စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

Bertil Lintner
၂၀၂၁ ဇန်နဝါရီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော် လာရောက်စဉ် / ဧရာဝတီ

အာဏာသိမ်းသူ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အင်္ဂါနေ့တွင် စတင်ပြီး ကြာသပတေးနေ့တွင် ပြီးဆုံးသည့် ထိပ်သီးဆွေးနွေးပွဲတွင် ဖယ်ထုတ်ထားရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ ဆုံးဖြတ်ချက်သည် တကမ္ဘာလုံးကို အံ့သြသွားစေခဲ့သည်။ ASEAN သည် ပုံမှန်အားဖြင့် အဖွဲ့ဝင်ဆယ်နိုင်ငံအနက် နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် သည်ဟုမြင်နိုင်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချမှတ်ဘူးပေ။ စစ်ကောင်စီ ခန့်ထားသည့် နေပြည်တော်မှ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ပြီးနောက် ထိုဆုံးဖြတ်ချက်ကို ဘုံသဘောတူညီချက်မရဘဲ ချမှတ်ခဲ့ကြောင်း ASEAN ၏ ဦးတည်ချက်များကို ချိုးဖေါက်နေကြောင်း ကြေညာသည်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် စစ်ကောင်စီခေါင်းဆောင်ကို အွန်လိုင်း ဆွေးနွေးပွဲတွင် ချန်လှပ်ထားရန် ASEAN ကို ဖိအားပေးပြီး ထိုဝေဖန်မှုအတွက် အပြစ်တင်သည်မှာ အံ့သြစရာ မဟုတ်ပေ။

သို့သော် ASEAN က ဘာလုပ်လုပ် မလုပ်လုပ် မြန်မာစစ်ခေါင်းဆောင်များက ရေရှည်တွင် ဂရုမစိုက်သောကြောင့် ထိုကိစ္စသည် မရောင်ရာ ဆီလူးနေခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်က ASEAN သို့ ဝင်ရောက်ရန် ဗိုလ်ချုပ်များ၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ အချိုးပြင်ရန်နှင့် မပတ်သက်ပဲ ဝေဖန်နေသော အနောက်အင်အားကြီးနိုင်ငံများနှင့် အငြင်းပွားမှုတွင် မဟာမိတ်ရှာရန်သာဖြစ်သည်။ လက်တွေ့တွင် မြန်မာနိုင်ငံပြည်တွင်းရေး အခြေအနေကို သြဇာသက်ရောက်ပြီး လိုသလိုပုံသွင်းနိုင်သော နိုင်ငံတခုသာရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပင်ဖြစ်သည်။

လက်တွေ့တွင် မြန်မာနိုင်ငံပြည်တွင်းရေး အခြေအနေကို သြဇာသက်ရောက်ပြီး လိုသလိုပုံသွင်းနိုင်သော နိုင်ငံတခုသာရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အခြေခံသေနင်္ဂဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားရှိသည့် တခုတည်းသော အိမ်နီးချင်း နိုင်ငံလည်းဖြစ်ပြီး ထိုအကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် မည်သည့် ကိစ္စမဆိုကို လုပ်ဆောင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ မိမိတို့သည် ဒေါ်လာ ထရီလီယံများစွာကုန်ကျမည့် သမ္မတရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်တွင် စတင်သည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ကို သိထားပြီးဖြစ်သည်။ ကမ္ဘာ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး သေနင်္ဂဗျူဟာအဖြစ်ဖေါ်ပြသော ထိုအစီအစဉ်တွင် နိုင်ငံပေါင်း ၇၀ နီးပါးနှင့် သဘာဝပတ်ဝန်းကျင်နှင့် သားရိုင်းတိရစာ္ဆန်များကို ကာကွယ်သော နိုင်ငံတကာအဖွဲ့အစည်း အချို့ပင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။

ရည်မှန်းချက်မှာ တရုတ်နှင့် ပြင်ပကမ္ဘာကို ယခင်က မသုံးဘူးသည့် နည်းမျိုးဖြင့် ဆက်သွယ်ရန်ဖြစ်ပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာအောင် လုပ်ဆောင်ရေး ဖြစ်သည်။ သို့သော် ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးအတွက် လမ်းကြောင်းသစ်ရှာသည့် ထိုမူဝါဒသည် BRI ထက်ပင် ပိုမိုစောပြီး ဘေ့ဂျင်းက မြန်မာနိုင်ငံတွင် သြဇာသက်ရောက်မှုအသစ် ကျင့်သုံးသည့် ၁၉၈၀ ခုနှစ်များက ပထမဆုံး ကျင့်သုံးသည့် နည်းလမ်းမှ မွေးဖွားလာခဲ့သည်ကို မကြာခဏဆိုသလို မေ့နေတတ်ကြသည်။ စာရေးသူသည် ထိုအကြောင်းအရာများကို ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာများတွင် အများအပြားရေးသားခဲ့ပြီးဖြစ်သော်လည်း စာရေးသူက အတိတ်တွင် အကြိမ်ပေါင်းများစွာ ကိုးကားခဲ့ဖူးသော ထိုစီမံကိန်းအကြောင်း အကြမ်းဖေါ်ပြသည့် ဆောင်းပါးအား စာဖတ်သူများကို ပြန်လည်သတိပေးသင့်သည်။

ထိုဆောင်းပါးသည် စတင်ထုတ်ဝေစဉ်က မည်သူမျှ သတိမထားမိဘဲ ပီကင်းရီဗျူးတွင် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စောစီးစွာ ထုတ်ဝေခဲ့သည်။ “အနောက်တောင်သို့ လမ်းဖွင့်ခြင်း- ကျွမ်းကျင်သူတဦး၏ အမြင်” အမည်ရှိ ထိုဆောင်းပါးကို ဆက်သွယ်ရေး ဒုဝန်ကြီးဟောင်း ပန်ချီက ရေးသားပြီး မြန်မာမှတဆင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေ ဆိပ်ကမ်းများကိုသုံးကာ တရုတ်ကုန်သွယ်ရေး တိုးချဲ့ရေး ဖြစ်နိုင်ခြေများကို အသေးစိတ်ရေးသားသည်။ မြန်မာနိုင်ငံ ရထားလမ်းဆုံး ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ရှမ်းပြည် အရှေ့မြောက်ပိုင်း လားရှိုးရထားလမ်းများသည် တရုတ်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့ရန်ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများအဖြစ် တင်ပြသည်။ သို့သော် ထိုသက်ဆိုင်ရာ နယ်စပ်ဒေသများအားလုံးသည် မြန်မာ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်းကိုမူ သူဖေါ်ပြခြင်း မရှိပေ။

ယဉ်ကျေးမှုတော်လှန်ရေးအပြီး မူဝါဒ အကြီးအကျယ်ပြောင်းလဲသွားသော တရုတ်တို့သည် မြန်မာနိုင်ငံတွင်းမှ ကျယ်ပြန့်သည့် စီးပွားရေးထောက်လှမ်း အစီရင်ခံသည့်စနစ်ဖြင့် ဒေသဈေးကွက်များကို ထိုးဖေါက်နေပြီးဖြစ်သည်။

ထိုစဉ်က ၂၁၉၂ ကီလိုမီတာရှည်လျှားသော တရုတ်-မြန်မာနယ်စပ်ဒေသ အားလုံးနီးပါးကို ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် တရုတ် အဆက်အသွယ်ရှိသည့် အစိုးရမဟုတ်သည့် နိုင်ငံရေး သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ သို့သော် ၁၉၈၇ ခု အစောပိုင်းက မြန်မာစစ်တပ်သည် စီးပွားတိုးတက်လာနေသည့် ပန်ဆိုင်း အပါအဝင် နယ်စပ်မှ CPB အမာခံဒေသအနည်းငယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်သေးသည်။ ထိုနေရာသည် ဒဏ္ဍာရီဆန်သော ဘားမားလမ်းသည် တရုတ်နိုင်ငံ ရွှေလီမြို့အရှေ့ဘက် ဝမ်တိန်ကို ဖြတ်သန်းသွားသောနေရာဖြစ်သည်။ တချိန်တည်းတွင် ယဉ်ကျေးမှုတော်လှန်ရေးအပြီး မူဝါဒ အကြီးအကျယ်ပြောင်းလဲသွားသော တရုတ်တို့သည် မြန်မာနိုင်ငံတွင်းမှ ကျယ်ပြန့်သည့် စီးပွားရေးထောက်လှမ်း အစီရင်ခံသည့်စနစ်ဖြင့် ဒေသဈေးကွက်များကို ထိုးဖေါက်နေပြီးဖြစ်သည်။ ထိုစနစ်က မြန်မာထုတ်ကုန်များ မြန်မာပြည်တွင်း၌ ရရှိနိုင်မှုနှင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူနှင့် အိန္ဒိယတို့မှ တရားမဝင်မှောင်ခိုသွင်းသော ကုန်သွယ်မှုပမာဏနှင့် သဘောသဘာဝကိုပါ စောင့်ကြည့်လေ့လာသည်။ ထိုနောက် တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံပိုင်စက်ရုံများတွင် ကုန်ပစ္စည်းများထုတ်လုပ်ပြီး ဈေးကွက်အခြေအနေကို တုံ့ပြန်နိုင်ခဲ့သည်။ မကြာမီမှာပင် ဂရုတစိုက်ရွေးချယ်ထားသော ကုန်ပစ္စည်းပေါင်း ၂၀၀၀ ကျော်သည် မြန်မာဈေးကွက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ တရုတ်လုပ်လူသုံးကုန် ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အခြားအိမ်နီးချင်းနိုင်ငံများထက်သာမက မြန်မာပြည်တွင်း ထုတ်ကုန်များထက်ပါ ဈေးသက်သာအောင် ပြုလုပ်ထားသည်။

၁၉၈၇ ခုနှစ် ပန်ဆိုင်းတွင် ကျင်းပသော ဗမာပြည်ကွန်မြူနစ်ပါတီ အစည်းအဝေးတခု/ Hseng Noung Lintner

ထိုနောက် ၁၉၈၉ ခုနှစ် မတ်လနှင့် ဧပြီလတွင် CPB တပ်မှ တောင်ပေါ်လူမျိုးစုများက ပုန်ကန်ကြပြီး ပါတီမှ မော်ဝါဒီခေါင်းဆောင်များကို တရုတ်ပြည်သို့ ထွက်ပြေးစေသည်။ ထိုပုန်ကန်မှုသည် CPB တပ်အတွင်း အတင်းအကျပ် သွပ်သွင်းခံရသော တောင်ပေါ်လူမျိုးစု စစ်သားများနှင့် တယူသန်မော်ဝါဒီ အသက်အရွယ်ကြီးရင့်နေသော မြန်မာပညာတတ်များအကြား မကျေနပ်မှု နှစ်ပေါင်းများစွာအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုပုန်ကန်မှုကို ရန်ကုန်မှ စစ်အစိုးရက လျှင်မြန်ပါးနပ်စွာ အသုံးချသည်။ အပစ်အခတ်ရပ်စဲရန် သဘောတူပါက မည်သည့်စီးပွားရေးမဆို လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း CPB ဟောင်းမှပေါ်ပေါက်လာသော တပ်ဖွဲ့သစ်များ အခြေခံအားဖြင့် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ၏ ခေါင်းဆောင်များကို ကတိပြုလိုက်သည်။

မြန်မာစစ်တပ်အတွက် စွမ်းအားအကြီးမားဆုံး ခြိမ်းခြောက်မှုကို မလှုပ်ရှားအောင် လုပ်ထားနိုင်ပြီဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေး ထွန်းကားလာသည်။ ထို့ကြောင့် အာရှ၏ အဖိနှိပ်ဆုံးနိုင်ငံနှစ်ခုမှ ခေါင်းဆောင်များအကြား အသစ်မွေးဖွားလာသော ချစ်ကြည်ရင်းနှီးမှုလည်း ထွန်းကားလာသည်။ တချိန်တည်းတွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ထူးဆန်းလှသော နှစ်ချောင်းထောက် နိုင်ငံခြားရေးမူဝါဒအရ အာဏာသိမ်း စစ်အုပ်စုနှင့် အစိုးရချင်းဆက်ဆံရေးကိုသာမက UWSA အပါအဝင် မြန်မာနိုင်ငံမှ များပြားလှသော တိုင်းရင်းသားအဖွဲ့များနှင့်လည်း ပါတီချင်းဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။ မကြာသေးမီ နှစ်များအတွင်းက တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပါ ဆက်ဆံရေးများ ထူထောင်လာသည်။ အနာဂတ်မြန်မာနိုင်ငံကို မည်သူအုပ်ချုပ်မည် သို့မဟုတ် မည်သူသြဇာလွှမ်းမိုးမည်ကို မသိနိုင်သောကြေင့် ဘေ့ဂျင်းမှ ခေါင်းဆောင်များအတွက် ၎င်းတို့၏ ကြက်ဥများအားလုံးကို ခြင်းတောင်းတခုတည်းတွင် ထည့်မထားမိရန် အရေးကြီးသည်။

၁၉၉၀ ခုနှစ်များအစောပိုင်းတွင် စာရေးသူသည် မူဆယ်နှင့် မျက်နှာချင်းဆိုင် ရွှေလီမြစ်တဖက်ကမ်းမှ တရုတ်ပိုင်နက် သေးငယ်သော ဒေသဖြစ်သည့် ကျယ်ဂေါင်တွင် ရှိနေပြီး လူရုပ် ၄ ရုပ်က လုံးဝန်းသောအရာတခုကို တွန်းနေသော ကြီးမားသည့် အထိမ်းအမှတ် ရုပ်တုများကိုတွေ့ခဲ့သည်။ ၎င်းတို့၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာများသည် တောင်ဘက်သို့ မျက်နှာမူနေကြသည်။ ၎င်းတို့၏ အောက်ခြေမှ တရုတ်စာလုံးများက “ညီညွတ်ကြ၊ တောက်ပသောလမ်း၊ ရှေဆက်လျှောက်” ဟု ရေးသားထားသည်။ ပိုမိုရှင်းလင်းစွာ ပြောရပါက “အရှေ့တောင်အာရှကို ငါတို့လာနေပြီ” ဟု ဆိုရမည်ဖြစ်သည်။ ထိုအထိမ်းအမှတ် ရုပ်တုများနှင့် အောက်ခြေမှစာများသည် မြန်မာပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို သံသယ ဖြစ်ရန် မလိုပေ။ ၁၉၉၀ ခုနှစ်များအစောပိုင်းက ကျယ်ဂေါင်တွင် ဝါးတဲများနှင့် စပါးခင်းများသာရှိသည်။ သို့သော် ၂၅ နှစ်အကြာ ယနေ့ကျယ်ဂေါင်တွင် အထပ်မြင့်အဆောက်အအုံများ၊ ဇိမ်ခံဟိုတယ်များ၊ ပစ္စည်းမျိုးစုံရောင်းသော စတိုးဆိုင်များဖြင့် ပြည့်နေသည်။ တရုတ်တနိုင်ငံလုံးမှ လာရောက်ဝယ်ယူနေသော ကျောက်စိမ်းဈေးကွက်ကြီးတခုလည်း ရှိသည်။ ကျောက်စိမ်းကို မြန်မာနိုင်ငံမြောက်ပိုင်းတွင်သာ တူးဖေါ်ရရှိသည်။

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့/ ဧရာဝတီ

ကိုဗစ်နိုင်တင်းကြောင့် နယ်စပ်မပိတ်လိုက်ရမီက တရုတ်လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားတန်းကြီးများသည် နံနက်တိုင်း ကျယ်ဂေါင်မှ ထွက်ခွာပြီး နယ်စပ်ကိုဖြတ်ကျော်ကာ မူဆယ်သို့ သွားသည်။ ထိုမှတဆင့် ကုန်စည်များကို လားရှိုး၊ မန္တလေးနှင့် ရန်ကုန်အပြင် အိန္ဒိယ နယ်စပ် မိုရေးအထိ ပို့သည်။ မြန်မာတွင်သာမက အိန္ဒိယ အရှေ့မြောက်ပိုင်းတွင်လည်း ဈေးပေါသော တရုတ်ပစ္စည်းများ အလုံးအရင်း ဝင်ရောက်နေသည်။ ရွှေလီနှင့် မဝေးသောနေရာတွင် မြန်မာကမ်းခြေမှ ရေနံနှင့်သဘာ၀ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့သည့် ပိုက်လိုင်းများလည်း ရှိနေသည်။

CMEC မရှိပါက တရုတ်သည် ၎င်း၏ တကမ္ဘာလုံးလွှမ်းမိုးရေး BRI အစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် နေပြည်တော်တွင် မည်သည့်အစိုးရ အာဏာရနေသည်ဖြစ်စေ တရုတ်နိုင်ငံသည် ထိုသေနင်္ဂဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန် စည်းရုံးသိမ်းသွင်းမည်ဖြစ်သည်။

ကုန်သွယ်ရေးအတွက် နယ်စပ်ကို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ၏ သေနင်္ဂဗျူဟာ အရေးပါမှုကြောင့် ဘေဂျင်းသည် မြန်မာနှင့်ဒေသတွင်းအတွက် ရေရှည်စီမံကိန်းကို စွန့်လွတ်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာ ဆိပ်ကမ်းများသို့ တိုက်ရိုက်သွားရောက်နိုင်မည့် လမ်းကြောင်းကိုပေးသော တခုတည်းသော အိမ်နီချင်းနိုင်ငံဖြစ်သည်။ ထိုလမ်းကြောင်းကြောင့် တရုတ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် ရေကြောင်းကျပ်သော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည့်လမ်းကြောင်းဖြစ်သည်။ CMEC သည် ရှီ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အရေးပါသော ထောက်တိုင်များဖြစ်သည်။ CMEC မရှိပါက တရုတ်သည် ၎င်း၏ တကမ္ဘာလုံးလွှမ်းမိုးရေးအစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် နေပြည်တော်တွင် မည်သည့်အစိုးရ အာဏာရနေသည်ဖြစ်စေ တရုတ်နိုင်ငံသည် ထိုသေနင်္ဂဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန် စည်းရုံးသိမ်းသွင်းမည်ဖြစ်သည်။ တရုတ်သည် ၎င်းတို့နှင့် စိတ်တူသဘောတူ အာဏာရှင်အစိုးရမျိုးကို ပိုမိုလိုလားမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်မေလက ဘေ့ဂျင်းတွင် ကျင်းပသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးညီလာခံ တက်ရောက်စဉ်က BRI အတွက် လက်မှတ်ရေးထိုး သဘောတူခဲ့သူမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ကို မိမိတို့ မမေ့ရန်လိုသည်။

သို့သော် ၎င်းတို့၏ လုံခြုံရေးဌာနများမှတဆင့် တရုတ်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ထိုအခြေအနေတွင် မည်သို့မည်ပုံ ပတ်သက်နေသနည်း။ သမိုင်းကိုပြန်ကြည့်ပါက ပန်ချိက ပီကင်းရီဗျူးတွင် အထက်ပါဆောင်းပါးကို မရေးမီကပင် မြန်မာသည် ဘေ့ဂျင်းအတွက် လွန်စွာအရေးပါသည်။ ထိုစဉ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်စည်များမတင်ပို့ဘဲ တော်လှန်ရေးကိုသာ တင်ပို့နေသည်။ တရုတ်မြန်မာနယ်စပ်မှ CPB ၏ စတုရန်းကီလိုမီတာ ၂၀၀၀၀ ကျော်သော အခြေစိုက်ဒေသရှိနေသည်မှာ မြန်မာနိုင်ငံမှတော်လှန်ရေးကို ထောက်ခံရန်သာမက မော်စီတုန်းကွန်မြူနစ်ဝါဒကို အရှေ့တောင်အာရှတွင် ပျံ့နှံ့စေမည့် အခြေခံဒေသအဖြစ်လည်း CPC ကမျှော်လင့်ခဲ့သည်။ ထိုစီမံက်ိန်း၏ နောက်ကွယ်မှ ဆရာကြီးမှာ ၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ်များ အစောပိုင်းက ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း ကြောက်မက်ဖွယ်ရာ သဘောထားတင်းမာသူ တရုတ်ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေး ယန္တရားအတွက် လုပ်ကိုင်နေသည့် အာရှနှင့် အခြားဒေသများမှ ညီအကိုပါတီများနှင့် CPC ၏ ဆက်သွယ်ရေး တာဝန်ခံ ခုန်းရှန် ဖြစ်သည်။

