မြန်မာ စစ်ကောင်စီသည် Type-035G ဟု ခေါ်သော Ming Class ရေငုပ်သင်္ဘောကို တရုတ်နိုင်ငံမှ လက်ခံရယူခဲ့သည်။
ထိုရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့ (ဒီဇင်ဘာ ၂၄ရက်) တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မင်းရဲကျော်ထင် အပါအဝင် ကမ်းလွန်ကင်းလှည့် ရေ ယာဉ်နှင့် မြစ်ချောင်းသွား ရေယာဉ်များ တပ်တော်ဝင်ခဲ့ကြောင်း စစ်ကောင်စီ က ထိန်းချုပ်ထားသော နိုင်ငံပိုင် သတင်းစာ များက ဖော်ပြခဲ့သည်။
ထိုအခမ်းအနားသို့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Chen Hai လည်း တက်ရောက်ခဲ့ကြောင်း သိရှိ ရသည်။
ယခု Ming Class ရေငုပ်သင်္ဘောကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဈေးနှုန်း မည်မျှပေးရသည်၊ အသစ်လား သို့မဟုတ် တပတ်ရစ်လား၊ မည်သည့် နည်းပညာများ တပ်ဆင်ထားသည်စသည့် သတင်းအချက်အလက် အသေးစိတ်ကို လျှို့ဝှက်ထားသည်။
မင်းရဲကျော်ထင် Type-035G Ming Class ရေငုပ်သင်္ဘောသည် မြန်မာ့ရေတပ်မှ ဒုတိယမြောက် ရေငုပ်သင်္ဘောဖြစ်ပြီး ပထမ အစီးမှာ ၂၀၂၀ ပြည့်နှစ်တွင် တပ်တော်ဝင်ခဲ့သော ရုရှားနိုင်ငံထုတ် Kilo အမျိုးအစား ဖြစ်သည်။
မင်းရဲသိင်္ခသူ ဟု မြန်မာရေတပ်က အမည်ပေးခဲ့သော ထိုရေငုပ်သင်္ဘောသည် တပတ်ရစ် အဟောင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုရေငုပ်သင်္ဘောကို မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ အိန္ဒိယတွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကို ဖွဲ့စည်းရန်အတွက် ၂၀၀၅ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ပြီး မြန်မာစစ်တပ်နှင့် အလျဉ်းသင့်သော တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် မြောက်ကိုရီးယား နိုင်ငံများနှင့် ဆက်သွယ်ပြီး မြန်မာ နိုင်ငံနှင့် သင့်တော်သော ရေငုပ်သင်္ဘောများ ဝယ်ယူရန် ကြိုးပမ်းခဲ့သည်။ သို့သော် ငွေကြေးမပြည့်စုံသော မြန်မာစစ်တပ်အတွက် အသစ်ဝယ်ယူသုံးစွဲရေးမှာ အမြဲလို ပြဿနာဖြစ်နေရသည်။
ယခု မြန်မာ တပ်မတော်ရေသည် ရေငုပ်သင်္ဘော နှစ်စီးကို ပိုင်ဆိုင်နေပြီ ဖြစ်ပြီး တတိယတစီးကို ရုရှားနိုင်ငံမှ ဝယ်ယူရန် အတွက် စကားပြောဆိုနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
အိန္ဒိယ ရေငုတ်သင်္ဘော မြန်မာဝယ်လို့ တရုတ် စိတ်ဆိုးသလား
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
စစ်ကောင်စီက ကျောက်စိမ်းများကို ရေလမ်းကြောင်းဖြင့် ပြောင်းသယ်