မြန်မာစစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေပြီး လွန်ခဲ့သော အပတ်က ၅ ရက်အတွင်း သံဃာတော်တပါးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများအပါအဝင် အရပ်သား ၁၀ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် နေအိမ်များအား လုယက်ဖျက်ဆီးပြီး အရပ်သားများကို အမြောက်များဖြင့်ပစ်ကာ အထူးသဖြင့် မကွေးနှင့် စစ်ကိုင်းတိုင်း၊ ချင်း၊ ရှမ်းနှင့် ကယားပြည်နယ်များမှ အရပ်သားခုခံရေး တပ်များကို စစ်ဆင်ရေးပြုလုပ်စဉ် အိမ်များကို မီးရှို့ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်နေသည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးချိန်မှ စနေနေ့အထိ စစ်ကောင်စီတပ်များသည် လူပေါင်း ၁၂၂၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများကို မှတ်တမ်းပြုစုထားသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကပြောသည်။
လွန်ခဲ့သောကြာသပတေးနေ့ကလည်း NLD ထောက်ခံသူနှစ်ဦးဖြစ်သော အသက် ၆၀ နှစ်အရွယ် ဦးစန်းလွင်နှင့် အသက် ၅၀ အရွယ် ဦးကျော်ဌေးအောင်တို့ကို သတ်ဖြတ်ပြီး မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် NLD ရုံး အနီးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့လမ်းဘေးတွင် လဲကျနေသော သွေးများပေကျံနေသည့် အလောင်းများ၏ ဓါတ်ပုံတခုကို ထုတ်ပြန်ခဲ့သည်။
ထိုသတ်ဖြတ်ခံရသူ ၂ ဦးသည် အခြား NLD ထောက်ခံသူတဦးဖြစ်သော အသက် ၅၀ အရွယ် ဦးမိုးကြီးနှင့်အတူ ဗုဒ္ဓဟူးနေ့က အဖမ်းခံရခြင်းဖြစ်ကြောင်း AAPP ကပြောသည်။
ရဲများက ထိုအလောင်းများကို သွားယူပြီးနောက် မိသားစုများကို အလောင်းလာယူရန် အကြောင်းကြားကြောင်း မီဒီယာများက ဖေါ်ပြသည်။
ထိုအလောင်းများတွင် ဓါးဒဏ်ရာများအပါအဝင် ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ကြောင်း AAPP ကပြောသည်။
တနင်္သာရီတိုင်း အရှေ့ မော်တုန်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် NLD အဖွဲ့ဝင် ကိုမင်းမင်းသူ ခေါ် မိုဟာမက် ဟာနီ သည်လည်း အဖမ်းခံရပြီးနောက် ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရကြောင်း သိရသည်။ သူ့ကို စစ်ကောင်စီတပ်များက ပြီးခဲ့သည့်အပတ် တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ညတွင် စစ်ကောင်စီတပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဟု စွပ်စွဲခံထားရသည့် ၎င်းတို့၏ သားဖြစ်သူကို ရှာမတွေ့သောကြောင့် ဦးမျိုးလွင်နှင့် ဒေါ်စန်းစန်းလွင်တို့ ဇနီးမောင်နှံကို ဖမ်းဆီးခဲ့သည်။
ထိုဇနီးမောင်နှံသည် PDF ကို ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဦးမျိုးလွင်သည် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရကြောင်း မီဒီယာများဖေါ်ပြသည်။
ဧရာဝတီတိုင်းရေကြည်မြို့နယ် ရင်းရှည် ကျေးရွာမှ ဒုတိယ ကျောင်းထိုင် သံဃာတော် ဦးကုသလသည် လွန်ခဲ့သော အင်္ဂါနေ့က ရေကြည်မြို့အနီး ငသိုင်းချောင်းတွင် ဈေးဝယ်ပြီး ပြန်လာစဉ် စစ်ကောင်စီတပ်များ၏ ပစ်သတ်ခြင်းခံရကြောင်း AAPP ကဖေါ်ပြသည်။
ထိုပစ်ခတ်မှုအတွင်း ကိုရင်တပါးလည်း နားတွင် ဒဏ်ရာရသွားကြောင်း AAPP ကပြောသည်။
အောက်တိုဘာလလယ်က မကွေးတိုင်းတွင် ထောင်မှ ပြန်လွှတ်ပေးခံရသော နိုင်ငံရေး အကျဉ်းသားဟောင်း ကို ကျော်နိုင်ထွန်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကြာသပတေးနေ့တွင် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်လိုက်သည်ဟု သိရသည်။
တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် စစ်ကိုင်းတိုင်း မြောင်၊ ဘုတလင်နှင့် ခင်ဦး မြို့နယ်များရှိ ကျေးရွာများကို စီးနင်းစဉ်အတွင်း စစ်ကောင်စီတပ်များသည် အခြားအရပ်သား ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့တွင်ပင် ရှမ်းပြည်နယ် ဒီမောဆိုမှ ကျေးရွာတခုမှ ထွက်ပြေးနေသော ရွာသား တဦး သို့မဟုတ် ၂ ဦးတို့ ရွာသို့ပြန်ပြီး ရိက္ခာယူစဉ် စစ်ကောင်စီတပ်များ၏ ပစ်သတ်ခြင်းခံရသည်။
စစ်ကောင်စီတပ်များသည် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ဒီမောဆိုမှ လူနေရပ်ကွက်များ၊ ကျေးရွားများကို တိုက်ခိုက်ပြီး လူနေအိမ်များကို မီးရှို့နေကြောင်း ဒီမောဆို PDF က ပြောသည်။
စနေနေ့တွင် စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် ဖယ်ခုံတွင် ချီတက်လာစဉ် ရိတ်သိမ်းထားသော စပါးများကို မီးရှို့သွားကြောင်း PDF ကပြောသည်။
သောကြာနေ့က စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်မှတောင်ပေါ်မြို့ဖြစ်သော ထန်တလန်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည်။ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ်ပေါင်း ၁၆၀ ကျော်ကို စစ်ကောင်စီက မီးရှို့ခဲ့သည်။
စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်မှလွဲပြီး တနိုင်ငံလုံးတွင် အရပ်သားခုခံရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Kills 10 Civilians in Five Days: AAPP ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရွေးကောက်ခံ ရှေ့နေများပါဝင်ခွင့်ဖျက်သိမ်းပြီး ဘားကောင်စီကို စစ်ကောင်စီထိန်းချုပ်
လှိုင်သာယာမှ ကျူးကျော်အိမ်များ စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်