ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် တို့အား အဂတိမှုများဖြင့် ထောင်ဒဏ် ၁၆ နှစ်စီကျခံစေရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။
၎င်းတို့နှစ်ဦးအား ချုပ်နှောင်ထားသည့် ဒေသအခေါ် တောင်လေးလုံးထောင် (သို့) ညောင်ရွှေ အကျဉ်းထောင် အထူးတရားရုံးတွင် တိုင်းတရားလွှတ်တော် တရားသူကြီးတဦးက အဂတိမှုတမှုစီလျှင် ထောင်ဒဏ် ၄ နှစ်နှုန်းဖြင့် စုစုပေါင်း ၄ မှုအတွက် ၁၆ နှစ်စီ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဒေါက်တာလင်းထွဋ်နှင့် ဦးစိုးညွန့်လွင်တို့အနေဖြင့် အင်းလေးဒေသဇုန်ဝင်ကြေး လုပ်ကိုင်ခွင့်ချထားပေးမှုများ၊ ပြည်နယ်အစိုးရ ငွေစာရင်းမှ ကျပ်သိန်း ၄၀၀ ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများအား လိုက်နာမှုမရှိခြင်း၊ အေးသာယာမြို့ စည်ပင်ပိုင် ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ် နေရာတွင် အဆင့်မြင့်ဆေးရုံ ဆောက်လုပ်ခြင်းကိစ္စရပ်တို့တွင် ငွေကြေးရယူခြင်း၊ နိုင်ငံတော်ငွေကြေးများ ဆုံးရှုံးစေခြင်းတို့ ရှိခဲ့ကြောင်း စွပ်စွဲကာ အဂတိလိုက်စားမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ အတွင်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေး လုပ်ငန်းချထားပေးမှုများနှင့် ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှန်တစ်လုံနှင့် အင်းတိုင်းရင်းသားဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့ကိုလည်း အဂတိလိုက်စားမှုများဖြင့် အမှုဖွင့်ထားသည့်အပြင်၊ လုပ်ငန်းရှင် ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ကိုလည်း အင်းလေးဇုန်ဝင်ကြေးကောက်ခံရေး လုပ်ငန်းများအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများအား အာမခံအဖြစ်တင်ပြခြင်းမရှိဘဲ၊ လုပ်ကိုင်ခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထားသည်။
သို့သော် ၎င်းတို့အနေဖြင့် တိမ်းရှောင်လျှက်ရှိသည့်အတွက် ဖမ်းမိထားသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကိုသာ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်အနေဖြင့်မူ ယခုကဲ့သို့ ထောင်ဒဏ် ၁၆ နှစ် ထပ်မံ ချမှတ်ခံရသည့်အတွက် စုစုပေါင်း ထောင်ဒဏ် ချမှတ်ခံရမှုမှာ ၅၄ နှစ်နှင့် ဒဏ်ငွေ ၂ သိန်းရှိလာပြီဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဦးစိုးညွန့်လွင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ နှစ်မှု၊ ပုဒ်မ ၁၂၂-၁၊ ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၁၂၄-ဃ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ်နှင့် ဒဏ်ငွေ ၂ သိန်း ချမှတ်ထားခြင်း ဖြစ်သည်။
You may also like these stories:
ခွဲစိတ်ကုသမှု ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံ ရ