စစ်ကိုင်းတိုင်း ကသာခရိုင် ကသာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၂ စု၏ အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့သည့်အတွက် နုတ်ထွက်စာတစောင် စုပေါင်းရေးသား ကာ ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ ပို့လိုက်ကြောင်း သတင်းရသည်။
ကျေးရွာအုပ်စု ၊အုပ်ချုပ်ရေးမှူး ၁၂ ဦး၏ စာထဲတွင် ၎င်းတို့၏ ကျေးရွာများအတွင်းမှ ရွာတာဝန်ခံများ၊ ရာအိမ်မှူးများ တာဝန်မှ နုတ်ထွက်သွားခြင်း၊ ပုဂ္ဂိုလ်ရေးအရ လုံခြုံမှုမရှိခြင်းတို့ကြောင့် ကျေးရွာများ၏ တာဝန်များကို ဆက်လက် စီမံ ခန့်ခွဲရန် အခက်အခဲရှိသဖြင့် နုတ်ထွက်ခွင့် တင်ပြခြင်း ဖြစ်ပါသည်ဟု ရေးသားထားသည်။
ကသာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတဦးက “PDF ဘက်က သတိပေးစာကလည်း ထွက်ထားတယ်ဆိုတော့ ဒီရက် ထဲ အကုန်နုတ်ထွက်ကြမယ့် အခြေအနေ ရှိပါတယ်။ မကြောက်တဲ့ သူတော့ ဆက်လုပ်ပေါ့။ သူတို့က ၁၀ ရက်နေ့ နောက်ဆုံးထား ထွက်ကြလို့ စာထုတ်ထားတာ၊ ဒီအခြေအနေမှာ ကိုယ့်မိသားစုနဲ့ ကိုယ့်အသက်အန္တရာယ်နဲ့ ဆိုတော့ စာချက်ချင်း တင်ကြတာပေါ့”ဟု ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် အုပ်ချုပ်ရေးမှူးသည် ၎င်း၏ လုံခြုံရေးအရ အမည်နှင့် ၎င်းတာဝန်ထမ်းဆောင် နေသည့် တာဝန်ကို သတင်းတွင် ဖော်ပြခြင်း မပြုရန် တောင်းဆိုပြီး၊ သူကိုယ်တိုင်လည်း ယခုရက်ပိုင်းအတွင်း ထွက်စာတင်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။
ကသာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ တာဝန်မှ နုတ်ထွက်ကြရန် စာထုတ်ထားသည်။
ကသာPDF သည် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန်ဟူသည့် စာကို အောက်တိုဘာ ၃ ရက်က ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး ထိုစာထဲတွင် ကသာမြို့မှ မြို့မိမြို့ဖဟု အမည်ခံထားသူများနှင့် ရပ်ကွက် (၃၊ ၄၊ ၅၊ ၆၊ ၉ ၊ ၁၀၊ ၁၁) တို့မှ အုပ်ချုပ် ရေးမှူးများ အားလုံး မြို့ပေါ်မှ အပြီးထွက်သွားကြရန် ထည့်သွင်းရေးသားထားသည်။
ထိုသို့ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် နှင့် အချို့အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများကို မြို့မှ အပြီး ထွက်ခွာ သွားရန် ထုတ်ပြန်ရခြင်းမှာ ၎င်းတို့သည် စစ်ကောင်စီကို နုတ်အားဖြင့် လူအားဖြင့် ငွေကြေးအားဖြင့် ကူညီပေးကြ ခြင်းကြောင့် သတိပေး ကြေညာချက်ထုတ်ရခြင်း ဖြစ်သည်ဟုလည်း ကသာPDF က ထုတ်ပြန်ထားသည်။
ကသာမြို့နယ်သည် ရပ်ကွက်ကြီး ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၁၄၃ ရွာဖြင့် ဖွဲ့စည်းထားသည့် မြို့နယ် ဖြစ်သည်။
ကသာမြို့နယ်တွင်း စစ်ကောင်စီနှင့် ကသာPDF များကြား စစ်ရေးတင်းမာမှုများရှိနေပြီး အောက်တိုဘာ ၁ ရက် က လည်း စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း တကြောင်းကို ကသာPDF က မိုင်းဆွဲ တိုက်ခိုက် ထားသည်။
ကသာမြို့နယ်သည် ကချင်ပြည်နယ်၊ဗန်းမော် ခရ်ိုင်နှင့် နယ်မြေဆက်စပ်နေရာ ကသာPDF သည် ကချင် လွတ်လပ် ရေးတပ်မတော် (KIA) ၊ တပ်မဟာ ၈ လက်အောက်ခံ၊ တပ်ရင်း ၅နှင့် ပူးတွဲ လှုပ်ရှားခြင်း၊ ပူးတွဲစစ်ဆင်ရေး လှုပ်ရှား ခြင်းများလည်း ပြုလုပ်လျက် ရှိသည်။
ကသာPDF သည် မေ ၃၀ ရက်တွင် ကသာ-ဗန်းမော်လမ်းပေါ်၌ သွားနေသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို ဖြတ် တိုက်ကာ စစ်ကောင်စီကို ကသာဒေသတွင်း စစ်မျက်နှာစဖွင့်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
ထိုကဲ့သို့ ပထမဦးဆုံးတိုက်ခိုက်စဉ်ကလည်း ကသာPDF ကို KIA တပ်ရင်း ၅ က ဝင်ရောက် ကူညီခဲ့သည်။
ကသာမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပြီးနောက်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက် နက်ကြီးကျည်ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခံရခြင်းကြောင့် နေအိမ် ၃၀ ၊ တောင်သူလယ်သမားများ၏ ယာဉ် ၅ စီး ပျက်စီးကာ ကသာPDF စတင်လှုပ်ရှားခဲ့သည့် ကသာ-ဗန်းမော်လမ်းရှိ မိုးတားကြီးကျေးရွာအုပ်စုအနီးမှ ဒေသခံများ သည်လည်း စစ်ကောင်စီတပ်များကို ကြောက်လန့်၍ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည်မှာလည်း လူဦးရေ နှစ်သောင်းခွဲခန့် ရှိသည်။
You may also like these stories:
စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို