အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌသည် မြန်မာ့အကျပ်အတည်းမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန်လိုကြောင်း စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက အလေးထား ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၁၄ ရက်နေ့က ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က ဗီဒီယိုမှတဆင့် ဆက်သွယ်စဉ် အထက်ပါအချက်ကို သူက ပြောကြားလိုက်ခြင်းဖြစ်သည်။ အာဆီယံ၏ အလှည့်ကျ အစီအစဉ်အရ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး မစ္စတာ ဟွန်ဆန်သည် မကြာသေးမီက မြန်မာသို့သွားရောက်ကာ စစ်ကာင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူသည်ကို ထောက်ခံကြောင်း မစ္စတာ လီက ပြောပြီး သူ၏ မကြာသေးမီက ခရီးအကြောင်း ရှင်းပြသောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ထိုနောက် ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ချမှတ်ခဲ့သည့် လမ်းပြမြေပုံ အကောင်အထည် ဖော်ရေးတွင် သိသာသော တိုးတက်မှုမရှိကြောင်း သူက မှတ်ချက်ပေးသည်။
သိသာသော တိုးတက်မှုမရှိမချင်း အာဆီယံ အစည်းအဝေးများသို့ မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသင့်သည်ဆိုသည့် လွန်ခဲ့သောနှစ် အောက်တိုဘာလက ဆုံးဖြတ်ချက်ကိုသာ အာဆီယံ လိုက်နာသင့်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်က ပြောသည်။
“အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ မည်သည့်ဆွေးနွေးမှု မဆိုဟာ အချက်အလက်အသစ်ပေါ် အခြေခံသင့်တယ်” ဟု စင်ကာပူ ဝန်ကြီးချုပ်က ပြောကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုသည် ပိုမိုပြင်းထန်လာနေသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်နေရပြီး ထိုဆန့်ကျင်မှုများသည် နိုင်ငံတဝှမ်း လက်နက်ကိုင် ခုခံမှုအဖြစ် ပြောင်းလဲသွားသည်။ စစ်ကောင်စီသည် အတိုက်အခံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် တိုက်ခိုက်မှုမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြောင်း သတင်းများအရ သိရသည်။
ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သော အာဆီယံ၏ မြန်မာဆိုင်ရာ လမ်းပြမြေပုံက အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်၊ လူသားချင်းစာနာမှု အကူအညီပေးရန်၊ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးရန်နှင့် ထိုဆွေးနွေးပွဲများကို အာဆီယံ အထူးသံတမန်က ကြားဝင်ဆောင်ရွက်ပေးရန် တို့ကိုတောင်းဆိုသည်။
သို့သော် စစ်ကောင်စီက ထိုလမ်းပြမြေပုံ၏ အဓိကအချက်များကို အကောင်အထည်ဖော်ခြင်း မရှိပေ။ လာမည့်နှစ် သြဂုတ်လတွင် ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု စစ်ကောင်စီက ကတိပေးထားသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ထောင်ပေါင်းများစွာကို အကျဉ်းချထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာမသိမ်းမီ ၃ လအလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်ထားသည်။
မစ္စတာ ဟွန်ဆန်သည် လွန်ခဲ့သော သီတင်းပတ်က မြန်မာသို့မသွားရောက်မီ အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုနှင့် စကားပြောခဲ့သော်လည်း သူ၏ခရီးနှင့်ပတ်သက်ပြီး အခြား အာဆီယံ ခေါင်းဆောင်များနှင့်မည်မျှ တိုင်ပင်ခဲ့သည်ကို ရှင်းလင်းစွာ မသိရပေ။
မစ္စတာ ဟွန်ဆန်သည် မြန်မာသို့ သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မတောင်းခဲ့ပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပူးတွဲကြေညာချက် တစောင်ထုတ်ပြန်ပြီး စစ်ကောင်စီသည် လာမည့်လအထိ ကြေညာထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေးကို နှစ်ကုန်အထိ တိုးချဲ့ရန် သဘောတူခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီကို ပုန်ကန်နေသည့် များပြားလှစွာသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ အကြောင်းကို ထိုကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။
“စစ်တပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အာဆီယံ ဥက္ကဋ္ဌတို့ ထိတွေ့ ဆက်ဆံရန် အာဆီယံ အတွက် လိုအပ်ကြောင်းကို ဝန်ကြီးချုပ် မစ္စတာ လီက အလေးထားပြောကြားသည်” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြသည်။
“စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အပစ်အခတ်ရပ်စဲရန်သာ အဆိုပြုသည်။ သို့သော် ဘုံသဘောတူညီချက် ၅ ချက်မှ အကြမ်းဖက်မှု ရပ်စဲရေးဆိုသည်မှာ စစ်ကောင်စီကို နိုင်ငံရေးအရ ဆန့်ကျင်သူများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ရပ်ရန် အခြေခံအားဖြင့် ရည်ညွှန်းခြင်း ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။
“ဝန်ကြီးချုပ်ဟွန်ဆန် သွားရောက်လည်ပတ်ပြီး မကြာမီမှာပင် စစ်ကောင်စီက နိုင်ငံရေး အတိုက်အခံများကို ထပ်မံတိုက်ခိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ချမှတ်သည်ဟု ဝန်ကြီးချုပ် မစ္စတာ လီက မှတ်ချက်ပေးသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က မြန်မာတွင် အပစ်အခတ်ရပ်စဲရေးကို မည်သို့ညှိနှိုင်းမည်နှင့် မြန်မာပြည်သူများသို့ လူသားချင်း စာနာမှုအကူအညီ မည်သို့ပေးမည်ကို အဆိုပြုချက်အချို့ ပြုလုပ်ခဲ့ကြောင်း ပြောသော်လည်း သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်မရသောကြောင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရာတွင် အာဆီယံ သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က မည်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည်ကို သူမသိကြောင်း ဝန်ကြီးချုပ် မစ္စတာလီက ပြန် ပြောသည်ဟု ထိုကြေညာချက်က ဆိုသည်။
အကြမ်းဖက်မှု ရပ်ဆိုင်းရေးကို အားပေးနိုင်လျှင် ထိုသို့သော ယန္တရားတခုကို စင်ကာပူက မူအားဖြင့် ကန့်ကွက်ရန် မရှိကြောင်းနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် တိုးတက်မှုလိုကြောင်း စင်ကာပူ ဝန်ကြီးချုပ်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်များကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများအကြား ထပ်မံဆွေးနွေးသင့်သည်ကို စင်ကာပူ ဝန်ကြီးချုပ်က သဘောတူသည်။
“ကမ္ဘောဒီးယားနိုင်ငံသည် သူနှင့်အခြား အာဆီယံ ခေါင်းဆောင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားမည်ဟု စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီက မျှော်လင့်သည်” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် အခြားသက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အပြည့်အ၀ အကောင်အထည်ဖေါ်ရေးအတွက် ကမ္ဘောဒီးယားနှင့် အခြား အာဆီယံ အဖွဲ့ဝင်များနှင့် အတူတကွ လုပ်ဆောင်ရေးကို မစ္စတာ လီက ကတိကဝတ်ပြုပြီး ကြေညာချက်ကို နိဂုံးချုပ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် တရားဝင်ခန့်မည့် အင်္ဂါနေ့တွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရသည်။
ကိုးကား။ ။ The Straits Times ပါ PM Lee urges Cambodia as Asean chair to engage with all parties on Myanmar
You may also like these stories:
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ် ဘာကြောင့်ထောက်ခံသလဲ
အဖွဲ့ဝင်များ သဘောထားကွဲသောကြောင့် ယခုနှစ် ပထမဆုံး ASEAN အစည်းအဝေးရွှေ့ဆိုင်းရ
ဟွန်ဆန်၏ မြန်မာ့ခရီးစဉ်အပေါ် ကမ္ဘောဒီးယားအမြင်
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော