ဥပဒေမဲ့ ပြုကျင့်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေသော အာဏာသိမ်း စစ်ကောင်စီနှင့် ချိတ်ဆက်သွားနိုင်သည့် အန္တရာယ်များကို ရှိနေ၍ မြန်မာတွင် စီးပွားရေး လုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် အလွန်သတိထားကြရန် အမေရိကန်အစိုးရက သတိပေးလိုက်သည်။
မြန်မာစစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သူများသည် အရေးယူ ပိတ်ဆို့မှုများနှင့် ငွေကြေးခဝါချမှု ဥပဒေများကို ချိုးဖောက်ခြင်းများအပြင် ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန် အစိုးရအဖွဲ့၏ ဌာန ခြောက်ခုက ဇန်နဝါရီလ ၂၆ ရက်တွင် ပူးတွဲ ထုတ်ပြန်သော သတိပေးစာအရ သိရသည်။
အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ ကျောက်မျက်နှင့် သတ္တု လုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ငန်း ကဏ္ဍများ ရင်းနှီးမြှုပ်နှံခြင်းနှင့် လက်နက် တင်သွင်းသည့် လုပ်ငန်းများကို အထူး ရှောင်ကြဉ်ရန် သတိပေးထားသည်။
“ထိုစီးပွားရေးအဖွဲ့အစည်းတွေနဲ့ ကဏ္ဍတွေက မြန်မာစစ် အစိုးရကို ပံ့ပိုးပေးနေတဲ့ စီးပွားရေး အရင်းအမြစ်တွေ၊ အဓိက လုပ်ငန်းကဏ္ဍတွေအဖြစ် သတ်မှတ်ထားပါတယ်” ဟု သတိပေး ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယခု ထုတ်ပြန်သော သတိပေးစာသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အလုပ်သမားနှင့် အမိမြေ လုံခြုံရေး၊ ကုန်သွယ်ရေးဝန်ကြီးဌာနများ လက်မှတ် ရေးထိုးထားသော်လည်း အကြံပေးချက်သာဖြစ်ပြီး တရားဝင်အမိန့် မဟုတ်ကြောင်း ဆိုထားသည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် တနှစ်ခန့်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နည်းလမ်းပေါင်းစုံ ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို လူအများအပြား သေဆုံးသည်အထိ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ရန် ကန့်သတ်ချက်များ ချမှတ်ထားပြီးလည်း ဖြစ်သည်။
ယခု အမေရိကန်၏ သတိပေးချက်သည် စစ်တပ်၏ အများပြည်သူလူထုအပေါ် လူအခွင့်အရေးချိုးဖောက်မှုများ ဆက်လက် မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားကြသော အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများသည် ပြန်လည် ထွက်ခွာနေကြချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရေနံနှင့် စွမ်းအင်ကုမ္ပဏီကြီးများဖြစ်ကြသော ပြင်သစ်ကုမ္ပဏီ Total နှင့် အမေရိကန် Chevron တို့က ၎င်းတို့၏ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရပ်ဆိုင်းပြီး ပြန်လည် ထွက်ခွာတော့မည်ဟု ကြေညာခဲ့ကြပြီး ယနေ့ (ဇန်နဝါရီ ၂၇ ရက်) တွင်လည်း ဩစတေးလျ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် Woodside လည်း မြန်မာနိုင်ငံမှ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့သည်။
Woodside Energy မှာ ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ကမ်းလွန် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းလုပ်ငန်းများတွင် လုပ်ကွက် ၉ ခုအထိ လုပ်ကိုင်ခွင့် ရရှိထားပြီး တရားဝင် ထွက်ခွာရန် လုပ်ထုံးလုပ်နည်းများ စတင်တော့မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆက်သွယ်ရေး အော်ပရေတာ နော်ဝေ ကုမ္ပဏီ တယ်လီနော၊ ဂျာမနီ အစားအသောက်လုပ်ငန်း METRO ၊ ဗြိတိသျှ ဆေးလိပ်ကုမ္ပဏီ British American Tobacco၊ ပြင်သစ် စွမ်းအင် ကုမ္ပဏီ Voltalia တို့ အပါအဝင် နိုင်ငံခြားကုမ္ပဏီ တဒါ ဇင်ကျော်ကလည်း မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ဖြစ်သလို ဂျပန် ထိပ်တန်းကုမ္ပဏီ Toyota ကလည်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရပ်ဆိုင်းထားသည်။
အမေရိကန်၏ သတိပေးချက်သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းများအပေါ်လည်း သက်ရောက်မှု ရှိသည်။
ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစုက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL) နှင့် ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများ လုပ်ခဲ့ဖူးသော ၎င်းတို့၏ နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီကို ဇန်နဝါရီ ၂၁ ရက်က စာရင်းရှင်းလင်း ဖျက်သိမ်းလိုက်သည်။
You may also like these stories:
ဦးပိုင်နှင့် လက်တွဲခဲ့သည့် နီလာရိုးမကျောက်မျက်ကုမ္ပဏီကို KBZ အုပ်စု ဖျက်သိမ်း
ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား
ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း
တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး