၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလအကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခင်းအကျင်း ပျက်သွားပြီဖြစ်၏။ သာမန်အားဖြင့် စစ်ပွဲသည် နမ့်ခမ်း၊ မူဆယ်ဘက်နှင့် ကိုးကန့် လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေဆဲဖြစ်သည်ဟု ယူဆရသော်လည်း တခုလုံးကို ခြုံငုံသုံးသပ် မျှော်ကြည့်ပါက နမ့်ခမ်း၊ မူဆယ်နှင့် ကိုးကန့် လောက်ကိုင်ဒေသကိုသာမက လားရှိုးကို ထိန်းမည်လား၊ လားရှိုးကိုပါ လက်လွှတ်မည်လား ဆိုသည်ကို စစ်ကောင်စီ ခေါင်းဆောင်များ ရွေးချယ်ရမည့်အခြေအနေသို့ ဆိုက်နေပြီဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေးသည် လားရှိုးမြို့ကို ခြိမ်းခြောက်နေပြီ ဖြစ်သည်။
လက်ရှိအနေအထား
လားရှိုး
၁။ လားရှိုးအရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသအား မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပြီဖြစ်သဖြင့် လားရှိုးမြို့လုံခြုံရေးသည် ခြိမ်းခြောက်ခံနေရပြီဖြစ်၏။
၂။ လားရှိုးနှင့် မိုင်းရယ်၊ တန့်ယန်းလမ်းကြောင်းမှာ မြောက်ပိုင်းအဖွဲ့များက အချိန်မရွေး ဖြတ်တောက်ထားနိုင်၏။
၃။ လားရှိုးနှင့်သီပေါကြား စဉ့်အင်တံတား၊ ကျောက်မဲနှင့် သီပေါကြားရှိ ကျင်သီတံတားတို့ ဖောက်ခွဲဖျက်ဆီးခံရသည်။ ထို့ပြင် နောင်ပိန်၊ ဂုတ်ထိပ်၊ ဂုတ်တွင်း၊ နောင်ချို တဝိုက်တွင် မြောက်ပိုင်းအဖွဲ့များက လိုအပ်သလို ဖြတ်တောက် တိုက်ခိုက်နိုင်သည်။ သို့ဖြစ်ရာ ပြင်ဦးလွင်မှ လားရှိုးသို့လည်းကောင်း၊ ရပ်စောက်၊ ကျောက်ဂူ၊ နန့်လန်၊ သီပေါမှ လားရှိုးသို့လည်းကောင်း မြေပြင်ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံထားရသည်။
၄။ သိန္နီအဝင် နမ္မတူမြစ်ကူးတံတားအား ချိုးဖျက်ခံထားရ၍ သိန္နီနှင့် အထက် နန့်ဆလပ်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်သို့လည်းကောင်း၊ ကွတ်ခိုင်၊ တာမိုးညဲသို့လည်းကောင်း၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်းသို့လည်းကောင်း၊ ကွတ်ခိုင်၊ ၁၀၅ မိုင်၊ ကြူကုတ် ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသသို့လည်းကောင်း မြေပြင်ဆက်သွယ် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံထားရပြီ ဖြစ်၏။
ပြင်ဦးလွင်မှ လားရှိုးသို့လည်းကောင်း၊ ရပ်စောက်၊ ကျောက်ဂူ၊ နန့်လန်၊ သီပေါမှ လားရှိုးသို့လည်းကောင်း မြေပြင်ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံထားရသည်။
၅။ ပြည်မမှ လားရှိုးသို့ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့်၊ လားရှိုးမှ မြောက်ဘက်ရှိ မြို့များ၊ စခန်းများသို့ ရဟတ်ယာဉ်၊ လေထီးချခြင်းတို့ဖြင့်သာ စစ်ကူပို့၊ ရိက္ခာ၊ ခဲယမ်းပို့နိုင်သည့် အခြေအနေရှိသည်။
စစ်တပ် အင်အားအနေအထား
လားရှိုး၊ သိန္နီ
လားရှိုးမြို့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တပ်များ၊ သိန္နီ အဝင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၆ နှင့် အခြေစိုက်တပ်ရင်းများတွင် ရမခ တပ်များအပြင် ထပ်မံဖြည့်တင်းသည့် စကခ ၁၀၊ တပ်မ ၅၅ နှင့် စကခ ၁၈ မှ တပ်အချို့ရှိသည်။ လားရှိုးနှင့်တန့်ယန်းကြား၊ လားရှိုးနှင့်သီပေါကြား၊ လားရှိုးနှင့် သိန္နီကြား ဖြတ်တောက်ခံထားရသည်။ သို့မဟုတ် အချိန်မရွေး ဖြတ်တောက်ခံရနိုင်သည်။
လားရှိုးအရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသကို မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က စိုးမိုးထား၏။ လားရှိုးနှင့် သိန္နီတွင် အိမ်ထောင်သည် မိသားစုဝင်များရှိသည့် အခြေစိုက်တပ်ရင်းများ ရှိ၏။
ဟိုပန်-ပန်လုံ
ဟိုပန်-ပန်လုံ ဒေသတွင် စကခ ၁ မှတပ်များနှင့် ထပ်ဖြည့်ထားသည့် စကခ ၁၄ မှ တပ်အချို့ရှိ၏။ သို့သော် အရှေ့ဘက်တွင် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များ၊ နန့်တစ်နှင့် သံလွင်မြစ် အနောက်ဘက်ရှိ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နန့်ဆလပ်တို့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တပ်များ တပ်စွဲထားရာ စစ်ကောင်စီတပ်သည် ဟိုပန်-ပန်လုံတွင် ပိတ်မိနေကြသည်။
နန့်တစ်နှင့် သံလွင်မြစ် အနောက်ဘက်သို့ကူး၍ စစ်တိုက်မည်ဆိုပါက ဤမျှလောက် မိုက်မဲသည့် စစ်ဗိုလ်ချုပ် မရှိဟု ဆိုရမည်။ ဟိုပန်တွင် အိမ်ထောင်သည် မိသားစုဝင်များရှိသည့် ခလရ ၁၄၃ နှင့် ခလရ ၁၄၅ များ အခြေစိုက်သည်။
လောက်ကိုင်၊ တာရွှေထန်
လောက်ကိုင်၊ တာရွှေထန်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တပ်များ၊ စကခ ၁၆၊ စကခ ၁၂ မှ တပ်များအပြင် ထပ်ပို့ထားသည့် စကခ ၁၄၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် (တသခ)၊ တပ်မ ၃၃ စသည်တို့မှ စုပေါင်းစပ်ပေါင်းတပ်ရင်းများ ရှိသည်။
မြောက်ဘက်ရှိ ဟုန်အိုင်၊ မော်ထိုက်၊ ချုံကန်း၊ ကုန်းကြမ်းတို့တွင်လည်းကောင်း၊ တောင်ဘက် ချင်းရွှေဟော်၊ ပါစင်ကျော်တို့တွင်လည်းကောင်း၊ အရှေ့ဘက် နယ်စပ်မှတ်တိုင် ၁၂၇၊ ၁၄၀ တဝိုက်တွင်လည်းကောင်း၊ သံလွင်မြစ်အနောက်ခြမ်း ဖောင်းဆိုင်၊ မုန်းစီးတို့တွင်လည်းကောင်း မြောက်ပိုင်းအဖွဲ့များက ဝိုင်းပတ်ထား၏။
လောက်ကိုင်တွင် အိမ်ထောင်သည် မိသားစုဝင်များရှိသည့် လောက်ကိုင် ဒကစ၊ ခလရ ၂၃၉၊ ခမရ ၃၂၂၊ အမှတ် ၄ ဆက်သွယ်ရေးတပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ) ၃၄၄၊ ၅၅၁ အလုပ်ရုံ တပ်ခွဲ (လျှပ်/စက်) တို့ရှိပြီး တာရွှေထန်တွင် အမှတ် ၉၃၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ) ရှိ၏။
ကွတ်ခိုင်၊ တာမိုးညဲ၊ နန့်ဖတ်ကာ
ရမခမှ တပ်အချို့နှင့် တပ်မ ၉၉ မှ တပ်အချို့ရှိသည်။ တာမိုးညဲအရှေ့ဘက် မုန်းစီး ကျသွားပြီဖြစ်သဖြင့် တာမိုးညဲအခြေစိုက် ခလရ ၂၉၀ သည် အထီးတည်းဖြစ်နေ၏။ ကွတ်ခိုင်နှင့် တာမိုးညဲကြားတွင် အချိန်မရွေး ဖြတ်တောက်နိုင်၏။ ကွတ်ခိုင်နှင့် နန့်ဖတ်ကာအား အချိန်မရွေး ဖြတ်တောက်နိုင်၏။ ကွတ်ခိုင်တွင် ခလရ ၄၅၊ ခလရ ၂၄၁၊ ခလရ ၂၄၂၊ အမတ ၃၄၇ အခြေစိုက်တပ်ရင်းများ ရှိ၏။ နန့်ဖတ်ကာတွင် ခလရ ၁၂၃ အခြေစိုက်တပ်ရင်းအပြင် တပ်မမှ တပ်အချို့ရှိ၏။
ဒီဇင်ဘာ ၁ ရက်နေ့ နန့်ပေါ်တံတား သိမ်းပြီးနောက် နန့်ဖတ်ကာအား စတင်တိုက်လာသည်ကို တွေ့ရ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု မခံရသေးသည်မှာ တာမိုးညဲနှင့် ကွတ်ခိုင်သာ ကျန်တော့၏။
ဒီဇင်ဘာ ၁ ရက်နေ့ နန့်ပေါ်တံတား သိမ်းပြီးနောက် နန့်ဖတ်ကာအား စတင်တိုက်လာသည်ကို တွေ့ရ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု မခံရသေးသည်မှာ တာမိုးညဲနှင့် ကွတ်ခိုင်သာ ကျန်တော့၏။
မူဆယ်၊ ၁၀၅ မိုင်
ရမခ၊ တပ်မ ၉၉ နှင့် စကခ ၁၇ မှ တပ်အချို့ရှိ၏။ မူဆယ်မြို့နှင့် ၁၀၅ မိုင်ကိုသာ ထိန်းထားနိုင်ပြီး ပတ်လည်ရှိ ပွိုင့် ၄၅၆၁၊ လုံခန်၊ ကျင်စန်းကျော့၊ ကြူကုတ် ပန်ဆိုင်း၊ မုန်းကိုးဒေသ၊ ၁၀၅ မိုင်နှင့် နန့်ဖတ်ကြားရှိ နန့်ပေါ်တံတား၊ မူဆယ်နှင့် နမ့်ခမ်းကြားရှိ စယ်လန့်တို့အား မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့က ထိန်းချုပ်ထားနိုင်၏။ မူဆယ်ရှိ ကျန်ရှိသော စခန်းများအား ဝိုင်းပြီး တခုချင်း တိုက်ခိုက်နေပြီဖြစ်၏။
နမ့်ခမ်း
စကခ ၇ မှ တပ်အချို့ စခန်းသစ်ကုန်းတွင်သာ အခြေပြုထားနိုင်သည်။ သို့ဖြစ်ရာ စစ်ကောင်စီတပ်သည် နမ့်ခမ်း စခန်းသစ်ကုန်းတခုတွင် ခုခံနေပြီး ပတ်လည်ရှိ မိုင်းဝီး၊ ပန်ဆေး၊ နမ့်ခမ်း-နန့်ဖတ်ကာ ကြားရှိ စခန်းများ မရှိတော့သည့်အပြင် နမ့်ခမ်းမြို့ကို လက်လွှတ်ထားရ၏။ နမ့်ခမ်းနှင့် မူဆယ်ကြားရှိ စယ်လန့်၊ နမ့်ခမ်းနှင့် နန့်ဖတ်ကာကြားရှိ စခန်းတို့အား မြောက်ပိုင်းအဖွဲ့က ထိန်းချုပ်ထားပြီး နမ့်ခမ်း စခန်းသစ်ကုန်းသည် အထီးတည်း တိုက်ခိုက်ခံနေရ၏။
လက်ရှိ စစ်ရေးအခြေအနေ
စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး စပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်အင်အား ၂၉ ရင်းခန့် ဖြည့်တင်းနိုင်ခဲ့သည်။ အများစုကို လားရှိုး၊ လောက်ကိုင်နှင့် ဟိုပန်တွင် အင်အားဖြည့်တင်းခဲ့၏။
ပြန်လှန်ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သော်လည်း စစ်ရေးလက်ဦးမှု မဲ့နေသဖြင့် ၁၀၂၇ စစ်ဆင်ရေး စပြီး တလကျော်သည်အထိ ပြန်လှန်ထိုးစစ် မစတင်နိုင်ပါ။ ထို့ပြင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း လောက်ကိုင်သို့ဟု ကြွေးကြော်ပြီး လောက်ကိုင်ကို ပတ်ဝိုင်းရုံသာဝိုင်းထားပြီး တဖြည်းဖြည်းချင်းသာ တိုးသည်။
တဖက်တွင် သံလွင်အနောက်ဘက် ဖောင်းဆိုင်၊ မုန်းကိုး၊ ကြူကုတ် ပန်ဆိုင်း၊ ကျင်စန်းကျော့၊ လုံခန်၊ မုန်းပေါ်တို့ကိုသာမက နမ့်ကျွမ်း၊ မုန်းစီးဒေသ စခန်းများနှင့် ချင်းရွှေဟော်၊ ကွမ်းလုံ၊ နန့်ဆလပ်တို့ကို သိမ်းပိုက်ခဲ့သည့်အပြင် သိန္နီကိုပါ ချုပ်ကိုင်ထားခဲ့၏။
လက်ရှိ နမ့်ခမ်း စခန်းသစ်ကုန်းနှင့် မူဆယ်မြို့ရှိ စခန်းများကို စတင်တိုက် ခိုက်နေပြီဖြစ်၏။ ယခုထိ စစ်ကောင်စီဘက်က အချိန်တချို့ တောင့်ခံထားနိုင်သော်လည်း မြေပြင်စစ်ကူ မဖြည့်တင်းနိုင်သည့်အတွက် ရေရှည်တောင့်ခံနိုင်ရန် မလွယ်ကူပေ။ မြောက်ပိုင်းအဖွဲ့များကလည်း မရမချင်း တိုက်နေသည်ဖြစ်ရာ ရေရှည်ခုခံနိုင်ရန် ခက်၏။
မူဆယ်နှင့် နမ့်ခမ်း ကျသွားပါက နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲတို့သည် အန္တရာယ်ဇုန်ထဲ ရောက်သွားပြီ ဖြစ်သည်။ နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲတို့အား တမြို့ချင်း ဖြတ်တောက် တိုက်ခိုက်လာပါက ခလရ ၄၅၊ ခလရ ၂၄၁၊ ခလရ ၂၄၂၊ ခလရ ၁၂၃၊ ခလရ ၂၉၀၊ အမတ ၃၄၇ စသည့် အခြေစိုက်တပ်ရင်းများတွင် အိမ်ထောင်သည်နှင့် ကလေးများရှိရာ အလွယ်တကူ အလံဖြူပြသွားနိုင်သည့် အလားအလာရှိသည်။
လောက်ကိုင်၊ ဟိုပန်၊ လားရှိုးတို့ကို ကာကွယ်ရင်း တပ်အများစုသည် လောက်ကိုင်နှင့် ဟိုပန်တွင် ပိတ်မိနေသည်။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကိုလည်း ပြန်လှန် ထိုးစစ်ဆင်ရန် မဖြစ်နိုင်ပေ။ လားရှိုးသို့ ပြည်မမှ မြေပြင်ထောက်ပို့လမ်းကြောင်းလည်း ပြတ်တောက်နေ၏။ သို့ဖြစ်ရာ နမ့်ခမ်း၊ မူဆယ်ကျသွားပါက နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲကို မြန်မြန်ဆန်ဆန် လက်လွှတ်ရလိမ့်မည်။
ထိုအချိန် အိမ်ထောင်သည် အခြေစိုက်တပ်များရှိသည့်အပြင် စိတ်ဓာတ်ကျဆင်းနေသည့် လောက်ကိုင်ရှိ စစ်တပ်များသည် ပြိုကွဲရန် လွယ်ကူပြီး ဟိုပန်ရှိတပ်များသည်လည်း လုံးပါးပါးရန်သာ ရှိ၏။ ထို့နောက် မြောက်ပိုင်းသုံးဖွဲ့ တပ်များသည် လားရှိုးသို့ ဦးတည်လာပြီး မြို့ကိုခြိမ်းခြောက်သည်ထက် ပိုပေလိမ့်မည်။ ပတ်လည်မှ ပိတ်ဆို့ဖြတ်တောက်ခံထားရသည့် လားရှိုးအတွက် စိုးရိမ်ရေမှတ်သို့ ရောက်သွားပေလိမ့်မည်။
နှစ်ဖက်အင်အား အခြေအနေနှင့် လားရှိုး
မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မဟာမိတ်အင်အားမှာ ၂၀,၀၀၀ ခန့်ရှိသည်။ လက်ရှိ တလကျော်သည့် အချိန်တွင် အင်အားတဝက်ခန့်ကိုသာ သုံးစွဲရသေးပြီး တဝက်ခန့် အသုံးပြုရန် အရန်အဖြစ် ကျန်သေးသည်။ သိမ်းပိုက်ခဲ့သည့်နယ်မြေ များလာသည့်နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်များက စစ်ကောင်စီတပ်ကို ရင်ဆိုင်ရသည့် စစ်မျက်နှာ ကျဉ်းသွား၏။ သိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းမီးကျောက် အမြောက်အများ ရှိသဖြင့် လက်နက်ခဲယမ်းအတွက် ပူရန်မလိုပေ။
မြောက်ပိုင်းသုံးဖွဲ့အနေဖြင့် သိမ်းပိုက်ပြီးသည့် မုန်းကျက်တိုက်ပွဲ၊ ကွမ်းလုံတိုက်ပွဲ၊ ပန်လုံ (မုန်းကိုး) တိုက်ပွဲနှင့် လက်ရှိတိုက်နေသည့် နမ့်ခမ်း စခန်းသစ်ကုန်းတွင်သာ အကျအဆုံး တစုံတရာရှိပြီး ကျန်တိုက်ပွဲများတွင် ပြောပလောက်အောက် ထိခိုက်မှု မရှိပေ။ တလကျော် စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်များမှ ကျဆုံးသည်မှာ ၃၀၀ ခန့်ရှိနိုင်သည်။ ၎င်းတို့အင်အား၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိ၍ ထိခိုက်ဆုံးရှုံးမှု မကြီးပေ။
အောင်ပွဲအများအပြား ရရှိသဖြင့် မြောက်ပိုင်း မဟာမိတ်တို့၏ တပ်များ သည် စိတ်ဓာတ်တက်ကြွနေ၏။
၁၀၂၇ စစ်ဆင်ရေး စတင်စဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရမခ-လားရှိုး၊ ဒကစ-လောက်ကိုင်၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၉၉ နှင့် တပ်မ ၁၀၁၊ စကခ ၇၊ စကခ ၁၇၊ စကခ ၁၂ တို့မှ ထုတ်နုတ်တပ်ရင်းများ အပါအဝင် တပ်ရင်း ၇၀ ခန့်ရှိ၏။ ယေဘုယျ စစ်အင်အား ၇,ဝဝဝ ခန့်ရှိ၏။ ၁၀၂၇ စစ်ဆင်ရေး စပြီး တပ်ရင်း ၂၉ ရင်းခန့် ထပ်ဖြည့်ရာ အင်အား ၃,၀၀၀ ခန့် ရှိသဖြင့် စုစုပေါင်း အင်အား ၁ သောင်းခန့် ရှိလာ၏။
၁၀၂၇ စစ်ဆင်ရေး ပြုလုပ်သည့် တလကျော်အတွင်း သိမ်းပိုက်ခဲ့သည့် စခန်း ၂၀၀ ခန့်မှ စခန်းတခုလျှင် ၁၀ ယောက်ခန့် သေဆုံး၊ အဖမ်းခံရလျှင်ပင် အနည်းဆုံး ၂,၀၀၀ ခန့်ရှိမည်။ တပ်ရင်းလိုက် လက်နက်ချခြင်း၊ တပ်ရင်းလိုက် ချေမှုန်းခံရခြင်းတို့ ပေါင်းလျှင် စစ်ကောင်စီတပ် ပြုန်းတီးအင်အားမှာ ၃,၀၀၀ အထက်ရှိမည်။
အောင်ပွဲအများအပြား ရရှိသဖြင့် မြောက်ပိုင်း မဟာမိတ်တို့၏ တပ်များ သည် စိတ်ဓာတ်တက်ကြွနေ၏။
မြောက်ပိုင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ပြုန်းတီးအင်အားကို နှိုင်းယှဉ်လျှင် ၁:၁၀ ရှိသည်။ ထို့ပြင် အောင်ပွဲဆက်၍ စိတ်ဓာတ်တက်ကြွနေသည့် မြောက်ပိုင်းမဟာမိတ်များနှင့် ရှုံးပွဲဆက်၍ စိတ်ဓာတ်ကျဆင်းနေသည့် စစ်ကောင်စီတပ်ကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ ကွာခြားချက်က လွန်စွာကြီးမားသည်။
စစ်တပ်အတွက် အဓိကပြဿနာမှာ တပ်အင်အား မလုံလောက်ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်အင်အား ထပ်ဖြည့်တပ်ရင်းများသည် တိုင်း၊ တပ်မ၊ စကခ ပေါင်းစုံမှ ထုတ်နုတ်လာသည့် တပ်ရင်းများဖြစ်၏။
ဒီဇင်ဘာ တရက်နေ့က ကိုးကန့်ဒေသ စူကြားကျိုက်နှင့် ဝကြည်ကျိုက်ကြားတွင် အင်အား တရာခန့် ချေမှုန်းခံရသည့် စစ်ကြောင်းသည် စကခ ၁၂ မှူး ဦးစီးသည့်စစ်ကြောင်းဖြစ်၏။ ပါဝင်သည့်တပ်များမှာ အင်အား ၂၈၀ မှ ၃၀၀ ကြားရှိစစ်ကြောင်းဖြစ်သည်ဟု သိရ၏။ တပ်ရင်းတရင်းစီကို စုပေါင်းစပ်ပေါင်း ကွပ်ကဲရန် စစ်ရေးပြကွင်းတွင် လွယ်ကူသော်လည်း စစ်မြေပြင်တွင် ကွပ်ကဲရန် မလွယ်ပေ။
ထို့ပြင် ထိုတပ်များသည် မော်ထိုက်ဒေသတွင် အထိနာပြီး ဆုတ်ခွါလာရာမှ ကုန်ကြမ်းဒေသတွင် ထပ်မံအတိုက်ခံရ၍ ဆုတ်ခွါလာရသည့် စိတ်ဓါတ်ကျဆင်းနေသည့် တပ်များဖြစ်၏။ တပ်အင်အားမလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓါတ်ကျဆင်းနေသည့် စစ်တပ်သည် ဦးကျိုးနေသည်သာ။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတခုလုံးကို ကာကွယ်ရန်နှင့် ဆုံးရှုံးသွားသော နယ်မြေနှင့်တပ်စခန်း ၂၀၀ ကျော်အား ပြန်လည်သိမ်းပိုက်ရန် လုံလောက်သည့်အင်အား စစ်ကောင်စီတပ်တွင် မရှိတော့ပေ။ နမ့်ခမ်း၊ မူဆယ်၊ နန့်ဖတ်ကာ၊ တာမိုးညဲ၊ ကွတ်ခိုင်တို့သည် တခုချင်း ကျဆုံးသွားနိုင်ခြေများနေ၏။
အဘယ်ကြောင့်ဆိုသော် ခံစစ်စည်း ကျိုးပျက်နေ၍ ဖြစ်၏။ ပုံမှန် စစ်ကြောင်းတကြောင်း အထိုင်ခံစစ်ယူထားပါက လှုပ်ရှားစစ်ကြောင်း တကြောင်းဖြင့် ခံစစ်စခန်းများကို ပြန်လည် ထောက်ကူပြုရသည်။ လက်ရှိ မြန်မာစစ်တပ်တွင် အထိုင် ခံစစ်စခန်းများသာရှိပြီး ထိုခံစစ်စခန်းများအား ထောက်ကူပြုသည့် လှုပ်ရှားစစ်ကြောင်းများ မရှိတော့ပေ။
တပ်အင်အားမလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓါတ်ကျဆင်းနေသည့် စစ်တပ်သည် ဦးကျိုးနေသည်သာ။
လေကြောင်းပစ်ကူသက်သက်မျှနှင့် ရေရှည်တွင် ထိုခံစစ်စခန်းများကို ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။ လောက်ကိုင်သည် ရေရှည်တောင့်ခံရန် မလွယ်ကူ။ ဟိုပန်၊ ပန်လုံက အလိုလို ပိတ်မိနေသည်။ လားရှိုးမြောက်ပိုင်းရှိ ကျန်မြို့များ ကျသွားပါက မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ တပ်များသည် လားရှိုးအား လေးမျက်နှာပတ်လည်မှ ချဉ်းကပ် ခြိမ်းခြောက်လာမည်ဖြစ်ပြီး လားရှိုးသည် တောင့်ခံရန် မလွယ်တော့။ လက်လွှတ်ရခြေ များသွားပြီဖြစ်၏။ ဟိုပန်၊ ပန်လုံကတော့ သေနတ်သံတချက်မှ မဖောက်ရဘဲ UWSA လက်ထဲသို့ ရောက်သွားနိုင်၏။
လားရှိုးကို ကာကွယ်ရန်အတွက် လားရှိုးနှင့် ပြင်ဦးလွင်ကြား ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းသိမ်းရန် အနည်းဆုံး တပ်မ နှစ်ခုလို၏။ လားရှိုးအရှေ့ဘက် မုန်းကျက်၊ မုန်းယော် ဂွင်အား ထိန်းရန် အနည်းဆုံး တပ်မတခုလိုသည်။ လားရှိုးနှင့် တန်ယန်းကြား ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းရန် အနည်းဆုံး ဗျူဟာတခု လိုသည်။ လားရှိုးနှင့် စကခ ၁၆ (သိန္နီ မျက်နှာချင်းဆိုင်) အထိ ဆက်သွယ်ထောက်ပို့လမ်းအား ထိန်းပြီး ခံစစ်ဆင်ရန် အနည်းဆုံးတပ်မ နှစ်ခုခန့် လိုသည်။ လားရှိုးမြို့ပတ်လည် ခံစစ်အတွက် တပ်မတခုခန့် လို၏။ သို့မှသာ လားရှိုးခံစစ်ကို ထိန်းထားနိုင်ပေလိမ့်မည်။
သို့သော် လက်ရှိတွင် လားရှိုးကို ကာကွယ်နိုင်ရန် လုံလောက်သည့်အင်အား မရှိပေ။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့များနှင့် စခန်း ၂၀၀ ကျော် လက်လွှတ်ခဲ့ရပြီး မိသားစုများပါ တပ်ရင်းဌာနချုပ်အလိုက် နှစ်ရင်း လက်နက်ချထားပြီး တပ်မမှူးအဆင့်အထိ အကျအဆုံး များပြားသည်။ သုံ့ပန်း များပြားသည်။ ဆုံးရှုံးရသည့် လက်နက်ခဲယမ်း များပြားသည်။ ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေ၏။
အခြားဒေသများမှ တပ်များ ထုတ်နုတ်ရပါက ထိုဒေသများကို လက်လွှတ်ရမည်ဖြစ်၏။ ယခု တပ်ရင်းအချို့ ထုတ်နုတ်သည်နှင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီတို့တွင် လက်တွေ့ကြုံနေရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်အင်အား ထပ်မံဖြည့်တင်းရန် ခက်ခဲ၏။
လက်ရှိတွင် ဆုံးရှုံးမည့် အလားအလာရှိနေသည့် လောက်ကိုင်၊ ဟိုပန်-ပန်လုံ၊ ကွတ်ခိုင်-တာမိုးညဲ-နန့်ဖတ်ကာ- မူဆယ်-နမ့်ခမ်းတို့အား လက်လွှတ်ပြီး ထိုဒေသများမှ တပ်များအား လားရှိုးခံစစ်အတွက် ပြင်ဆင်ပါက ရနိုင်သေးသည်ဟု ဆိုနိုင်၏။
သို့သော် စစ်ကောင်စီတပ်သည် ထိုသို့လုပ်လိမ့်မည် မဟုတ်။ ၎င်းတို့အနေနှင့် အခြေအနေကို မှန်ကန်စွာ တွက်ချက်နိုင်စွမ်း မရှိကြပေ။ ထိုဒေသများကို ထိန်းသိမ်းထားနိုင်မည်ဟု လွဲမှားစွာ ကောက်ချက်ချနေ၍ ဖြစ်၏။ ဒုတိယအချက်မှာ ယခုအချိန်တွင် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခွာစစ် မဆင်ရဲပေ။ အကြောင်းမှာ ခွာစစ်ဆင်ရာတွင် မထိန်းနိုင်ပါက တပ်ပြိုသွားနိုင်၍ ဖြစ်သည်။
ယခုအချိန်တွင် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခွာစစ် မဆင်ရဲပေ။ အကြောင်းမှာ ခွာစစ်ဆင်ရာတွင် မထိန်းနိုင်ပါက တပ်ပြိုသွားနိုင်၍ ဖြစ်သည်။
စစ်တပ်သည် လက်ရှိ ၎င်း၏ စစ်အင်အားနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် သေနင်္ဂဗျူဟာအရ မည်သည့်အရာကို ထိန်းချုပ်၍ ခံစစ်ဆင်မည်ကို ရွေးရမည့်အခြေအနေ ဖြစ်၏။ အားလုံးကို ထိန်းချုပ်လိုလျှင် အားလုံးကို စွန့်လွှတ်ရမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေမှာ စစ်တပ်က လားရှိုးကို ထိန်းမည်လော၊ လားရှိုးကိုပါ စွန့်လွှတ်မည်လောဆိုသည့် မေးခွန်းကိုဖြေရမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။ သို့သော်လည်း မိုက်မဲသော မြန်မာစစ်ခေါင်းဆောင်များသည် အခြေအနေမှန်ကို မြင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ဘဲ အရာအားလုံးကို စွန့်လွှတ်ရမည် ဖြစ်၏။
စစ်ကောင်စီခေါင်းဆောင်များ တွက်ချက်ထားသည်မှာ စခန်းများကို တိုင်းရင်းသားအဖွဲ့များက လာ၍တိုက်ကြသည်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် မြန်မာစစ်တပ်က ရွပ်ရွပ်ချွံချွံခုခံသဖြင့် တိုင်းရင်းသားတပ်များ လန်ကျ ပြန်ဆုတ်သွားပြီး မြန်မာစစ်တပ် အောင်ပွဲရသည်ဟူသည့်အဖြေ ဖြစ်သည်။ ဤအခြေအနေသည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်၏။
ယခုကား စစ်အင်အားနှင့် စစ်လက်နက်ခဲယမ်းကို စနစ်တကျ စုစည်းထားသည့် မြောက်ပိုင်းမဟာမိတ်များ၏ လွတ်မြောက်ရေး ထိုးစစ်ဖြစ်သည်။ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ ပေါက်မြောက်အောင် တိုက်ခိုက်မည့် စစ်ဆင်ရေးဖြစ်၏။
လက်ရှိစစ်ရေးအခြေအနေအရ ၁၀၂၇ စစ်ဆင်ရေးသည် လားရှိုးမြို့ကို ခြိမ်းခြောက်နေပြီဖြစ်၏။ စစ်ပွဲအခင်းအကျင်းများသည် ဖြစ်နိုင်ခြေများကို ဖော်ညွှန်းနေကြသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်