တနိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် ပြောက်ကျားပုံစံတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များကို အမြစ်ဖြတ်ချေမှုန်းရန် တိုင်းမှူးများနှင့် တပ်မှူးများအား ညွှန်ကြားပြီး အရပ်သား လက်နက်ကိုင်ခုခံမှုအား ၃ လအတွင်း ရှင်းပစ်နိုင်သည်ဟု စစ်ကောင်စီ ခေါင်းဆောင်များက ယုံကြည်နေကြသည်။
လွန်ခဲ့သောလက စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အမိန့်တစောင်ထုတ်ပြန်ပြီး ပုန်ကန်သူများနှင့် PDF များအား လိုက်လံရှာဖွေတိုက်ခိုက်ပြီး ရွာများတွင် ပုန်းအောင်းနေသူအားလုံးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်များကို ညွှန်ကြားသည်။
ထိုအမိန့်သက်ရောက်သည့် ဒေသများတွင် ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများ၊ ချင်းနှင့် ကယားပြည်နယ်တို့ ပါဝင်ပြီး ထိုဒေသများသည် သုံးလကြာ ပုန်းခိုတိုက်ခိုက်နေသောကြောင့် စစ်ကောင်စီတပ်များ အသေအပျောက်များသော ဒေသများဖြစ်သည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်သူများကို စစ်တပ်က သတ်ဖြတ်နှိမ်နင်းမှုများကြောင့် ဖြစ်ပေါ်လာသည့် အရပ်သား လက်နက်ကိုင်ခုခံမှုကို ထိန်းချုပ်ရန် စစ်ကောင်စီသည် အတော်ပင် ကြိုးစား ရုန်းကန်နေရသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ပြီး PDF များကို ထောက်ခံသည့် တရုတ်နယ်စပ်အနီးမှ တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်လည်း တိုက်ခိုက်နေရသဖြင့် တရုတ်နိုင်ငံက ၎င်းတို့နယ်စပ်ဒေသများ တည်ငြိမ်မှုအတွက် စိုးရိမ်နေသည်။
ယူနန်ပြည်နယ် ဝမ်တိန်မြို့သို့ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သော အမြောက်ဆံတခုနှင့် ကျည်များ နှစ်ကြိမ်တိုင် ကျရောက်သောကြောင့် တရုတ်အာဏာပိုင်များက သြဂုတ်လတွင် မြန်မာနိုင်ငံကို ကန့်ကွက်စာတစောင် ပေးပို့ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားစဉ် ထိုဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။
ထိုကန့်ကွက်စာတွင် တရုတ်အာဏာပိုင်များက ထိုဖြစ်ရပ်များကို လွန်စွာစိုးရိမ်ကြောင်းနှင့် ထိုဖြစ်ရပ်သည် တရုတ်မြန်မာနယ်စပ် သဘောတူညီချက်ကို ချိုးဖေါက်ကြောင်း ဖေါ်ပြထားသည်။ နယ်စပ်ဒေသတွင် နေထိုင်သော တရုတ်နိုင်ငံသားများ၏ အသက်များနှင့် ပိုင်ဆိုင်မှုများကို ခြိမ်းခြောက်ခံရသောကြောင့် တရုတ်ပိုင်နက်အတွင်း ကျည်များနှင့် အမြောက်ဆံများ ထပ်မံကျရောက်ပါက လိုအပ်သလိုအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တရုတ်အာဏာပိုင်များက သတိပေးခဲ့သည်။
နေပြည်တော်မှ ထိုကိစ္စများကို သိရှိသည့် သတင်းရင်းမြစ်များအဆိုအရ စစ်ကောင်စီက နယ်စပ်တိုက်ပွဲများသည် နယ်စပ်ဒေသတည်ငြိမ်မှုကို ထိခိုက်စေမည်မဟုတ်ကြာင်း၊ PDF များကို တိုက်ခိုက်သည့် တိုက်ပွဲများသည် မြန်မာပြည်တွင်းတွင်သာ ဖြစ်ပွားမည်ဖြစ်ကြောင်း၊ နယ်စပ်တွင် ဖြစ်မည်မဟုတ်ကြောင်း၊ အရပ်သားခုခံရေးတပ်များကို သုံးလအတွင်း ရှင်းလင်းမည်ဖြစ်ကြောင်း တရုတ်လုံခြုံရေး အရာရှိများကို အာမခံသည်ဟု သိရသည်။ တနည်းအားဖြင့်ဆိုရပါက စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထက် အရပ်သား ခုခံရေးအင်အားစုများကိုသာ ပိုမိုအာရုံစိုက် တိုက်ခိုက်မည့်သဘောမျိုးဖြစ်နေသည်။
မိုးရာသီကုန်ဆုံးပြီဖြစ်သောကြောင့် စစ်ကောင်စီသည် လွန်ခဲ့သောလမှ စတင်ပြီး အထက်မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တပ်ဖွဲ့ဝင် ထောင်ချီချထားလိုက်သည်။ တရုတ်ကို နယ်စပ်ဒေသ တည်ငြိမ်ရေး အာမခံထားပြီး အထက်မြန်မာနိုင်ငံတွင် တပ်များ ပိုမိုလှုပ်ရှားကာ စစ်ကောင်စီသည် ထိုနေရာများကို ၃ လအတွင်း ရှင်းလင်းရန် ဆုံးဖြတ်ထားပုံရသည်။
တချိန်တည်းတွင် မြေပြင်တွင် တိုက်ပွဲများ နေ့တိုင်းနီးပါးဖြစ်ပွားနေသည်။
သောကြာနေ့တွင် စစ်ကောင်စီတပ်များသည် ချင်းပြည်ကာကွယ်ရေးတပ်(CDF) နှင့် ဒေသခံ PDF များလှုပ်ရှားနေသည့် ချင်းပြည်နယ် ထန်တလန်ကို တိုက်ခိုက်သည်။ ထိုမြို့ကို စစ်ကောင်စီက အမြောက်များဖြင့် ပစ်ပြီး မီးရှို့သောကြောင့် ထိုမြို့မှ အိမ်ပေါင်း ၂၀၀၀ ကျော်အနက် အနည်းဆုံး ၁၆၀ ကို မီးလောင်သွားသည်။ သို့သော် ထိုမီးသည် PDFs များက ရှို့သောမီးဖြစ်သည်ဟု စစ်ကောင်စီကပြောသည်။
စစ်ကောင်စီက ချင်းပြည်နယ်တွင် အင်အားများကို ကြောက်မက်ဖွယ်သုံးနေခြင်းကို အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချပြီး မြန်မာစစ်အုပ်စုကို ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် နိုင်ငံတကာ အရေးယူမှုလုပ်ရန် တောင်းဆိုသည်။
စစ်ကောင်စီက ပြည်သူများ၊ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပေါ် ကျူးလွန်သည့် ထို ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် အရပ်သားများ၏ အသက်နှင့် ဘဝသာယာစိုပြေရေးကို လုံး၀ ဂရုမစိုက်သော လုပ်ရပ်များဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ်က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
ယခုအပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ရက္ခိုင့်တပ်တော် အားလုံးက ထန်တလန်ကို စစ်ကောင်စီက အမြောက်ဖြင့်ပစ်ခြင်းကို ရှုတ်ချကြသည်။
ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခန်ကလည်း ထန်တလန်ကို စစ်ကောင်စီ အမြောက်ဖြင့်ပစ်ခြင်းကို ရှုတ်ချလိုက်ပြီး ထိုစက်ဆုတ်ဖွယ် လုပ်ရပ်အတွက် စစ်ကောင်စီကို အရေးယူရမည်ဖြစ်ကြောင်းပြောသည်။
စစ်ကောင်စီတပ်များသည် PDF ခေါင်းဆောင်များကို ဖမ်းဆီးရန် ၎င်းတို့၏ အားထုတ်မှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေပြီး ရန်ကုန်တွင် လူအများအပြား အဖမ်းခံနေရသည်။
အောက်တိုဘာလနှောင်းပိုင်းကလည်း ကိုဂျင်မီဟု လူသိများသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မြန်မာဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယုကို စစ်ကောင်စီက ဖမ်းခဲ့သည်။ သူသည် PDF များနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ဆက်သွယ်နေသည်ဟု စစ်ကောင်စီက သံသယရှိနေသည်။ ထိုအဖွဲ့အစည်း ၂ ခုလုံးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
စစ်ကောင်စီက PDF များကို အမြစ်ဖြတ်ရန် ဆုံးဖြတ်ထားသော်လည်း မြေပြင်တွင် ထိခိုက်သေဆုံးမှု မြင့်မားနေသောကြောင့် ၎င်းတို့ ထိုအတိုင်း လုပ်နိုင်မလုပ်နိုင်ကို ဆုံးဖြတ်ရန်စောနေသေးသည်။ မကြာသေးမီက စစ်ကိုင်းတိုင်းအတွင်း PDF များနှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားသောအခါ စစ်ကောင်စီတပ်မှာ ၈၅ ယောက်သေသည်။
စစ်ကောင်စီသည် ၎င်းတို့ပြင်ဆင်ထားခြင်းမရှိသည့် လက်နက်ကိုင်ပဋိပက္ခသစ်ကို ရင်ဆိုင်နေရကြောင်းနှင့် ကြီးထွားလာနေသော ပုန်ကန်မှု ခုခံမှုများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မရှိကြောင်း သုတေသီများပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံတဝှမ်းတွင် အထူးသဖြင့် အမျိုးသား ညီညွတ်ရေးအစိုရက စက်တင်ဘာလတွင် စစ်ကြေညာပြီးနောက်တွင် PDF များ၏ တိုက်ခိုက်မှုကို ပိုခံနေရသည်။ ပြည်တွင်း ပြည်ပ လူထုထောက်ခံမှုကို ရနေသော အရပ်သားတိုက်ခိုက်ရေးသမားများသည်လည်း အော်တိုမက်တစ်လက်နက်များ၊ စနိုက်ဘာလက်နက်များ၊ ဒုံးများကို တိုင်းရင်းသားလက်နက်ကိုင်များထံမှ ပိုမိုရရှိလာနေသည်။
စက်တင်ဘာတလတည်းတွင် စစ်ကောင်စီတပ်သား ၇၆၈ ဦးသေကြောင် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာသည်။ ဧရာဝတီအနေဖြင့် ထိုအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Aims to Wipe Out Armed Resistance in Three Month ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီက ၅ ရက်အတွင်း အရပ်သား ၁၀ ဦးကို သတ်ဖြတ်
ပြည်သူပိုင်အိမ်များကို စစ်ကောင်စီက ချိတ်ပိတ်၊ ဖျက်ဆီး
PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား