စစ်ကောင်စီက မန္တလေး နန်းမြို့ရိုးဘေးတွင် လူထုအပန်းဖြေရန်ဆိုကာ အကောင်အထည်ဖော်နေသည့် စီမံကိန်းသည် ကောင်းကျိုးထက် ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်များကိုသာ ထိခိုက်မှု ဖြစ်လာနိုင်သဖြင့် မလုပ်ဆောင်သင့်ကြောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ပြောဆိုသည်။
မြန်မာ့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် မန္တလေးကျုံးနှင့် မြို့ရိုးဘေးတွင် လူထုအပန်းဖြေ နေရာအဖြစ် ဆောက်လုပ်မည့် အဆိုပါ စီမံကိန်းကို ယခု အောက်တိုဘာလဆန်းပိုင်းကစ၍ လုပ်ဆောင်နေသည်။
ယင်းလူထုအပန်းဖြေ စီမံကိန်းတွင် အားကစားကွင်း၊ ကားပါကင်များ အပါအဝင် ဒေသပေါက်ပင် မဟုတ်သည့် အပင်များ အလှဆင်စိုက်ပျိုးခြင်း၊ အဆောက်အအုံများ ဆောက်ရာတွင် မြေတူးဆွခြင်း လုပ်ဆောင်ချက်များကို ယဉ်ကျေးမှု နယ်မြေ တွင်း မလုပ်ဆောင်သင့်ကြောင်း ပညာရှင်များက ထောက်ပြနေကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ လုပ်ဆောင်ချက်များကြောင့် မန္တလေးမြို့ရိုးနှင့် ကျုံးကို မြင်နိုင်သည့် မြင်ကွင်းဆုံးရှုံးခြင်း သက်ရောက်မှုအပြင် နန်းမြို့ရိုး၏ ကြံ့ခိုင်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက ဆိုသည်။
အမွေအနှစ် ထိန်းသိမ်းရေးပညာရှင် တဦးက “ကားပါကင်တွေ လုပ်မယ်၊ အပင်တွေ၊ ဓာတ်တိုင်တွေ စိုက်တဲ့အခါမှာ အဲဒီ မြင်ကွင်းတွေက နန်းမြို့ရိုးမြင်ကွင်းကို ပျောက်သွားတာပေါ့။ ဒါ Directly Impact (တိုက်ရိုက် အကျိုး သက်ရောက်မှု) ပေါ့။ ရှေးဟောင်းအမွေအနှစ် မြင်ကွင်းတွေ တိုက်ရိုက် ဆုံးရှုံးသွားတာပေါ့” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “လူအသွားအလာတွေ များလာမယ်၊ ကားအသွားအလာတွေ များလာမယ်၊ Vibration (တုန်ခါမှု)တွေ များလာမယ်။ အစိုးရ အဆက်ဆက်က ကျန်တဲ့ အစိတ်အပိုင်းတွေကို ဦးစားပေးနေရတဲ့ အတွက်ကြောင့် အမွေအနှစ် ထိန်း သိမ်းရေး လုပ်ငန်းတွေမှာ အားနည်းခဲ့တယ်။ အဲဒီအတွက် နန်းမြို့ရိုးတွေကလည်း အားနည်းခဲ့တယ်။ အခုလို စီမံကိန်းကြီး လုပ်တော့မယ်ဆိုရင် ကားတွေ အဝင်အထွက် များလာရင် ပိုဆိုးလာနိုင်တယ်” ဟုလည်း ထောက်ပြသည်။
ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ရှေးဟောင်းအဆောက်အအုံများ အနီးတဝိုက်၌ အဆောက်အအုံသစ်များ ဆောက်လုပ်ပါက အနည်းဆုံး ပေ ၁၂၀ အကွာအဝေး ရှိရန်လိုအပ်သည့်အပြင် ဆောက်လုပ်မည့် အဆောက်အအုံသစ်၏ အမြင့်မှာလည်း ပေ ၃၀ အမြင့်ထက် ကျော်လွန်ဆောက်လုပ်ခြင်း မပြုရန် တားမြစ်ထားသည်။
ယခုကဲ့သို့ နန်းမြို့ရိုးရှေ့တွင် စီမံကိန်း ပြုလုပ်နေမှုသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို လည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်နေသည်။

ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက “ဒီနေရာမှာ အပန်းဖြေဥယျာဉ်ကြီးက မလုပ်သင့်တဲ့နေရာ လို့ ပြောရမှာပေါ့။ ဘာလို့လဲဆို ကျုံးနဲ့ မြို့ရိုးနဲ့ သေသေချာချာ သပ်သပ်ရပ်ရပ် ရှိသေးတာက၊ တကယ့် ရှေးဟောင်းအမွေ အနှစ်အနေနဲ့ ကျန်နေတာက မြန်မာတနိုင်ငံလုံးမှာ ဒီတနေရာပဲ ရှိတော့တယ်။ ကျန်တဲ့ မြို့တော်ဟောင်းတွေမှာ ကျုံးတွေ၊ မြို့ရိုတွေ ရှိပေမယ့် ဒီလောက်အထိ ကောင်းကောင်းမွန်မွန် အခြေအနေမှာ မရှိတော့ဘူး။ ဒါကို ထိန်းသိမ်းဖို့ လိုတယ်” ဟု ပြောသည်။
ရှေးဟောင်းအမွေအနှစ် ဒေသများအတွင်း ပြုလုပ်မည့် စီမံကိန်းများ အနေဖြင့် အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက် HIA (Heritage Impact Assessment) များ သေချာဆန်းစစ်ပြီးမှ လုပ်ဆောင်ရမည် ဖြစ်သော်လည်း လက်ရှိ စီမံကိန်း ဖော်ဆောင်နေသည့် စစ်ကောင်စီသည် ထိုအရာများကိုလည်း ထည့်သွင်းတွက်ချက်မှု မရှိဟူသော ဝေဖန်မှုများ လည်း ထွက်ပေါ်လျက် ရှိသည်။
စီမံကိန်းပြုလုပ်ရာတွင် စီမံချက်အဆင့် (Planning Stages)၊ တည်ဆောက်မည့်အဆင့် (Construction Stages)၊ အသုံးပြု မည့်အဆင့် (Operational Stages)၊ တည်ဆောက်ပြီးနောက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာ (Cumulative)၊ အမွေအနှစ်ထိခိုက်မှုအဆင့် (Level of Impact) နှင့် ပညာရှင်များ ယူဆသုံးသပ်ချက် (Comments) များကို ဆောင်ရွက် ရမည် ဖြစ်သော်လည်း စစ်ကောင်စီက လိုက်နာမှု အလွန်ပင် အားနည်းနေကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်းစုံကို တနေရာတည်းတွင် စုစုစည်းစည်း တွေ့မြင်နိုင်သေးသည့် မြို့တခုအဖြစ် ရှိနေ သည့် မန္တလေးမြို့ကို စီမံခန့်ခွဲရာတွင် အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို ပထမ ဦးစားပေး အနေဖြင့် စဉ်းစားသင့် ကြောင်း အမွေအနှစ် ထိန်းသိမ်းရေးပညာရှင် တဦးဖြစ်သူ ဒေါ်ဥမ္မာမျိုးက ဆိုသည်။
ယခုအခါ စစ်အာဏာသိမ်းမှု ကာလ ၈ လ ကျော်လာသည့် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီက နန်းမြို့ရိုးဘေးတွင် လူထုအပန်းဖြေ စီမံကိန်း ဆောင်ရွက်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
မန္တလေးနန်းတော်ကို မင်းတုန်းမင်းကြီးက ၁၈၅၇ခုနှစ်မှ ၁၈၅၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပြီး၊ မင်းတုန်းမင်းနှင့် သား တော် သီပေါမင်းတို့သာ ထီးနန်းစိုက်ခဲ့သည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီး နောက်ပိုင်း နန်းတွင်းတွင် အင်္ဂလိပ်တပ်များ တပ်စွဲခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က နန်းတွင်းမှ ခုခံသဖြင့် နန်းမြို့ရိုးကို အင်္ဂလိပ်က ဗုံးကြဲကာ ဖြိုဖျက်ခဲ့သဖြင့် ပျက်စီးခဲ့ရပြီး တော်လှန်ရေးကောင်စီလက်ထက်တွင် ပြန်လည်ပြုပြင်ခဲ့သည်။
၁၉၈၉ခုနှစ်တွင် နဝတအစိုးရက မန္တလေးနန်းတော် ပြန်လည်တည်ဆောက်ခဲ့သော်လည်း နန်းမြို့ရိုးအတွင်း စစ်တပ်က တပ်စွဲထားသဖြင့် နန်းတော်နှင့် အနီးတဝိုက်သာ အများပြည်သူ လည်ပတ်ခွင့်ရှိကာ ကျန်နေရာများကို ကန့်သတ်ဧရိ ယာအဖြစ် သတ်မှတ်ထားသည်။
You may also like these stories :
ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်
မြန်မာ့ဘဏ္ဍာရေးနှစ် ပြန်ပြောင်းချင်တာ အရင်လို ခြစားဖို့လား
မြဝတီအနီး စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူ တရုတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က လူဆိုးစာရင်းသွင်း