ထိုစီမံကိန်းမှာ ထိုင်းကွန်မြူနစ်ပါတီ (CPT) ပြောက်ကျားများ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များကို တိုက်ခိုက်သည့် သူရဲကောင်း ချင်းပန် ဦးဆောင်သည့် မလေးယား ကွန်မြူနစ်ပါတီ၊ မြောက်ကာလီမန်တန် ကွန်မြူနစ်ပါတီ (မလေးရှားကွန်မြူနစ်များက အဖွဲ့ချုပ်ကို အသိအမှတ်မပြုသောကြာင့် ဆာဘားနှင့် ဆာရာဝက်တွင် သီးခြားကွန်မြူနစ်ပါတီများ ရှိနေသည်)၊ တချိန်က သြဇာကြီးမားသည့် ပါထိုင်ကွန်မန်နစ်အင်ဒိုနီးရှား – Partai Komunis Indonesia (PKI)၊ သြစတြေးလျ ကွန်မြူနစ်ပါတီ (မာ့က်စ်လီနင်ဝါဒီ) နှင့် အတန်အသင့်ထင်ရှားသော ရှေ့နေ အက်ဒွပ်ဖေါင်လာ ဟေးလ် ဦးဆောင်သည့် သေးငယ်သော ကွန်မြူနစ်ပါတီတို့နှင့် ဆက်သွယ်ရန်ဖြစ်ကြောင်း CPB ဥက္ကဋ္ဌ သခင်ဘသိန်းတင်က ၁၉၈၇ ခုနှစ်က ပန်ဆန်းရှိပါတီဌာနချုပ်တွင် စာရေးသူတွေ့ဆုံမေးမြန်းစဉ်က ပြောသည်။

သခင်ဘသိန်းတင်နှင့် ဟေးလ်တို့ ဘေ့ဂျင်းတွင်တွေ့ဆုံခဲ့သည်။ ချင်းပန်နှင့်ဆက်သွယ်ရးကို ကူမင်းမှ ကြားခံများဖြင့် ထိန်းသိမ်းထားသည်။ CPT ပြောက်ကျားများသည် ၁၉၈၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်မသွားမီက ပန်ဆန်းတွင်နေထိုင်ကြသည်။ ၁၉၈၆-၈၇ ကစာရေးသူ ပန်ဆန်းတွင်ရှိနေစဉ်တွင် CPT ကေဒါများ တည်ဆောက်ခဲ့သည့် ထိုင်စာများရေးထိုးထားသော ကွန်ကရစ် ရေတွင်းတခုတွေ့ခဲ့သည်။ CPB တပ်များနှင့်အတူ စစ်မြေပြင်သို့ စာရေးသူလိုက်ပါသွားသောအခါ အင်ဒိုနီးရှားရဲဘော်များနှင့် ၎င်းတို့၏ ရဲရင့်သောလုပ်ရပ်များအကြောင်း ဇာတ်လမ်းများစွာ ကြားသိခဲ့သည်။ ထိုအင်ဒိုနီးရှားရဲဘော်များတွင် အင်ဒိုနီးရှားတွင် ၁၉၆၅ ခုနှစ်က သတ်ဖြတ်ခံရသော PKI ဥက္ကဌ ဒီ အင်န် အိုက်ဒစ်၏ သမီး နှစ်ဦးပါဝင်သည်။ CPC သည် ၁၉၆၀ ခုနှစ်များက တရုတ်တွင်ရောက်ရှိနေသည့် PKI အဖွဲ့ဝင် တဒါဇင်ခန့်ကို ပြောက်ကျားစစ် လေ့လာရန် CPB အခြေစိုက်စခန်းသို့စေလွှတ်ခဲ့သည်။ ထိုအင်ဒိုနီးရှားရဲဘော်များကို တိုက်ပွဲများအတွင်း ရေဒီယို အော်ပရေတာများအဖြစ် သုံးကြောင်း CPB ခေါင်းဆောင်များက စာရေးသူကိုပြောသည်။ ထိုစဉ်က သတင်းပေးပို့မှုများကို စကားဝှက်ဖြင့် ပေးပို့နိုင်ခြင်း မရှိသေးပေ။ ထိုအင်ဒိုနီးရှားရဲဘော်များသည် ဘဟာဆာ အင်ဒိုနီးရှားစကားပြောသောကြောင့် ၎င်းတို့ပြောသည့် စကားများကို မြန်မာစစ်တပ်၏ ကြားဖြတ်နားထောင်သူများ နားလည်ခြင်း မရှိပေ။ စာရေးသူ ထိုစခန်းတွင် ရှိနေစဉ် PKI အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားပြီး ၎င်းတို့သည် ကနေဒါနှင့် နယ်သာလန်တွင် သွားရောက်နေထိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တော်လှန်ရေးတင်ပို့ လိုသည်ဖြစ်စေ စီးပွားရေးအကျိုးစီးပွား တိုးချဲ့လိုသည်ဖြစ်စေ မြန်မာစင်္ကြန်ကို ကာကွယ်စောင့်ရှောက်မှု တိုးချဲ့ရေးသည် ဘေ့ဂျင်းမှ လုံခြုံရေးစီမံသူများအတွက် အမြဲတစေ အရေးပါနေခဲ့သည်။ ယခင်က မူဝါဒ၏ ဗဟိုချက်သည် ပန်ဆန်းဖြစ်ပြီး ယနေ့တွင်မူ ကျယ်ဂေါင်ဖြစ်သွားသည်။

၁၉၇၆ ခုနှစ်တွင် မော်စီတုန်းကွယ်လွန်ပြီးနောက် တိန်ရှောက်ဖိန်သည် နိုင်ငံရေးလောကသို့ ပြန်ဝင်လာပြီး တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာမူဝါဒ ပြောင်းလဲသွားသည်။ သို့သော် တရုတ်နိုင်ငံသည် တော်လှန်ရေးတင်ပို့ လိုသည်ဖြစ်စေ စီးပွားရေးအကျိုးစီးပွား တိုးချဲ့လိုသည်ဖြစ်စေ မြန်မာစင်္ကြန်ကို ကာကွယ်စောင့်ရှောက်မှု တိုးချဲ့ရေးသည် ဘေ့ဂျင်းမှ လုံခြုံရေးစီမံသူများအတွက် အမြဲတစေ အရေးပါနေခဲ့သည်။ ယခင်က မူဝါဒ၏ ဗဟိုချက်သည် ပန်ဆန်းဖြစ်ပြီး ယနေ့တွင်မူ ကျယ်ဂေါင်ဖြစ်သွားသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း အရေးပါသည်။ ခိုင်မာသော UWSA သည် တရုတ်အတွက် သေနင်္ဂဗျူဟာအကျိုးအမြတ်ဖြစ်စေပြီး နေပြည်တော်နှင့် ညှိနှိုင်းမှုများတွင် အပေးအယူ လုပ်နိုင်လာသည်။ မန္တလေးမြို့အနောက်မြောက်ဘက် တရုတ်ကျောထောက်နောက်ခံပြု အငြင်းပွားဖွယ် လက်ပံတောင်း ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံရန် သမ္မတရုံးဝန်ကြီးဦးအောင်မင်းသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မုံရွာသို့သွားရောက်သောအခါ သူ ပွင့်ပွင့်လင်းလင်းဝန်ခံသည်။ “ကျနော်တို့က တရုတ်ကိုကြောက်ရတယ်။ တရုတ်နဲ့ပြဿနာ မဖြစ်ရဲဘူး။ သူတို့စီမံကိန်းတွေ ပိတ်လိုက်ရလို့ သူတို့စိတ်ဆိုးသွားရင် ကွန်မြူနစ်တွေကို ထောက်ခံမှု ပြန်လည်စတင်လာမယ်။ နယ်စပ်ဒေသစီးပွားရေးတွေ ဆုတ်ယုတ်ကုန်မယ်” ဟု သူပြောသည်။

၂၀၁၉ ဧပြီလတွင် နှစ် ၃၀ ပြည့် အဖွဲ့တည်ထောင်ခြင်း အခမ်းအနား ကျင်းပနေသည့် UWSA တပ်သားများ/ ဧရာဝတီ

ဦးအောင်မင်းပြောစကား မှန်သော်လည်း သူပြောသည့် ကွန်မြူနစ်များဆိုသည်မှာ UWSA နှင့် ၎င်း၏ မဟာမိတ်များဖြစ်သော ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ပလောင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ရှမ်းပြည်တပ်မတော်တို့ကို ဆိုလိုသည်။ ထိုအဖွဲ့များကို UWSA က လက်နက်ခဲယမ်း အများအပြားထောက်ပံ့ထားသည်။ ကချင်လွတ်လပ်ရေး တပ်မတော်သည်လည်း UWSA ၏ ထောက်ပံ့မှုများကြောင့် အကျိုးခံစားနေရသော်လည်း မြောက်ပိုင်းမဟာမိတ်များဟု ခေါ်သည့် အထက်ပါအဖွဲ့အစည်းများလောက် မရပေ။ UWSA သည် ၎င်းတို့ကိုယ်တိုင် တိုက်ပွဲများမတိုက်သော်လည်း ၎င်းတို့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ လက်နက်အတွက် အဓိကရင်းမြစ်ဖြစ်နေသည်။

UWSA နှင့် ၎င်း၏ မဟာမိတ်များသည် ဘေ့ဂျင်း၏ မြန်မာနှင့်ဆက်ဆံရေးတွင် ဒဏ်ပေးသည့် တုတ်ဖြစ်ပြီး အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုကတိနှင့် သံတမန်ရေးသည် ဆုလာဘ် မုန့် ဖြစ်သည်။

UWSA သို့ ရုပ်ဝတ္တုအကူအညီ မပေးကြောင်း၊ ၎င်း၏မဟာမိတ်များကို မထောက်ပံ့ကြောင်း တရုတ်က ငြင်းကောင်းငြင်းနိုင်သော်လည်း ၀ တို့ တရုတ်ထံမှ ရရှိသောလက်နက်များသည် ခိုးရာပါလက်နက်များ မဟုတ်ပါ သို့မဟုတ် ယူနန်မှ အရာရှိအချို့က ပေးပို့သော လက်နက်များဖြစ်နိုင်သည်။ ထိုပေးပို့မှုများကို ဘေ့ဂျင်းမှ အဆင့်အမြင့်ဆုံး တရုတ် ထောက်လှမ်းရေးနှင့် စစ်ဘက်အာဏာပိုင်များက ညွှန်ကြားသောကြောင့် ပေးပို့ခြင်းဖြစ်သည်။ တရုတ်လုံခြုံရေးအရာရှိများသည် မြောက်ပိုင်းမဟာမိတ်ကိုယ်စားလှယ်များနှင့် အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ပြီး နယ်စပ်နှင့် အလွန်နီးသောနေရာတွင် မတိုက်ရန်နှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပ်ိုက်လိုင်းများ မပျက်စီးစေရန်ပြောသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။

တရုတ်နိုင်ငံရေး အထက်အောက်ဆက်ဆံရေးစနစ်တွင် တရုတ်အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့အထက်၌ CPC ရှိနေခြင်းက တရုတ်နိုင်ငံသည် မည်သည့်အတွက် ယခုအခါ ပျက်စီးသွားပြီဖြစ်သော မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူသိရှင်ကြားချီးကျူးပြီး တချိန်တည်းတွင် UWSA ကို လက်နက်ကြီး တိတ်တဆိတ် ပေးနေခြင်းအား ရှင်းပြနေသည်။ UWSA နှင့် ၎င်း၏ မဟာမိတ်များသည် ဘေ့ဂျင်း၏ မြန်မာနှင့်ဆက်ဆံရေးတွင် ဒဏ်ပေးသည့် တုတ်ဖြစ်ပြီး အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုကတိနှင့် သံတမန်ရေးသည် ဆုလာဘ် မုန့် ဖြစ်သည်။

ဘေ့ဂျင်းတွင်သာမက နေပြည်တော်တွင်ပါ တရားဝင်ပြောကြားသော စကားမှာ တရုတ်မြန်မာ ဆက်ဆံရေးသည် ပေါက်ဖေါ်ဆိုသည့် စကားဖြစ်သော်လည်း ထိုအပ်ကြောင်းထပ်နေသော စကားလုံးထက် ပိုမို မှားယွင်းသော စကားလုံး မရှိနိုင်တော့ပေ။ တရုတ်-မြန်မာဆက်ဆံရေးသည် ညီအကိုဆက်ဆံရေးမဟုတ်သော အခြားမည်သည့်ဆက်ဆံရေးမဆိုဖြစ်နိုင်ပြီး ဘေ့ဂျင်းမှ ခေါင်းဆောင်များတွင်ရှိသည့် သေနင်္ဂဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရေး တရုတ်က မြန်မာကို မည်သို့ကစားခဲ့သည်ကို ဆယ်စုနှစ်များစွာကြာသော သမိုင်းက မိမိတို့ကို ပြသနေပြီးဖြစ်သည်။ ASEAN ၏ လုပ်ဆောင်ချက်များ၊ ကြေညာချက်များ၊ သြဇာသက်ရောက်ရေးအတွက် မသေမသပ်ကြိုးစားမှုများကို မေ့လိုက်ပါ။ အရေးပါသော အရာမှာ တရုတ်နှင့် တရုတ်၏ စီမံကိန်းများ၊ သေနင်္ဂဗျူဟာ ကစားကွက်များသာဖြစ်သည်။

(ဘာတေးလ်လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါးရေးသားခဲ့သော ဆီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Summit Snub a Setback for Myanmar Junta but Its Eyes Are on China, Not ASEAN ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာနေရာ လစ်လပ်နေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး

စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

Loading