သတင်း

လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေပုဒ်မ စစ်ကောင်စီ ဖြည့်စွက်ပြဋ္ဌာန်း

Want create site? Find Free WordPress Themes and plugins.

လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ပြစ်ဒဏ်များကို အမြင့်ဆုံး သေဒဏ်အထိ ထည့်သွင်းကာ ရာဇသတ်ကြီး ဥပေဒပုဒ်မ ၃၁၁-က နှင့် ပုဒ်မ ၃၁၁-ခ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၂၄ ရက်နေ့ တွင် လက်မှတ်ရေးထိုးကာ ဖြည့်စွက် ပြဋ္ဌာန်းလိုက်သည်။

ဖြည့်စွက် ပြဋ္ဌာန်းသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၁-က တွင် မည်သူမဆို နိုင်ငံသား များ၊ လူမျိုးစုတစု၊ လူမျိုးရေး၊ ဘာသာရေး နှင့်ဆိုင်သော အုပ်စုတစုတွင် ပါဝင်သူအားလုံးကိုဖြစ်စေ၊ တစိတ် တပိုင်းဖြစ် စေ ပျက်ဆီးစေရန် ရည်ရွယ် ချက်ဖြင့် (က) ယင်းအုပ်စုတွင် ပါဝင်သူများကို သတ်ဖြတ်လျှင် (သို့) (ခ) ယင်း အုပ်စုတွင် ပါဝင်သူများကို အပြင်း အထန် နာကျင်စေမှုကို လည်းကောင်း၊ ဆိုးရွားသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လည်း ကောင်း ဖြစ်စေလျှင် (သို့) (ဂ) ယင်းအုပ်စုတွင် ပါဝင်သူအားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ရုပ်ပိုင်းဆိုင် ရာ ပျက်စီးမှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရှင်သန်ရပ်တည်မှုအပေါ် တမင်သက်သက် ဒုက္ခပေးလျှင် (သို့) (ဃ) ယင်းအုပ်စုအတွင်း ကလေးမွေး ဖွားခြင်းကို တားဆီးရန် တည်ဆဲဥပဒေများနှင့်အညီ မဟုတ်ဘဲ စီမံချက်ချမှတ် လုပ် ဆောင်လျှင် (သို့) (င) အဆိုပါ အုပ်စုမှ အခြားအုပ်စုသို့ ကလေးသူငယ်များကို အတင်းအဓမ္မ ပြောင်းရွှေ့လျှင် လူမျိုး တုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၃၁၁- ခတွင် (၁) မည်သူမဆို ပုဒ်မ ၃၁၁-က၊ ပုဒ်မခွဲ (က) အရ လူမျိုးတုန်းသတ်ဖြတ်မှုအား ကျူးလွန်ပါက သေ ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ (၂) မည်သူမဆို ပုဒ်မ ၃၁၁-က၊ ပုဒ်မခွဲ(ခ)၊ (ဂ)၊ (ဃ) (သို့) (င)တို့အရ လူမျိုးတုန်းသတ်ဖြတ်မှုအား ကျူးလွန်ပါက ထောင်ဒဏ်တသက် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုထားသည်။

စစ်ကောင်စီဘက်ကမူ မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် သက်ဆိုင်သည့် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအား ၁၉၄၉ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် ကနဦး လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၁၉၅၆ မတ်လ ၁၄ ရက်နေ့၌ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ခဲ့ပြီး လူမျိုးတုန်း သတ် ဖြတ်မှုဆိုင်ရာ ဥပဒေတရပ် ပြဋ္ဌာန်းပေးရမည့် တာဝန်ရှိသည့်အတွက် ဆောင်ရွက်ခြင်းသာဟု ဆိုသည်။

“ကျနော်တို့က အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တဲ့အတွက် ဥပဒေပြဋ္ဌာန်းပေးရမယ့် တာဝန် ရှိပါတယ်။ ဒါကြောင့်မလို့ ဂျီနိုဆိုက် ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေ ပြင်ဆင်ဖြည့်စွက်မှု အနေဖြင့်လည်း အသစ်ဖြည့် စွက်လိုက်သည့် ပုဒ်မ ၃၁၁-ခ နှင့် ပတ်သက်ပြီး ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိကြောင်း၊ အာမခံ မပေးနိုင်ကြောင်း၊ ကျေအေး ခွင့် မရှိကြောင်းတို့ကိုလည်း ဖြည့်စွက်ခဲ့သည်။

ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “လက်ရှိ ဖြစ်နေတဲ့ အခြေအနေအရ NUG၊ CRPH၊ PDF နဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တန်ပြန်အရေးယူနိုင်ဖို့ ဆောင်ရွက်တဲ့ သဘောလည်း ရှိနိုင်ပါတယ်။ နောက်တချက်က သူတို့အနေနဲ့လည်း လူမျိုးတုန်းသတ်ဖြတ်မှုကို လက်မခံပါဘူး။ အရေး ယူ ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတဲ့ သဘောမျိုး နိုင်ငံတကာကို ပြယုဂ်တခုအနေနဲ့ ပြချင်တဲ့သဘောပါပဲ” ဟု သုံးသပ်သည်။

