စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရက နန်းမြို့ရိုး၏ အရှေ့တောင်ထောင့် ကျုံးနံဘေးတွင် အပန်းဖြေ စခန်းတခု တည် ဆောက်ရန် ပြင်ဆင်နေသည်ကို သိရသောအခါ ရှေးဟောင်းအမွေအနှစ်ချစ်သူများ အကြား လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရသည်။
မန္တလေးကျုံး အရှေ့တောင်ထောင့်အရပ်တွင် တိကျသည့်အမည် ပေးမထားသော အပန်းဖြေဥယျာဉ်စီမံကိန်းက ကား ပါကင်များ၊ စားသောက်ဆိုင်တန်းများ၊ အားကစားကွင်း ပါဝင်မည်ဟု သိရပြီး မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော် ရတနာပုံနန်းမြို့ရိုးနံဘေး စက်ယန္တရားများဖြင့် တူးဆွမှုများပြုလုပ်ကာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေသဖြင့် ယဉ်ကျေးမှုအမွေအနှစ် မြတ်နိုးသူများ၊ ပညာရှင်များက ကန့်ကွက်မှုများ ပြုလုပ်နေကြ၏။
ထိုအပန်းဖြေ ဥယျာဉ်တွင် မြေပေါ် စီမံကိန်းလား၊ ရေပေါ်ဥယျာဉ်ကိုပါ ကျုံးအတွင်း ထည့်သွင်းမည်လား ဆိုသည်ကိုမူ မသိရသေးပေ။
မန္တလေးကျုံးနှင့် မြို့ရိုးကို အခြေခံကာ အပန်းဖြေဥယျာဉ် ပြုလုပ်ခြင်းသည် ယခုက ပထမဆုံးအကြိမ် မဟုတ်ပါ။ သတိ ထားမိသလောက် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးတိုင်း ထိုကိစ္စကို အမြဲအကောင်အထည်ဖော်လေ့ ရှိသည် ကို တွေ့ရသည်။
စစ်ဗိုလ်တို့မည်သည် အာဏာရပါက တည်ဆောက်ရေး လုပ်ငန်းတခုခုကို လုပ်သင့်လုပ်ထိုက်သည်ဟု ယူဆလေ သလား မသိ၊ တည်ဆောက်ပြုပြင် မြန်ပြည်တခွင်ဆိုကာ လက်စွမ်းပြတတ်ရာ သူတို့၏ စိတ်ကူးစိတ်သန်းများထဲတွင် မန္တလေးကျုံးက အမြဲ ဓားစာခံ ဖြစ်နေသည်ကို တွေ့ရသည်။
တော်လှန်ရေးကောင်စီ လက်ထက်ကလည်း မန္တလေးမြို့တွင် အပန်းဖြေဥယျာဉ်မရှိဆိုကာ မန္တလေးနန်းတော်မြို့ရိုး တောင်ဘက် မင်္ဂလာတံခါးပေါက်မှ စတင်၍ အပန်းဖြေဥယျာဉ်ကို တည်ဆောက်ခဲ့ဖူးသည်။
ဦးစီးတည်ဆောက်သူမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက် သမ္မတလုပ်ခဲ့သူ အနောက်မြောက်တိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စန်းယုဖြစ်သော်လည်း ဤနေရာတွင် မန်းသီတာဥယျာဉ်နှင့် ပတ်သက်၍ မှတ်တမ်းမှတ် ရာ အနည်းငယ် ကွဲလွဲမှု ရှိသည်ကို တွေ့သည်။
ဝီကီပီးဒီယား၏ မှတ်တမ်းအရ စစ်တပ်က ဗမာပြည်ကွန်မြူနစ်ပါတီ အားကောင်းရာ မသုံးလုံးနယ်မြေသို့ အောင်မာဃ ထိုးစစ်ဆင်ရာ ဗကပ တပ်မှူးကြီး ဗိုလ်အာဠာဝကကို အသေဖမ်းမိသဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ချီးမြှင့် သည့် ဆုတော်ငွေဖြင့် ၁၉၅၈ ခုနှစ်တွင် တည်ဆောက်သည်ဟု ဆိုထားသည်။
သို့သော် ၁၉၆၃ခုနှစ်ထုတ် တော်လှန်ရေးကောင်စီ၏ ရှေ့သို့ စာစောင်ပါ ဆောင်းပါးရှင် စံအောင်၏ “မန်းကျက်သရေ တက်နေ ငွေလစန်း” ဆောင်းပါးတွင်မူ မန္တလေးကြံ့ခိုင်ရေးအသင်းကြီး၏ တပင်ရွှေထီးနယ်မြေ နှစ်လည်ညီလာခံမှ မန်းလူထုအတွက် အပန်းဖြေရိပ်သာ တခုတည်ရန် ဆုံးဖြတ်ခဲ့ရာ နယ်မြေစည်းရုံးရေးမှူး ဗိုလ်ကြီးလှဖေက မန္တလေးမြို့ ရှိ တိုင်းဌာနချုပ်သို့ တင်ပြပြီး သဘောတူညီသဖြင့် တောင်မြို့ရိုးနှင့် ကျုံးတလျှောက် မြေကွက်ကို ဥယျာဉ်တည်ဆောက် ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပါရှိသည်။
“ကျောင်းဆရာကြီး ဦးဘသိုက်၊ ယက္ကန်းစက်ပိုင်ရှင် ဦးညီပု၊ ရွှေလက်ဝါးဆေးတိုက် ဒေါ်ထားထား၊ ပန်းချီဆရာကြီး ဦးစောမောင်၊ ရွှေလက်သီးဆေးတိုက် ဦးလှ၊ မဟာဝန်စာပုံနှိပ်တိုက် ဦးအောင်မြင့်၊ ရွှေချည်ထိုးလုပ်ငန်းပိုင်ရှင် ဦးအောင်ခင်၊ ခေတ်မှီကုမ္ပဏီပိုင်ရှင် ဦးဘစိန်၊ ဆန်စက်ပိုင်ရှင် ဦးချစ်၊ ပွဲစားဦးညီပု၊ တင်ဖေစာနယ်ဇင်း ဦးတင်ဖေ စသည့် မြို့မိမြို့ဖများနှင့် တပ်မတော်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းတို့ ပူးပေါင်းကာ မန်းသီတာဥယျာဉ် တည်ဆောက်ရေး အလုပ် အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းကာ ၁၉၆၁ ခု နိုဝင်ဘာ ၁၁ ရက်တွင် ပန္နရိုက်ခဲ့သည်ဟုလည်း ဆိုထားသည်။
ဗိုလ်မှူးချုပ် စန်းယုကိုယ်တိုင် ဦးစီးပြီး ၁၉၆၂ ခု ဖေဖော်ဝါရီ ၄ ရက်တွင် တည်ဆောက်သည်ဟု မှတ်တမ်းတင်ထား၏။
ထိုစဉ်က မန်းသီတာဥယျာဉ်ထဲတွင် ပန်းမျိုးစုံဥယျာဉ်၊ ပန်းဆိုင်းဥယျာဉ်၊ ကျောက်ဆောင်၊ ကျောက်ခုံ၊ ထပ်ဆင့် တိရစ္ဆာန် ရုပ်လုံးဖော်၊ ပန်းနာရီဥယျာဉ်၊ မီးရောင်စုံနှင့် ရေပန်းကြီး ရေပန်းငယ်၊ ကလေးကစားကွင်း၊ အပန်းဖြေရိပ်သာ များ ပါဝင်သလို ကျုံးရေပြင်ကို ဖြတ်ကာ ပေါင်းကူးတံတားတစင်းလည်း ထိုးခဲ့သေးဟု သိရသည်။
ဥယျာဉ်ဒီဇိုင်းပုံကို အမှတ် ၁ ဆောက်လုပ်ရေးတပ်မှ ဗိုလ်ကြီး ခင်လှိုင်က ရေးဆွဲခဲ့ကာ ပြည်စောင့်ရဲ၊ ကင်းထောက်အဖွဲ့ မန်းလူထုအင်အား စုစုပေါင်း ၆ ထောင်ကျော်ဖြင့် လုပ်ဆောင်ခြင်းဟု ထိုခတ်က ထုတ်ဝေသည် ရှေ့သို့စာစောင်ကဆို သည်။
ထိုခေတ် ငွေကျပ် ၁၄ သိန်းကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့ရာ လူထုထံမှ အလှူငွေအပြင် ယူဂိုဆလားဗီး ယား သမ္မတ မာရှယ်တီးတိုးလာစဉ်က လှူဒါန်းသည့် အလှူငွေလည်း ပါဝင်ကြောင်းသိရသည်။
မန်းသီတာဥယျာဉ်နှင့် ပတ်သက်ပြီး ထိုခေတ်က သီချင်းတချို့တွင် အလျဉ်းသင့်သည့်အခါ ထည့်သွင်းစပ်ဆိုကြသလို
သိမီလိုက်သူ မန်းသားတချို့၏ ပြောဆိုချက်အရ ၁၉၈၀ ခုနှစ်ခန့်တွင် စည်ဘီယာများ ပေါ်လာသည့်အခါ အနောက် ပေါက်တွင် ဘီယာဆိုင်ကိုပါကို ဖွင့်လှစ်ခဲ့သေးကြောင်း သိရသည်။
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာလွှဲပြောင်းရယူပြီးနောက် မန်းသီတာဥယျာဉ်ခေတ်လည်း တဖြည်းဖြည်း မှေးမှိန်ကာ လူထုအပန်းဖြေဥယျာဉ်မှ ဒုစရိုက်သမားတို့ ကျက်စားရာဘုံအဖြစ် လျောကျခဲ့ရာ ၁၉၉၅ ခုနှစ် မန္တလေးကျုံး ပြန်လည် ပြုပြင်သည့် အခါ အပြီးတိုင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။
အလားတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရထံက အာဏာ လွှဲယူခဲ့သည့် စစ်တပ်အစိုးရ နဝတသည်လည်း မန္တလေး ကျုံးနှင့် ပတ်သက်၍ မရိုးအောင် တမျိုး ထွင်လာပြန်သည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က တည်ဆောက်ပြုပြင် အနောက်မြောက်တိုင်းတခွင် ဆိုကာ ရှိရင်းစွဲ မန်းသီတာဥယျာဉ်ကို ပြုပြင်ဖို့ မကြိုးစားတော့ဘဲ မန္တလေးနန်း၏ အနောက်တောင်ထောင့်တွင် ရေပေါ် အပန်းဖြေစခန်း ဟုဆိုကာ လက်စွမ်းပြ တည်ဆောက်လိုက်လေသည်။
ရည်ရွယ်ချက်က “သူ ငယ်ငယ်ကတည်းက သိမြင်ထိတွေ့ ခံစားခဲ့ရသည့် ကျုံးသည် ထူးထူးခြားခြား လှမလာသေး၊ ထို့အတွက် ယခုထက်ပိုမို လှလာအောင် မန္တလေးသားများ ကျုံးထောင့် အရသာကို ပိုမိုရလာအောင် လုပ်ပေးချင်၍ ဖြစ်သည်” ဟု ဗိုလ်ထွန်းကြည် (မုံရွာ) အမည်ဖြင့် ရေးသားသည့် “နှစ် ၅၀ ကျော် ကိုယ်တွေ့များ” စာအုပ်တင် ဖော် ပြထားသည်။
သူ၏ စေတနာထက်သန်ပုံက ဤနေရာတွင် မရပ်သေးပါ။ လေညှင်းခံလာသူများ စားသောက်ရေး အဆင်ပြေစေဖို့၊ မြို့ရိုးကြီးနှင့် ကျုံးကြားအတွင်းထောင့်တွင် စားသောက်ဆိုင်တဆိုင်ကို ဖွင့်လှစ်ကာ ပူပြင်းသည့် မန္တလေးနေဒဏ် ကြံ့ကြံ့ခံနိုင်ရန် မန္တလေးဘီယာကိုပါ တွဲဖက်ရောင်းချပေးခဲ့ရာ တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ပုံငွေ အလုံအလောက်ရခဲ့ သဖြင့် အများအကျိုးဆောင်၍ ကိုယ် အကျိုးအောင်ခဲ့ကြောင်းလည်း ရေးသားထားသည်။
သို့သော် နောက်ပိုင်းတွင် ကျုံးအတွင်း ဘီယာရောင်းချသည့် ဆိုင်များမှ အမျိုးသမီးငယ်လေးများ၏ စင်တင်တေးဂီတ သည် စစ်တပ်နှင့် အပစ်ရပ်ခဲ့သည့် ငွေစကြေးစရွှင်သူ အရှေ့မြောက်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များအတွက် မူးယစ်ရီဝေသော ညချမ်းများဖြစ်ခဲ့သည်ကိုမူ ဗိုလ်ချုပ်ထွန်းကြည် အမှန်ပင်မသိခဲ့လေသလား သိလျက်နှင့် ချန်လှပ် ထားခဲ့သလားမသိ သူ၏ စာအုပ်တွင် ထည့်သွင်းရေးသားခြင်း မရှိခဲ့ပါ။
