သတင်း

CDM ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနတောင်း

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်မှုကြောင့် ထုတ်ပယ်ထားသည့် ကျန်းမာရေးဝန်ထမ်းများနှင့် CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုရေးအချက်အလက်များကို ပေးပို့ရန် ကျန်းမာရေးဝန်ကြီးဌာနက တနိုင်ငံလုံးရှိ ကျန်းမာရေး ဦးစီးဌာနအသီးသီးကို ညွှန်ကြားထားသည်။

ဌာနတွင်း လျှို့ဝှက်ထုတ်ပြန်ထားသည့် အဆိုပါညွှန်ကြားစာကို ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး CDM ဝန်ထမ်းများ၏ စာရင်းများကို ဇန်နဝါရီ ၉ ရက်နေ့ နောက်ဆုံးထားပြီး ယခုလ ၉ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားထားသည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ညွှန်ကြားချက်ထဲတွင် “CDM ပြုလုပ်၍ ထုတ်ပယ်၊ ထုတ်ပစ်ထားသူများနှင့် CDM ပြုလုပ်ဆဲဝန်ထမ်းများနှင့် ကိုယ်ရေးအချက်အလက်များအား ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ ၉-၁-၂၀၂၂ ရက်နေ့အရောက် တင်ပြပေးနိုင်ရန် ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်” ဟု ပါရှိသည်။

ထိုကဲ့သို့ စာရင်း ကောက်ခံနေမှုသည် CDM ပြုလုပ်ထားသည့် ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ခလစာများကို တာဝန် ရှိသူ အသီးသီးမှ ကြားဖြတ်ထုတ်ယူ သုံးစွဲသည် ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း CDM ဆရာဝန်များထံက စုံစမ်းသိရှိရသည်။

ထို့ကြောင့် စစ်ကောင်စီ လက်အောက်က ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် CDM ပြုလုပ်ထားသည့် စာရင်းနှင့် လစာ ထုတ်ယူနေမှုများကို တိုက်ဆိုင် စစ်ဆေးရန်အတွက် ဖြစ်နိုင်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။

CDM ဆရာဝန် တဦးက “CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ လစာတွေကို CDM မလုပ်ထားတဲ့ ဆေးရုံအုပ်ကြီးတွေ တာဝန်ရှိသူတွေက လိမ် ထုတ်ပြီးတော့ စားနေသောက်နေကြတယ်လို့ သိထားတယ်။ အဲဒါတွေကို တွက်ချက်ပြီး စစ်ဆေးချင်တယ်နဲ့ တူပါ တယ်။ ဒီလူက ပြန်ဝင်ပြီးတော့ အလုပ် လုပ်နေပါတယ် ဆိုပြီးတော့ လိမ်ညာပြီးတော့ ထုတ်လို့ကလည်း ရနိုင်နေတာပဲ လေ။ လူဦးရေက နည်းတာမှ မဟုတ်တာ။ သူတို့အတွက် လုပ်စားလို့ ရတဲ့ ဂွင်ကြီး တခုလို့ပဲ ပြောရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

CDM ပြုလုပ်ထားသည့် ခွဲစိတ် အထူးကု ဆရာဝန် တဦးကလည်း “ကျနော်တို့ဆို ၂ လပိုင်းကတည်းက CDM လုပ် တယ်။ ကျနော်တို့ စာရင်းကျတော့ ၆ လပိုင်းကျမှ ထွက်သွားတယ်။ အဲဒီအခါကျတော့ ကြားထဲက ၄ လ စာလောက်မှာ ကျနော်တို့လည်း လစာ မရဘူး။ အဲဒီ လစာလည်း ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီလိုမျိုးကိုလည်း သူတို့ ပြန် ကြပ်ချင်လို့ လုပ်တာလားပေါ့။ စဉ်းစားမိတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က မန္တလေးမြို့ သပြေညို သပိတ်စစ်ကြောင်းထဲတွင် တွေ့ရသည့် ကျန်းမာရေး ဝန်ထမ်းများ (ဓာတ်ပုံ – ဧရာဝတီ)

ကျန်းမာရေးဝန်ကြီးဌာနက စာရင်း ကောက်ခံနေမှုသည် CDM ဝန်ထမ်းများကို ဖမ်းဆီးရာတွင် ဆရာဝန်၊ ဆရာမကို အဓိကထား ဖမ်းဆီးပြီး ဆေးကုသခွင့် လိုင်စင်များ ရုပ်သိမ်းရန်ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မည်သို့ပင် ဆိုစေကာမူ CDM ပြုလုပ်ထားသည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေဦးမည် ဖြစ်သည်ဟု ဆိုသည်။

CDM ဆရာဝန်တဦးက “သူတို့ဘာသာ ဖမ်းမယ်ဖြစ်ဖြစ်၊ မဖမ်းမယ် ဖြစ်ဖြစ် ကျနော်တို့ကတော့ အဆုံးထိသွားဖို့ ဆုံး ဖြတ်ထားတာ။ ဒီအချိန်မှာ CDM လုပ်ပြီး ကျန်ခဲ့တဲ့ ဆရာဝန် တော်တော်များများကလည်း စိတ်ဓာတ်ခိုင်မာတဲ့ လူတွေ လောက်ပဲ ကျန်တော့တာ။ သူတို့ဘာသာ ဘယ်လိုပဲ စာတွေ ထုတ်ထုတ် ကျနော်တို့ကတော့ ဒီတိုင်းပဲ လျစ်လျူရှု ထားလိုက်တာပေါ့။ ကိုယ့်ဘာကိုယ် အန္တရာယ်မဖြစ်အောင် ကြိုးစားပြီးတော့ နေရမှာပဲ” ဟု ပြောသည်။

၎င်းကဆက်၍ “ဒီကာလမှာတော့ သူတို့က နည်းမျိုးစုံနဲ့ ယုတ်မာမှာပဲ။ စာရင်း မကောက်လည်း ယုတ်မာမှာပဲ၊ စာရင်းကောက်လည်း ယုတ်မာမှာပဲ။ ယုတ်မာတဲ့ လူရဲ့ လုပ်ငန်း ဆောင်တာကိုတော့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သတိဝီရိယနဲ့ ရှိရမှာပဲ” ဟု ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကျန်းမာရေး ဝန်ကြီးဌာနသည် CDM ပြုလုပ်သွားသည့် ဝန်ထမ်းများကို လုပ်ငန်းခွင် ဝင်ရောက်ရန် အကြောင်းအမျိုးမျိုးကြောင့် ဌာန ကင်းကွာနေခြင်း အပေါ် စစ်ဆေးမှုများ ပြုလုပ်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြောညာခဲ့ပြီးလည်း ဖြစ်သည်။

You may also like these stories:

စစ်ကိုင်းတွင် CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်

CDM စစ်သားတွေ ဘာလုပ်နေသလဲ

Loading