တဖက်တွင်လည်း စစ်တပ်၏ ကျူးလွန်မှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင် အမှုတင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ရာဇဝတ်ခုံရုံးစာချုပ် အပိုဒ် ၁၂(၃) ပါ အချက်နှင့်အညီ ၂၀၀၂ ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများကို ICC ၏ တရားစီရင်ပိုင်ခွင့် အား သဘောတူ လက်ခံကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ICC မှတ်ပုံတင်အရာရှိထံ ဇူလိုင် ၁၇ ရက်နေ့ က တင်သွင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ပြင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၁ ၏ မူလပြဋ္ဌာန်းချက်မှာ “လူသတ် ဓားပြမှု” အတွက် ပြစ်ဒဏ် ပြဋ္ဌာန်းချက်ဖြစ်ပြီး ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုသည်။

တရားလွှတ်တော်ရှေ့နေတဦးက “လူသတ်ဓားပြမှုကို ပြစ်ဒဏ်တိုးလိုက်တာပါ။ ကျန်တာက လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုပြီး ထပ်ထည့်လိုက်တာပါပဲ။ မူလပုဒ်မနဲ့ ဘာမှမဆိုင်ဘူး။ ဘာမှမဆိုင်တာတွေ လာပြီး ထည့်ထားတာ အဓိပ္ပာယ် မရှိဘူး။ သက်သက်ဥပဒေ ပြဋ္ဌာန်းချင် ပြဋ္ဌာန်းပေါ့။ သူတို့က ဥပဒေ ပြဋ္ဌာန်းခွင့်ရှိ/မရှိတော့ မငြင်းချင်ဘူး။ ဒီ ပြဋ္ဌာန်းချက်ကပဲ ဥပဒေသိပ္ပံပညာအရ ချို့ယွင်းချက်ရှိတယ်။ မမှန်ဘူး။ လွှတ်တော်ကလည်း အတည်ပြုတာ မဟုတ် ဘူး” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင် ဆိုင်နေရသည့် အချိန်တွင် ဖိအားများ လျော့ကျစေရေးအတွက် ဥပဒေပြဋ္ဌာန်းခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သော်လည်း လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်များအတွက် အကာအကွယ် ရနိုင်မည်မဟုတ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက ဆိုသည်။

၎င်းက “ဥပဒေရဲ့ သဘောအရ အရှေ့မှာ ဖြစ်ခဲ့တာတွေအတွက် ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အခုလို ပြဋ္ဌာန်းလိုက်တဲ့အတွက်တော့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ ဖြစ်ရပ်တွေမှာ နိုင်ငံ သားတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေက ဒီဥပဒေပုဒ်မကို ကိုးကားပြီး တရားစွဲဆိုနိုင် ခွင့်တော့ ပေါ်ပေါက်လာပါတယ်။ ဒါကတော့ လက်ခံသင့်တဲ့ ကိစ္စတခုလို့ မြင်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပြဋ္ဌာန်းခြင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ် ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်းများအပေါ် ကျူးလွန်ခဲ့မှုနှင့် ပတ်သက်ပြီး ယနေ့ (ဩဂုတ် ၂၅ ရက်) ၄ နှစ်ပြည့် ပြန်လည်အမှတ်ရခြင်း အထိမ်းအမှတ် လှုပ်ရှားမှုနှင့်လည်း တိုက်ဆိုင်နေသည်။

မြန်မာပြည်သူများ အနေဖြင့် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာများ ဒုက္ခဆင်းရဲ ခံစားခဲ့ရမှုများအပေါ် နားလည်လက်ခံပြီး ယနေ့ အောက်မေ့ ဖွယ် အခမ်းအနားတွင် ပါဝင်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် အရေးကြီးသော ကိစ္စရပ် တခုဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့များက စစ်မက်ဖြစ်ပွားရာ လူနည်းစု ဒေသများတွင် အမျိုးသမီးများနှင့် ကလေးသူငယ် များအပေါ် ပြစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း NUG အစိုးရ အမျိုး သမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ယမန်နေ့က ထုတ်ပြန်သည်။

၎င်းက “အတိတ်တွင် စစ်တပ်မှ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများမှာ သွေးပင်မခြောက်သေးဘဲ လက်ရှိ အဓမ္မမှုများ ဆက်တိုက် ကျူးလွန်လျက် ရှိသည်ကို တွေ့ရသည်မှာ အလွန်တရာ စိတ်နှလုံးကြေကွဲစရာ ကောင်းလွန်း လှသည်” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၇ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေး ရဲကင်းများအား အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က ဝင်ရောက် တိုက်ခိုက်ခဲ့မှုအပေါ် မြန်မာစစ်တပ်က တုန့်ပြန်တိုက်ခိုက်ရာ၌ မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ် ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်အား ချိုးဖောက်သည်ဟုဆိုကာ ICJ တရားရုံးတွင် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အမှုဖွင့်တရားစွဲဆိုထား သည်။

ယင်းစွပ်စွဲချက်အပေါ် မြန်မာနိုင်ငံဘက်က ငြင်းဆိုထားပြီး ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ICJ တရားရုံးက ရိုဟင်ဂျာ များအား သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်နာကျင်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေနိုင် မည့် ဘဝအခြေအနေသို့ ရောက်အောင် ကြံရွယ်လုပ်ဆောင်ခြင်း၊ ကလေးမွေးဖွားမှုကို တားမြစ်သည့် အစီအမံများ ချမှတ်ခြင်း စသည့် အချက်လေးချက်အား အရေးပေါ် ကြားဖြတ်လိုက်နာရမည့် အချက်များအဖြစ် ကြားဖြတ်အမိန့် တရပ်ချမှတ်ခဲ့သည်။

You may also like these stories:

စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား

ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို အဂတိ လိုက်စားသည်ဟု စွပ်စွဲကာ စစ်ကောင်စီ အမှုဖွင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading