၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၅၃ ခုကို ညီနောင်မဟာမိတ်များ၏ အကူအညီဖြင့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော် (AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည်။
ယင်းစစ်ဆင်ရေး ၁ လနှင့် ၉ ရက်အကြာတွင် စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေး စုစုပေါင်း ၅၃ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ထားခြင်း ဖြစ်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ကျနော်တို့ဘက်ကတော့ စခန်းပေါင်း ၅၃ ခုပေါ့။ မဟာမိတ်ဘက်ကတော့ ၂၀၀ ကျော်သွားပြီ၊ ၂၃၀ လောက်ရှိပြီ” ဟု ဆိုသည်။
TNLA က သိမ်းပိုက်ထားသည့် စစ်စခန်းများမှာ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုးမိတ်၊ တန့်ယန်းနှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီစခန်းများဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါမြို့များအနက် နမ့်ခမ်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်း ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း စခန်း ၁၆ ခုကို TNLA က ထိန်းချုပ်ထားကြောင်း၊ နောင်ချိုနှင့် ကွတ်ခိုင်မြို့များမှာ ဒုတိယအများဆုံး တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့နယ်များ ဖြစ်ပြီး တမြို့နယ်လျှင် စခန်း ၆ ခုထိရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်တွင် TNLA သည် မူဆယ်မြို့နယ်တောင်ဘက်ရှိ နမ့်ပေါ် စစ်ကောင်စီတပ်စခန်းနှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဉ့်အင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့မှ မိုင်းလုံ တပ်စခန်းနှင့် နမ့်ခမ်းမြို့နယ်တောင်ဘက်ရှိ မိုင်းဝီးတပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့သည်။
မိုင်းလုံတပ်စခန်းသည် စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၈၈ ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ပြီး TNLA တပ်မဟာ (၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဝင်တိုက်ချိန် စစ်ကောင်စီတပ် သားများ ဆုတ်ခွာထွက်ပြေးသွားကြောင်း TNLA ဘက်က ဆိုသည်။
TNLA တပ်ဖွဲ့ဝင်များက မိုင်းလုံတပ်စခန်းကို ဝင်ရောက်ရှင်းလင်းသည့်အခါတွင် ၆၀ မမ စိန်ပြောင်း ၂ လက်နှင့် ၈၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် သေနတ် ၁၃ လက်၊ ခဲယမ်းမီးကျောက်များ ရရှိခဲ့ကြောင်း သိရသည်။
မိုင်းဝီးတပ်စခန်းသည်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ လက်အောက်ခံ တပ်ရင်း ၂ ရင်းထိုင်သည့် တပ်စခန်းဖြစ်ပြီး TNLA က ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရသည့်စခန်းလည်း ဖြစ်သည်။
မိုင်းဝီးစခန်းကို ဒီဇင်ဘာ ၂ ရက်တွင် TNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် ည ၁၂ နာရီဝန်းကျင်မှသာ စခန်းတခုလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဝီးစစ်ကောင်စီတပ်စခန်းမှ ၆၀ မမ စိန်ပြောင်းနှင့် သေနတ် ၁၀ လက်ခန့်ရခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “စစ်ကောင်စီကတော့ သူတို့မြေပြင်မှာ စစ်ကူလာရောက် ပေးနိုင်တာ သိပ်မတွေ့ရဘူး။ လေကြောင်းအားကိုးတာ တွေ့ရတယ်။ လက်နက်ကြီးကို အားပြုပြီးတော့မှ တိုက်ခိုက်တာ တွေ့ရတယ်” ဟု ဆိုသည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ TNLA ဘက်က ထုတ်မပြောပေ။
စစ်ရေးလေ့လာသုံးသပ်သူတဦးက TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့၏ တပ်မဟာ (၇) ခု လှုပ်ရှားရာ ဒေသများဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ နှင့် နောင်ချို စသည့်မြို့နယ်များတွင် စစ်ကောင်စီစခန်းများကို တိုက်ခိုက်ကာ နယ်မြေစိုးမိုးရေးလုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေပုံရကြောင်း ဆိုသည်။
၎င်းက “အခုက သူ့လှုပ်ရှားဂွင် ပိုကျယ်လာပါတယ်။ ဥပမာအားဖြင့် သူ့ဂွင်ထဲမှာကျန်သေးတဲ့ မန်တုံတို့၊ နမ့်ဆန်တို့တော့ ကျန်နေသေးတာပေါ့။ ဒါပေမယ့် စစ်ကောင်စီစခန်း တော်တော်များများ ပြုတ်သွားတော့ သူ့ရဲ့ လှုပ်ရှားဂွင်ကတော့ အရင်ကထက်ပိုကျယ်လာပြီ” ဟု သုံးသပ်ပြောဆိုသည်။
You may also like these stories:
လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်
မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်
စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်
မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်














