မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှု ပြုလုပ်ထားသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုုပ်နှံထားသော စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်နိုင်ငံဘက်က ဆွေးနွေးပြောဆိုခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့၏ ဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသော တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ် ဓာတ်အားပေးနေသော လျှပ်စစ်တာဝါတိုင်များကို ထီးချိုင့် PDF က မိုင်းခွဲတိုက်ခိုက်ပြီးနောက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက NUG ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။
ဦးရည်မွန်က “အိမ်နီးချင်းနိုင်ငံတွေက လာရောက်ရင်းနှီးမြှုုပ်နှံထားတဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ဆိုတာ ကျနော်တို့မှာ ပေါ်လစီမရှိပါဘူး” ဟု ပြောဆိုသည်။
အထက်ပါဖြစ်စဉ်သည် မြေပြင်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နားလည်မှုများအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့များ ကြုံတွေ့နေရသည့် အခြေအနေတချို့မှာ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွား၊ ရင်းနှီးမြှုုပ်နှံမှု ဧရိယာ၌ စစ်အာဏာသိမ်း တပ်ဖွဲ့များ အခြေချနေကြောင်းနှင့် ထိုနေရာများမှ ထွက်လာပြီး အများပြည်သူကို အကြမ်းဖက်တိုက်ခိုက်မှုများ ရှိကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံနှင့် NUG တို့အကြား ဆွေးနွေးမှုတွင် ယခုဖြစ်စဉ်သည် မြေပြင်တပ်ဖွဲ့များ၏ နားလည်မှုအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရှေ့အနာဂတ်တွင် ထိုကဲ့သို့ ဖြစ်စဉ်များ မဖြစ်စေရန် NUG အနေဖြင့် ကြိုးစားဆောင်ရွက်သွာမည်ဖြစ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားများနှင့် လုပ်ငန်းများသည်လည်း စစ်ကောင်စီတပ်များနှင့် ကင်းကင်းရှင်းရှင်းနေရန် အသိပေးခဲ့ကြောင်း NUG ကာကွယ် ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီတပ်များသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကို အကာအကွယ်ပေးမှုများ ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့နယ် အစပ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးတွင် မြေမြှုုပ်မိုင်းများ ထောင်ထားသည်အထိ လုပ်ဆောင်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က တရုတ်နိုင်ငံ ရပ်တည်သည် ဆိုသည့် အယူအဆများ မြန်မာနိုင်ငံတွင် အားကောင်းလာကာ အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများ ကလည်း တရုတ်နိုင်ငံ၏ ရပ်တည်ချက် မပြောင်းလဲပါက တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း လှုံ့ဆော်ခဲ့သည်။
ထိုအခါက တရုတ်နိုင်ငံဘက်က စိုးရိမ်မှုများမြင့်တက်လာပြီး ၎င်း၏ ပိုက်လိုင်း စီမံကိန်းများအတွက် လုံခြုံရေး တိုးမြှင့်ပေးရန် စစ်ကောင်စီကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ကြောင်း ၂၀၂၁ ခုနှစ် မတ်လက လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် စာရွက်စာတမ်းတချို့အရ သိရသည်။
You may also like these stories:
တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းတာဝါ မိုင်းခွဲခံရ
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံအနီး စစ်ကောင်စီမိုင်းထောင်သဖြင့် ဒေသခံများစိုးရိမ်နေ
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ် ဘာကြောင့်ထောက်ခံသလဲ
မြန်မာ့အရေး တိုးတက်မှု မရှိဟု ဟွန်ဆန်ကို စင်ကာပူ ပြော