မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည်မှာ တနှစ်နီးပါးရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) ကြောင့် မီးရထားပြေးဆွဲမှုမှာ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီအနေနှင့် ရန်ကုန်-မန္တလေး မီးရထားပြေးဆွဲမှုကို နေ့စဉ် ပြေးဆွဲနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ဝန်ထမ်း အင်အားမလုံလောက်မှုကြောင့် အစီစဉ်ပျက်ခဲ့ရသလို ရန်ကုန်မြို့တွင်း မြို့ပတ်ရထား ခရီးစဉ်ပြေးဆွဲမှုတွင်လည်း လက်ရှိ အာဏာသိမ်း ၁ နှစ်နီးပါးအထိ အခေါက်ရေ ပြည့်မီအောင် ပြေးဆွဲပေးနိုင်သည့် အခြေအနေ မရှိကြောင်း သိရသည်။
ရန်ကုန်မြို့ မီးရထား CDM ဝန်ထမ်း တဦးက “ရန်ကုန်မှာဆိုရင် မြို့ပတ်အဆိုင်းပေါ့နော် စက်ခေါင်း ၁၉ တွဲရှိတယ်ဗျ။ ကျနော် တို့ ဒီဇယ် စက်ခေါင်းပြင် စက်ရုံဆိုရင် စက်ခေါင်းမောင်း ၂၁၆ ယောက်လောက် ရှိတာ ၂၀၀ လောက်က CDM တွေဗျ။ စက်ခေါင်း တခေါင်း ပြေးဆွဲဖို့ဆိုရင် အနည်းဆုံးလူက စက်ခေါင်းမောင်းရော၊ စက်ပြင်ရော၊ ဘာရောဆိုရင် ၃၊ ၄ ယောက်လောက် လိုတယ်။ အဲ့ဒီတော့ စက်ခေါင်း ၁၉ တွဲမှာ ဝန်ထမ်း ၂၀၀ ကျော်လောက်က CDM လုပ် နေတော့ ရထားကို မပြေး နိုင်ဘူး။ မဆွဲနိုင်ဘူး အဲ့လိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် စစ်ကောင်စီက တနေ့လုံးမှာမှ ၁ ခေါက်ကနေ သုံးခေါက်အပြင် ပိုမဆွဲ နိုင်ဘူး” ဟု လက်ရှိ မီးရထားပြေးဆွဲမှု အခြေအနေကို ဧရာဝတီသို့ အတည်ပြုသည်။
စစ်ကောင်စီအနေနှင့် ၎င်းတို့ကို လုပ်ဆောင်နေသည့် အခြေအနေများကို ပြည်သူများသို့ ဝါဒဖြန့်သလို CDM လုပ်ဆောင်နေသော ဝန်ထမ်းများကိုလည်း စိတ်ဓာတ်ကျဆင်းစေရန်အတွက် ရည်ရွယ်ပြီး မြန်မာ့မီးရထား ပြေးဆွဲမှုများက ပုံမှန်ပြန်၍ လည် ပတ်နေသယောင် ပြောဆို လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ ပုံမှန်လည်ပတ်နေသည့် အခြေအနေမရှိသေးကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ရန်ကုန်-မန္တလေးအဆိုင်း ဆိုရင် အရင်က တနေကုန်ဆွဲတာ ရှိတယ်ဆိုတော့ အဆိုင်းတွေ အများကြီး ရှိတယ်။ အခုကတော့ တစီးတက်ပြီး တစီး ပြန်ဆင်းဖို့ ကတနေကုန်ပဲ။ ခရီးသည်ကလည်းမပါဘူး။ အဆွဲတော့ ပြနေတယ်။ ရန်ကုန်က ထွက်လာရင် တောင်ငူ-ပဲခူးလမ်းပိုင်း၊ တောင်ငူကနေ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည် မိတ္ထီလာ၊ မြစ်သား စတဲ့ အဲ့လိုအပိုင်း၊ အပိုင်းတွေရှိတယ်။ ဒီမှာမှ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း သူတို့ယန္ထယားတွေ ရပ်တန့်အောင် လုပ်တာတွေ ရှိနေတော့ ကြောက်တဲ့အပိုင်းတွေရှိတယ်။ အဲ့ဒီတော့ မန္တလေးကနေ ရန်ကုန်ထိ အထွက် ပြတယ်။ ပြီးတော့မှ ကျောက်ဆည်လောက် ရောက်မှ အဲ့ကနေ ပြန်တက်သွားတာတွေ ရှိတယ်” ဟု ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီအနေနှင့် လက်ရှိ ရထားပြေးဆွဲမှုများတွင်လည်း ရန်ကုန်-မန္တလေးခရီးစဉ်များကို အဝင်၊ အထွက်ပြ သော်လည်း သတ်မှတ်နေရာထိ ရောက်ရှိခြင်း မရှိဘဲလမ်းတဝက်မှ ပြန်လှည့်သွားသည့် အခြေအနေများနှင့် ပြည်သူထံသို့ ပုံမှန်လည်ပတ်နေကြောင်း ဆိုက်ဝါးထည့်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မီးရထား ဝန်ထမ်းဘဝမှ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် စက်ခေါင်းစက်ရုံ ဝန်ထမ်း တဦးက “ကျနော်တို့ကတော့ သူတို့ဘယ်လိုပြောပြော မယုံတော့ဘူး။ အရေထူနေပြီ။ ကျနော်တို့ဆီမှာ ဝန်ထမ်းဘယ်လောက် CDM လုပ်တယ်ဆိုတဲ့ ဒေတာတွေရှိတယ်။ ဘယ်လောက်ကတော့ Non-CDM လုပ်နေတုန်း၊ ပြည်သူကတော့မသိဘူးဗျ။ မီးရထား ဝန်ထမ်းဆိုတိုင်း ဝန်ထမ်းတိုင်းက စက်ခေါင်း မမောင်းတတ်ဘူးဗျ။ ဒါကြောင့် လည်ပတ်မှုက ပုံမှန်တော့ မဟုတ်ဘူး” ဟု ပြောသည်။
ယခင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပွားစဉ်က ရထားလမ်းကွန်ရက် တလျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်း၊ ခရီးဝေးရထား စုစုပေါင်း ၁၅၆ စင်း နှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း ၂၁ ဆိုင်းဖြင့် ၁၆၈ ခေါက် ပြေးဆွဲပေးခဲ့ပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်းရထားစီးခရီးသည် တရက်လျှင် လူဦးရေ ခြောက်သောင်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြို့တွင်း ရထားစီး ခရီးည်မှာပင် ရာဂဏန်းပင် မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။
ရထားစီး ခရီးသည်တဦးက “ရထားတွေက ကျနော်တို့ ရွှေပြည်သာ ဘူတာကနေ ဆိုရင် မြို့ထဲကို မနက် ၆ နာရီ၊ ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ တစီးပဲရှိတယ်။ အပြန်ဆိုရင်တော့ ညနေ ၆ နာရီတစီးပဲရှိတယ်။ ရထားက အခု စီးတဲ့သူလည်း သိပ်မရှိပါ ဘူး။ အရင်ကတော့ မိနစ်ကြား တစီး ရှိတာပေါ့။ ရုံးချိန်ဆိုလည်းပုံမှန်လာတယ်။ အခုကတော့ အဲ့လိုမဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာမသိမ်းခင် ကိုဗစ်ကာလအတွင်းမှာပင် ရထားပြေးဆွဲမှုအခေါက်ရေ လျော့ချထား သော်လည်း နေ့စဉ် ခရီးသည် ၃ ထောင် ကျော်အထိ မြို့ပတ်ရထားကို စီးနင်းမှုရှိသလို ရန်ကုန်-မန္တလေး ရထား ပြေးဆွဲမှုတွင်လည်း လူဦး ထောင်ချီ လိုက်ပါ စီးနင်းကြောင်း ခရီးသည်များ ထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာရှင်ကို ဆန့်ကျင်သည့် အနေဖြင့် ပြည်သူများနှင့် အတူ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများက ပါဝင်လာရာတွင် မြန်မာ့မီးရထား ဝန်ထမ်းများ ဖြစ်သော တွဲရုံ၊ စက်ခေါင်းစက်ရုံ၊ မြို့ပတ်စက်ရုံ အစရှိသည့် မီးရထားဝန်ထမ်း အများစုကလည်း CDM လုပ်ရှားမှုကို ပူးပေါင်း ပါဝင်နေကြသည်။
ထို့ကြောင့် ရထားပြေးဆွဲမှုများကလည်း လက်ရှိ စစ်တပ် အာသိမ်း တနှစ်နီးပါး ရှိသည်အထိ ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရထားများ ပြေးဆွဲရာတွင် ကုန်ကျစရိတ်သက်သာ စေရန် အတွက် အခေါက်ရေလျော့ချပြီး စက်ခေါင်းများတိုးမြှင့် ချိတ်ဆက်ပြေးဆွဲရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြား ထားသေးသည်။
သို့သော်လည်း ယခု ဇန်နဝါရီလ ၈ ရက်တွင် ပုံမှန်ပြေးဆွဲရန် အတွက် စီစဉ်ထားသော ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်၊ အမှတ် ၄ အစုန် အမြန်ရထားကိုပင် တွဲဆိုင်းပြင်ဆင်ရန်နှင့် ဝန်ထမ်းအင်အား မလုံလောက်သောကြောင့် တပတ် သုံးရက်သာ ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့မီးရထား မှ သိရသည်။