သတင်း

မြောက်ဦးက စာရေးဆရာတဦး PDF နှင့် ဆက်စပ်ဟုဆိုကာ အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ် တဦးကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ချုပ်ရမန်ယူ ထားကြောင်း သိရသည်။

ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ တဦးဖြစ်သူ ကိုအောင်နိုင်မြင့်ကို အောက်တို ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လာရောက် ဖမ်းဆီးခဲ့ပြီး မြောက်ဦးမြို့မ ရဲစခန်းတွင် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( ည ) ဖြင့် အမှုဖွင့်ကာ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံးတွင် ချုပ်ရမန်ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း အစ်ကို ဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

အစ်ကိုဖြစ်သူ ဦးအောင်မြင့်က “ဒီနေ့ မြောက်ဦးတရားရုံး ရမန်ယူတာပေါ့။ ပုဒ်မကတော့ ၅၀ (ည) နဲ့အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ကျန်နော်ညီနဲ့လည်း စကားတော့ ပြောခွင့်ရခဲ့တယ်။ သူကတော့ PDF နဲ့ အဆက်အသွယ်မရှိဘူး။ သူတို့ မှားဖမ်း တာလို့ပြောတယ်” ဟု ဧရာဝတီသို့ပြောသည်။

ဖမ်းဆီးခံ အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင်မြင့်သည် မင်းဒီပါ (မြို့ဟောင်းမြေ) ဆိုသည့် ကလောင် အမည်ဖြင့် “မယာကင်းမဲ့ဇုန်” ဆိုသည့် ဝတ္ထုစာအုပ်ကိုလည်း ရေးသားထုတ်ဝေထားပြီး မကြာသေမီးရက်ပိုင်းက ရေးသားသည့် စာအုပ်များနှင့် ပတ်သက်ပြီး စာမူခ အဖြစ်ရရှိသည့် ငွေများကို ဘဏ်မှထုတ်ယူသည်ကို သံသယဖြစ်ကာ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်း ဖြစ်သည်ဟုဆိုသည်။

အစ်ကိုဖြစ်သူ ဦးအောင်မြင့်က “ကျနော်ညီက လူငယ်စာရေး ဆရာတယောက်ပါ။ သူ့စာအုပ်ကိုလည်း လိုင်းပေါ်မှာ တွေ့ကြမှာပါ။ ဒီလို လူငယ်စာရေး ဆရာတယောက်ကို အကြာကြီး ဖမ်းချုပ်ထားမယ်ဆိုရင်တော့ ကျနော်ညီအတွက် တော်တော်နစ်နာမှုရှိမယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ဝတ္ထုစာမူတွေလည်း တပိုင်းတစနဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်” ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပြစ်ဒဏ်ချမှတ်ခံရပါက အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်အထိ ချမှတ်ခံရနိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ၎င်းပုဒ်မတွင် ဖော်ပြထားသည်။

ယခုလ အောက်တိုဘာလ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်ကို PDF အဖွဲ့ဝင် များနှင့် ပတ် သတ် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ တပ်များ က ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး ချုပ်နှောင် ထားသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဦးစိန်ချစ်မှာ သံတွဲမြို့နယ်အတွင်းက စစ်တပ်ထဲတွင် ချုပ်နှောင် စစ်ဆေးခြင်းကိုနေခံရပြီး မိသားစုဝင်များနှင့် လက်ရှိအချိန်အထိ တွေ့ဆုံခွင့် မရသေးကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ပြောသည်။

ဖမ်းဆီးခံ ဦးစိန်ချစ်၏ ဇနီးဒေါ်ခင်နှင်းဖြူက “ကျမ အမျိုးသားကို တပ်ထဲမှာ ချုပ်ထားတယ်လို့ သိရတယ်။ သံတွဲမှာ တပ်က ခမရ ၅၆၆ ရယ်။ ခလရ (၅၅) ရယ် နှစ်ခုရှိတော့ ဘယ်တပ်မှာ ဖမ်းထားတယ်ဆိုတာတော့ မသိဘူး။ အဝတ်အစားနဲ့ စားသောက်စရာတွေကိုတော့ ရဲစခန်းက နေ တဆင့်ပေးလို့တော့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ သက်ဆိုင်ရာ ရဲစခန်းအချုပ်ထဲတွင် မရှိဘဲ တပ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထား ရသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရကာ အသက်အန္တာရယ် ဖြစ်မည်ကိုအလွန် စိုးရိမ်ကြောင်းလည်း ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ပြောသည်။

ရက္ခိုင့်စစ်တပ် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် အချိန်တုန်းကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ အမျိုးမျိုးဖြင့် ရခိုင်လူငယ်များ ရာနှင့်ချီ ဖမ်းဆီး နှိပ်စက်ခံခဲ့ရပြီး တချို့မှာ တရားရုံးမှ ပြစ်မှုမထင်ရှားသဖြင့် ပြန်လည် လွတ်မြောက်လာ မှုရှိသလို တချို့မှာ လက်ရှိအချိန်အထိ ချုပ်နှောင်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

You may also like these stories:

NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ

Loading