စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဥပဒေချုပ် ဦးခင်မောင်လှတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်စီကျခံစေရန် ရွှေဘိုထောင်အတွင်း အထူးတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူတဦးကပြောသည်။
ဒေါက်တာမြင့်နိုင်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ ပုဒ်မ ၅၀၅-ခ ဖြင့်တရားစွဲဆိုခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆို ခြင်းခံရသည့် စစ်ကိုင်းတိုင်းဥပဒေချုပ် ဦးခင်မောင်လှအနေဖြင့်လည်း ဒီဇင်ဘာ ၁၇ ရက်နေ့က မုံရွာထောင်အတွင်း အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

၎င်းတို့၏ ပြစ်ဒဏ်များနှင့် ပတ်သက်ပြီး တရားရုံးက ချုပ်ရက်များထုတ်နှုတ်ခံစားခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံရသည့် ဒေါက်တာမြင့်နိုင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အမှု ၇ မှု ဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုခြင်းကိုလည်း ရင်ဆိုင်ရလျှက်ရှိပြီး ယနေ့တွင် ထောင်းအတွင်းအထူးရားရုံး၌ ရုံးထုတ်စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး သန်းညွှန့်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ဦးမြတ်သန့်စင်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးဝေလင်းလှိုင်တို့သည်လည်း အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည်။
ဒေါက်တာမြင့်နိုင်ကဲ့သို့ပင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည့်ကြေညာချက်နှင့် ပတ်သက်ပြီး ဆူပူမှုဖြစ်စေရန် လှုံ့ဆော် သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အချို့လည်း ပုဒ်မ ၅၀၅-ခ ဖြင့် တ ရားစွဲခံရကာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရသည်။