ထိုစဉ်က ပင်မမီဒီယာလည်း အားမကောင်း၊ ဆိုရှယ်မီဒီယာလည်း မရှိသေး၊ စာပေကင်ပေတိုင် ကြီးစိုးသည့် ကြောက် ခေတ်တွင် ထိုဖြစ်ရပ်များမှာ သတင်းအနေဖြင့် တင်ပြနိုင်ခြင်း မရှိသော်လည်း စာရေးဆရာ နေဝင်းမြင့် က “ရတနာပုံ ညများ” ဆိုကာ ဝတ္တုတိုအနေဖြင့် မှတ်တမ်းတင်ခဲ့သည်။
နောက်ဆုံးမင်းဆက် စိုးစံသွားသည့် ရတနာပုံ နန်းမြို့ရိုး နံဘေးရှိ စင်တင်တေးဂီတ၌ မြန်မာစကား မပြောတတ်သော သူများ၏ အပြိုင်အဆိုင် ကြေးကြီးပေးကာ ပန်းကုံးစွပ်သည့်ပွဲကို မန္တလေးသားများက ဝင်ကြေး ၃ ကျပ်ပေး၍ ငေးမော ကြည့်ရသော ဖြစ်ရပ်သည် ရင်နင့်စရာ ပြောစမှတ် တွင်ခဲ့သည်။
စစ်ဘုရင်များအကြား အာဏာပြိုင်မှုက ဗိုလ်ချုပ်ထွန်းကြည်အား တိုင်းမှူးအဖြစ်မှ လျောကျစေခဲ့ပြီးနောက် အနောက် မြောက်တိုင်းတွင် သူလုပ်ဆောင်ခဲ့သည့် အရာများအားလုံးကို ကျူပင်ခုတ် ကျူငုတ်မကျန်စေရန် သူ၏ပြိုင်ဘက်များက ရှင်းလင်းပစ်ခဲ့သည်။
၁၉၉၅ ခုနှစ် မန္တလေးကျုံး ပြန်ဆယ်သည်အခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် တိုင်းမှူး ဘ၀ဖြင့် သူတည်ဆောက်ခဲ့သော ရေပေါ် အပန်းဖြေစခန်းသာမက တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က တည်းက ရှိခဲ့သည့် မန်းသီတာဥယျာဉ်ပါ နိဌိတံခဲ့ရလေသည်။
ထို့ပြင် ဗိုလ်ချုပ်ထွန်းကြည် တည်ဆောက်ခဲ့သည့် ကျုံးအတွင်းရှိ ပြည်ကြီးမွန်ဖောင်တောင်၊ ဗိုလ်ချုပ်ကြေးရုပ်စသည် တို့ကိုလည်း တခြားသောနေရာများသို့ ရွှေ့ပြောင်းစေကာ ချောင်ထိုးစေခဲ့သည်။
ယခုလည်း လာပြန်ချေပြီဟု ဆိုရမည်ဖြစ်ပြီး တတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုအပြီး မန္တလေးနန်းမြို့ရိုး၏ အရှေ့ တောင်၏ထောင့် ကျုံးအတွင်းပိုင်းတွင် အပန်းဖြေဥယျာဉ်တည်ဆောက်ရန် ပြုလုပ်နေကြပြန်၏။
တော်လှန်ရေးကောင်စီ လက်ထက်တည်ဆောက်ခဲ့သည့် မန်းသီတာဥယျာဉ်တွင် အတွင်း၌ ဓာတ်ပုံဆိုင်နှင့် စာကြည် တိုက် အဆောက်အအုံသာ ထည့်သွင်းထားရှိသော်လည်း နဝတ စစ်အစိုးရလက်ထက် ရေပေါ်ဥယျာဉ်သည် ဘီယာ ဆိုင်ပါ ဖွင့်လှစ်နိုင်သည့်အထိ တိုးတက်ခဲ့သည်။
ယခု စစ်ကောင်စီလက်ထက် တည်ဆောက်မည့် တတိယအကြိမ် အပန်းဖြေဥယျာဉ်သည် မည်မျှအထိ လုပ်ကိုင်နိုင် သော စီးပွားရေး အခွင့်အလမ်းများ ပါမည်ကို မသိသော်လည်း စီးပွားရေးသမား တစုကမူ ထိုအခွင့်အရေးကို စောင့် မျှော်နေမည်မှာ ဧကန်မလွဲ ဖြစ်ပေမည်။
You may also like these stories:
ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း
မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး
မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်
ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်