အဆိုတော် ရေမွန်နဲ့ ပတ်သက်ရင် သူ့ရဲ့ အနုပညာကို တန်ဖိုးထားပုံ၊ အနုပညာကလွဲပြီး ဘာမှ မမက်မောကြောင်း၊ လူတွေကို မေတ္တာတရား အရေးကြီးဆုံး စသဖြင့် ကောင်းတဲ့အရာတွေပဲ ရှိစေချင်တယ်လို့ နိုဗန်ထူးက ဆိုပါတယ်။
“ကျနော့်အနေနဲ့ ပြောရရင် ကိုရေမွန်နဲ့ ပတ်သက်ရင် အနုပညာကို တန်ဖိုးထားပုံ၊ အနုပညာသမားရဲ့အနုပညာကလွဲ ဘာမှ မမက်မောကြောင်းတွေ၊ အရှုံးမပေးဘဲ အိပ်မက်အတိုင်း တောက်လျှောက် ဒိုးတာတို့၊ ဓမ္မဘက်မှာ ဘာဘဲဖြစ်နေနေ ရပ်တည်တာတို့၊ လူတွေကို မေတ္တာတရား အရေးကြီးဆုံး ဆိုတာကို ပြောတာတို့ စသည်ဖြင့် ကောင်းတဲ့အရာတွေနဲ့ပဲ ခင်ဗျားတို့ရဲ့ မှတ်ဉာဏ်ထဲကို ကူးစက်ချင်တာ”
“ဒါကြောင့်ပဲ အပင်လေးတွေ စိုက်တာ၊ တော်လှန်ရေးအတွက် ရည်စူးပြီး လှူတာမျိုး၊ မိသားစုဝင်တွေကို စောင့်ရှောက်တာမျိုးတွေကိုပဲ ဦးစားပေးလုပ်စေချင်တယ်”လို့ နိုဗန်ထူးက ပြောပါတယ်။
ဆက်လက်ပြီး နိုဗန်ထူးက ရေမွန်နဲ့ မထွက်ရသေးတဲ့ သီချင်းတွေ၊ ရေမွန် ဖြစ်ချင်ခဲ့တဲ့ THC Squad နဲ့ Idiots ရဲ့ တတိယ အယ်လ်ဘမ် ထွက်ဖို့ ကူညီဖို့ စတာတွေပဲ စိတ်ထဲရှိတယ်လို့ ဆိုပါတယ်။
“ကျနော်ဆိုလည်း မထွက်ရတဲ့ သူနဲ့ သီချင်းတွေ၊ သူအရမ်းဖြစ်ချင်တဲ့ THC (Idiots, Eternal Gosh, Out of the rule, Extant) Squad ကိုလည်း ပုံဆက်ဖော်ဖို့်ရယ်၊ Idiots ရဲ့ Third Album ထွက်ဖို့ကို ဝိုင်းကူညီဖို့ရယ် စတဲ့ မပြီးတဲ့ အကြွေးတွေ လုပ်ပေးနေဖို့ပဲ စိတ်ထဲ ရှိတယ်”
“တချို့ အညစ်အထွေး မှတ်ဉာဏ်တွေကို မယူသွားကြပါနဲ့ဗျာ။ အခု တော်လှန်ရေးလည်း မပြီးသေးဘူး။ သူ (ရေမွန်) ထွက်သွားရတယ် ဆိုပေမယ့် သူနဲ့အတူ သူရဲကောင်းတွေ ကောင်းကင်ဘုံကနေ ကျနော်တို့ကို စောင့်ကြည့်နေမှာပဲ။ စိတ်ဖြောင့်စေချင်တယ်ဆို တော်လှန်ရေးကို အာရုံပြန်စိုက်ကြမယ်”လို့ နိုဗန်ထူးက ပြောပါတယ်။
တော်လှန်ရေးပြီးမှ ရှိုးပွဲတွေမှာ ရေမွန်ရဲ့ သီချင်းတွေနဲ့ ဂုဏ်ပြု သီဆိုကာ တယောက်နဲ့ တယောက် ဖက်ပြီး ငိုကြမယ်လို့ နိုဗန်ထူးက ဆိုပါတယ်။
“တော်လှန်ရေးကြီး ပြီးမှ အမုန်းငိုမယ်။ ရှိူးပွဲတွေမှာ ကိုတွတ် သီချင်းတွေ Tribute လုပ်ပြီး တယောက်နဲ့ တယောက် ဖက်ငိုကြမယ်။ သွေးကြွေးကို ဆပ်ရမယ်။ ငါတို့တွေ နိုင်ကို နိုင်မယ့်ပွဲ”လို့ နိုဗန်ထူးက ပြောထားပါတယ်။
အဆိုတော် နိုဗန်ထူးဟာ ရေမွန်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရက်ကလည်း ရေမွန်အား သတိရခြင်း အထိမ်းအမှတ်အဖြစ် သစ်ပင်တွေ စိုက်ပျိုးကြမယ့် “Raymond Tree” ကမ်ပိန်းမှာ ပရိသတ်တွေ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
You may also like these stories:
“Raymond Tree” ကမ်ပိန်းမှာ ပါဝင်ဖို့ နိုဗန်ထူး ဖိတ်ခေါ်
ရေမွန် အပါအဝင် တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုဖို့ ဆောင်းဦးလှိုင် အကြံပြု
တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်