ရွေးကောက်ခံအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းထားသည့် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ် သက်သည်ဟု စွပ်စွဲကာ ပြည်သူပိုင်နေအိမ်နှင့် ပစ္စည်းများအား ချိတ်ပိတ်သိမ်းဆည်းမှုများ၊ ဖျက်ဆီးမှုများ ဆက်တိုက် ပြု လုပ်လျက် ရှိသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်အား ယမန့်နေ့ညပိုင်း၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်သွားသည့်အပြင် ကိုမင်းလွင်ဦး မရှိသည့်အတွက် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ချိုသန်းအား ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ အခြားသပိတ်ကော်မတီဝင် တဦးဖြစ်သူ ကိုဝေယံစိုး၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့်အပြင် PDF အဖွဲ့နှင့် ပတ်သက်သည်ဟု အကြောင်းပြကာ နေအိမ်များအား နိုင်ငံပိုင် သိမ်းဆည်းမည် ဖြစ်ကြောင်း ကြေညာချိတ်ပိတ်မှုများကို လည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း၏ နေအိမ်အား ချိတ်ပိတ်ခဲ့သည့်အပြင် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေထိုင်ခဲ့သည့် နေအိမ်ကို လည်း ချိတ်ပိတ်ကာ မိသားစုဝင်များအား ရွှေ့ပြောင်းစေခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာ၊ ရွှေဘို၊ အရာတော်၊ ဝက်လက်မြို့နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် အမတ်အချို့နှင့် ပါတီအမာခံ အချို့၏ နေအိမ်များ၊ သပိတ်ခေါင်းဆောင်အချို့၏ နေအိမ်များကိုလည်း အကြမ်းဖက်အဖွဲ့များ နှင့် ဆက်စပ်သည် ဟုဆိုကာ စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။
စစ်ကောင်စီသည် ရွေးကောက် ခံအစိုးရအား ဖြုတ်ချပြီး အာဏာ သိမ်းခဲ့ခြင်းသာဖြစ်၍ တရားမဝင်သည့်အတွက် ၎င်း၏ လုပ်ဆောင်မှုများမှာလည်း တရားဝင်မှု မရှိကြောင်း NLD ပါတီ၊ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုဘို ဦးက ပြောသည်။
၎င်းက “ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရကို လက်နက်နဲ့ အနိုင်ယူဖြုတ်ချကာ အာဏာသိမ်းခဲ့သည့်အတွက် စစ်ကောင် စီဟာ တရားဝင်မှု မရှိပါဘူး။ ယင်းအတွက် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ဆောင်မှု အားလုံးဟာ တရားဝင်မှု မရှိပါဘူး။ အိမ်တွေကို သိမ်း၊ ပစ္စည်းတွေကို သိမ်းနေတာတွေက ရွာတွေကို မီးရှို့ပြီး လုယက်မှုတွေရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီမှ ပြည်သူပိုင် နေအိမ်များအား ချိတ်ပိတ်ကာ သိမ်းဆည်းမည့် လုပ်ရပ်များနှင့် ပတ်သက်၍လည်း ဥပဒေ ကြောင်းအရ အငြင်းပွားဖွယ် ဖြစ်နေပြီး စီရင်ပိုင်ခွင့်ရှိသည့် တရားသူကြီး တဦးဦး၏ အမိန့်တစုံတရာမပါဘဲ လုပ်ဆောင်နေ မှုများမှာ ဥပဒေနှင့် မညီကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က ထောက်ပြသည်။
တရားလွှတ်တော်ရှေ့နေတဦးက “၈၈ တုန်းက ဒီလိုမျိုးလုပ်ရပ် မရှိခဲ့ဘူး။ ပြီးတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာ ပြဋ္ဌာန်းထား တဲ့ဥပဒေ ရှိသော်လည်းပဲ အင်္ဂလိပ်ခေတ်ကနေ ယနေ့ခေတ်အထိ နိုင်ငံရေးမှာ ပစ္စည်းသိမ်းတဲ့ ပုဒ်မကို မသုံးဘူး။ ဒါက တရားရုံးနဲ့ ရဲတပ်ဖွဲ့ကပဲ လုပ်ခွင့်ရှိတယ်။ စစ်တပ်က လုံးဝ လုပ်ခွင့်မရှိဘူး။ စစ်တပ်က တံခါးတွေ ဖျက်ဆီးပြီး ဝင်တယ်၊ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။ နောက်တခါ လိုရင် လာဖွင့်ပြန်ရော။ အဲဒီလိုလုပ်လို့ မရဘူး” ဟု ပြောသည်။
ရာဇဝတ်မှုဖြင့် သက်ဆိုင်သူတဦးဦး၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းမည် ဆိုပါကလည်း ဦးစွာ အမှုဖွင့် စစ်ဆေးပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားမှသာ ပြစ်မှုကျူးလွန်သူ ပိုင်သည့် ပစ္စည်းများအား တရားရုံးအမိန့်ဖြင့်သာ ချိတ်ပိတ်သိမ်းဆည်း ခွင့် ရှိကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက ပြောသည်။
၎င်းက “လုံခြုံရေးတပ်ဖွဲ့ကဖြစ်စေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းကပဲဖြစ်စေ ချက်ချင်း အိမ်ကိုသော့ခတ် သိမ်းဆည်းလိုက် တယ်။ နိုင်ငံပိုင်အဖြစ် သတ်မှတ်ကြေညာပြီး သိမ်းယူလိုက်တယ်။ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံး တရုံးရုံးရဲ့ အမိန့်မပါဘဲ၊ ဝရမ်းမပါဘဲနဲ့ ဆောင်ရွက်ခဲ့တယ် ဆိုရင်တော့ ဒါဟာ ဥပဒေနဲ့မညီပါဘူး” ဟု ဆိုသည်။
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသူများနှင့် ပတ်သက်ပြီး ခိုလှုံခွင့်ပေးခြင်း၊ ငှားရမ်းနေထိုင်စေခြင်း များ ပြုလုပ်ပါက နေအိမ်၊ တိုက်ခန်း ပိုင်ရှင်များအား အရေးယူမည် ဖြစ်သည့်အပြင် နေအိမ်များကိုလည်း နိုင်ငံပိုင် သိမ်း ဆည်းမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ကြေညာ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ရှေ့နေတဦးက “သူ(စကစ)က နောက်ဆုံးတိုက်ပွဲပဲ။ သူရှုံးရင် အသက် ပါ ပေးရမှာ။ ပစ္စည်းတွေကုန်မှာ။ အဲဒီတော့ အသက်လည်း မပေးနိုင်ဘူး၊ ပစ္စည်းတွေလည်း မပေးနိုင်တော့ နောက်ဆုံး ခံက တုတ်အနေနဲ့ အပြတ်အသတ် ခုခံပြီးတော့ သူ့အတွက် လုံခြုံအောင် ပြည်သူပြည်သားတွေက အိမ်တွေပါ အသိမ်းခံရပါလား ဆိုပြီး ကြောက်သွားအောင် လုပ်တာ” ဟု ပြောသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး န.ဝ.တ စစ်အစိုးရလက်ထက်ကပင် နိုင်ငံရေးနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်များ အား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏နေအိမ်၊ ပစ္စည်းများအား ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ် ခဲ့သည်ကို မတွေ့ရကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က ထောက်ပြသည်။
စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ၏ ရုံးများကို ချိတ်ပိတ်မှုများ ပြုလုပ်ထား ပြီး ယခု ရက်ပိုင်းအတွင်း၌လည်း ချိတ်ပိတ်ခံထားရသည့် NLD ပါတီရုံးများ ဆက်တိုက်ဆိုသလို ဗုံးခွဲတိုက်ခိုက်ခံရမှုများ ရှိနေသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ NLD ရုံးချုပ် အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီရုံး ၄၇ ရုံးတွင် ဝင်ရောက်စီးနင်း ရှာဖွေခံရခြင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း လတ်တလော ရရှိ ထားသည့် စာရင်းများအရ သိရသည်။
You may also like these stories:
လှိုင်သာယာမှ ကျူးကျော်အိမ်များ စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်
မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်