို့ နိုဗန်ထူးက ဆိုပါတယ်။
တရုတ်ကို Boycott လုပ်တဲ့အနေနဲ့ TikTok အသုံးပြုခြင်းအား ရပ်တန့်ပြီး၊ TikTok အစား Dubsmash ကို ပြောင်းသုံးဖို့ အကြံပေးထားပါတယ်။
“အချင်းချင်း ပြန်ဝိုင်းဝန်း ကူညီရင် Dubsmash မှာလည်း လူပြန်များလာမှာပါ။ တရုတ်ကို Boycott လုပ်ကြမယ်။ TikTok ဆော့ခြင်းကို ရပ်တန့်ပြီး Dubsmash ကို ပြောင်းသုံးဖို့ အကြံပြုပါရစေ”လို့ နိုဗန်ထူးက တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီး နိုဗန်ထူးက မကြာခင် ထွက်ရှိမယ့် သူ့ရဲ့ သီချင်းအသစ်ထဲက အပိုင်းအစ အချို့ကို အမြည်း မိတ်ဆက်ပေးထားပါတယ်။
“ကျနော် စက်တွေမှာထားတာ အနည်းငယ် နောက်ကျတဲ့အတွက်ကြောင့် သီချင်းထွက်တာ နောက်ကျသွားပါတယ်။ ကိုတွတ် (ရေမွန်) တော့ မပါနိုင်တော့ဘူးပေါ့။ Pre Chorus အမြည်း နည်းနည်းပေးတဲ့ သဘောပါ။ မကြာမီ ထွက်နိုင်အောင် ကြိုးစားမယ်”လို့ နိုဗန်ထူးက ဆိုပါတယ်။
အဆိုပါ သီချင်းမှာ “လက်နက်မဲ့တဲ့ ပြည်သူများဘဝကို သတ်ဖြတ်နေတဲ့ စစ်ခွေးတွေ၊ နဖူးတွေ့ ဒူးတွေ့ ကြုံကြတဲ့အခါ အလံဖြူတွေ မထောင်ကြေး။ အသားထဲက လောက်ထွက်နေတဲ့သူတွေကိုပါ စာရင်းထဲ ထည့်မှတ်မယ်။ ဆွေးနွေးဖို့တော့ မရှိ”ဆိုတဲ့ စာသားများ ပါဝင်ပါတယ်။
အဆိုတော် နိုဗန်ထူးဟာ ရေမွန်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရေမွန်အား သတိရခြင်း အထိမ်းအမှတ်အဖြစ် သစ်ပင်တွေ စိုက်ပျိုးကြမယ့် “Raymond Tree” ကမ်ပိန်းမှာ ပရိသတ်တွေ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
You may also like these stories:
အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ
ရေမွန်နဲ့ ပတ်သက်ရင် ကောင်းတဲ့အရာတွေပဲ ရှိစေချင်တဲ့ နိုဗန်ထူး
တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်